ကျောင်းသားများ၏ အင်္ဂလိပ်စာ တက်မြောက်မှု ဆာဗေးပြု ရလဒ်များအရ အန္ဒိယနှင့် တရုတ် ကျောင်းသားများမှာ အဆင့်တူကြောင်း တွေ့ရှိရသည်။ မလေးရှား ကျောင်းသားများ မှာ အာရှတိုက်တွင်း၌ ပထမနေရာတွင် ရှိပြီး တကမ္ဘာလုံး အဆင့်တွင် နံပါတ် ၉ နေရာတွင် ရှိနေသည်။
ထိပ်တန်းအဆင့် ရောက်နေသည့်အတွက် ဂုဏ်ယူကြောင်းကို မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇက်က ပြောဆိုလိုက်သည်။ တရုတ်ကို အိန္ဒိယနှင့် တန်းတူ တွေ့ရသဖြင့် အံ့အားသင့်မိကြောင်း the New Straits Times သတင်းစာက ရေးသားထားသည်။
“အင်္ဂလိပ်စကား ပြောဆိုတဲ့ အိန္ဒိယလိုနိုင်ငံက နောက်ရောက်နေရတာ အံ့သြစရာပါပဲ။ ဗြိတိသျှ ကိုလိုနီစနစ်အောက်က တိုင်းပြည်ဖြစ်ခဲ့ဖူးပြီး လူဦးရေ အများစုကြီးက အင်္ဂလိပ်စကားပြောဆိုတဲ့နိုင်ငံအတွက် အံ့သြစရာပါ။ တရုတ်နဲ့ အဆင့်တူဖြစ်နေပြီ။” အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။
မလေးရှားဝန်ကြီးချုပ်က သိပ္ပံနှင့် သင်္ချာ ဘာသာရပ်တို့ကို မိခင်ဘာသာစကားအပြင် အင်္ဂလိပ်စာနှင့်လည်း သင်ကြားသွားမည်ဟု အစိုးရ၏ အစီအစဉ်ကို ထုတ်ဖော်ပြောပြခဲ့သည်။
ဘာဟာစာမလေးရှားစကားမှာ ကျောင်းတွင် အသုံးပြုမှု ကျဆင်းလျက်ရှိနေသည်။
အင်္ဂလိပ်စကားကို နိုင်ငံခြားဘာသာစကားတစ်ခုအနေဖြင့်သာ သင်ကြားသည့် စကန်ဒီနေးဗီးယားတိုင်းပြည်များ (နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်) တို့တွင် ပုံမှန်အခြေအနေရှိသည်။
“တကမ္ဘာလုံး၏ စီးပွားရေးနှင့် ကုန်သွယ်မှုမှာ အင်္ဂလိပ်စာတတ်မှ ဖြစ်မယ်ဆိုတာကို ဥရောပမြောက်ပိုင်းနိုင်ငံတွေက နားလည်းပြီး စိတ်အားထက်သက်မှု ရှိနေသလိုမျိုး မလေးရှားလူမျိုး တိုင်းဟာလည်း ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မျက်မှောက်ကမ္ဘာကြီးမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် အင်္ဂလိပ်စာကို တိုးမြှင့်လေ့လာကြရပါလိမ့်မယ်” NST သတင်းစာကဆို၏။
မြန်မာကျောင်းသားများအနေဖြင့် သူငယ်တန်းမှစတင်ပြီး ၁၀ တန်းရောက်သည်အထိ အင်္ဂလိပ်စာကို လေ့လာကြရသည်။ ရေးသား၊ ပြောဆိုမှု စွမ်းရည် ၄ မျိုး ဆက်ဆံရေးပိုင်းနှင့် အသုံးချတတ်မှုပိုင်းတွင် ပြီးခဲ့သည့် အနှစ် ၂၀ နှင့် နှိုင်းယှဉ်သော် တိုးတက်မှု အနည်းငယ် ရှိနေကြောင်းကို မွန်ပြည်နယ်မှ အင်္ဂလိပ်စာ သင်တန်းကျောင်း ဖွင့်လှစ်ထားသည့် ဆရာတစ်ဦးက မောက္ခသို့ ပြောပြခဲ့သည်။
“တကယ်တမ်းမှာတော့ ကျွန်တော်တို့ ကလေးတွေ မညံ့ကြပါဘူးဗျာ။ သူတို့မှာ စိတ်အားထက်သန်မှုလည်း ရှိကြပါတယ်။ ကျောင်းအားလပ်ရက်တွေဆို ကျနော်တို့ သင်တန်းတွေ လူပြည့်နေတာကိုပဲ ကြည့်ပါ။ မြို့တွေအပြင် နယ်ဖက်တွေမှာလည်း အင်္ဂလိပ်စာ သင်တန်းတွေ တိုးပွားလာနေတာပါ။” သင်တန်းဆရာ ဦလှအောင်က ရှင်းပြခဲ့သည်။
“ဒါပေမဲ့ ကျောင်းက ပြင်ဆင်ပေးဖို့ ပိုလိုအပ်ပါသေးတယ်။ ၁၀ နှစ်လောက် သင်ကြားပြီးတဲ့ အခါမှာတော့ စွမ်းရည် ၄ မျိုးစလုံးကို intermediate အဆင့်လောက် ၀င်သင့်ပါတယ်။ အနာအကြားနဲ့ ပြောဆို၊ ရေးသားရမယ့် ဆက်ဆံရေး စွမ်းရည်တွေ ဖွံ့ဖြိုးလာအောင် အများကြီး အကူအညီပေးသင့်ပါတယ်။ အဓိက ပြဿနာ ကတော့ ကျောင်းဆရာများရဲ့ စွမ်းရည်၊ သင်ကြားနည်း ပြဿနာနဲ့ သင်ထောက်ကူ ရှားပါးနေဆဲပါ။”
အင်္ဂလိပ်ဘာသာဖြင့်သာ လေ့လာကြရသည့် နိုင်ငံခြား တက္ကသိုလ်များတွင် တက်ရောက်ကြရသည့်အခါ မြန်မာကျောင်းသား အများစုကြီးမှာ အခက်အခဲ ရှိနေဆဲဖြစ်ကြောင်းကို သိရပါသည်။ နိုင်ငံခြားပညာတော်သင် ကျောင်းသူတစ်ဦးဖြစ်သူ မဟန်နီစိုးက ယခုလို ရှင်းပြခဲ့သည်။
“သမီးက အခု တတိယနှစ် လူမှုစီးပွားရေးနဲ့ စီမံ မေဂျာနဲ့ ထိုင်းတက္ကသိုလ်မှာ တတ်ရောက်နေတာပါ။ အင်္ဂလိပ်စာ အခက်အခဲရှိပါတယ်။ အင်္ဂလိပ်စာအတွက် Toefl ဖြေခဲ့ပါတယ်။ IELTS လည်း တက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အမှတ်ရဖို့ အဓိက တက်ခဲ့တာလေ။ အထက်တန်း ကျောင်းမှာကတည်းက အဆင့်တခုရောက်အောင် လေ့လာခွင့် ရခဲ့ရင် ပိုကောင်းမယ်။ နောက်ပြီးတော့ ဘာသာရပ်တွေကို သင်ကြားတဲ့အခါမှာ မြန်မာ ဆရာဆရာမတွေက အင်္ဂလိပ်လို မပြောကြဘူး”
မောက္ခ ပညာရေးသတင်း
Source: NST နှင့် အင်တာဗျူး
0 ( မှတ်ချက်ရေးချင်ရင် )