ဘုရား အလောင်းတော် သည် အာဟာရ ကို ပြန်လည် မှီဝဲ ပြီး စတုထ္တ ဈာန် အထိ ရအောင် ကြိုးပမ်းတော် မူ၏။ မဟာ သက္ကရာဇ်(၁၀၃)၊ကဆုန် လပြည့် မနက် စောစော ၌ ပညောင်ပင်(ဗောဓိ ညောင်ပင်) ခြေရင်း ၌ စတုတ္ထ ဈာန် ကို ၀င်စား တော် မူ၏။
ညဥ့်ဦးယံ ရောက်သော အခါ ဘုရား အလောင်းတော် သည် မိမိ နှင့်တကွ သတ္တ၀ါ အပေါင်း ၏ အတိတ် ဘ၀ သံသရာ ကို ဆင်ခြင် အောက်မေ့ နိုင်သော ဥာဏ်မျက်စိ ကို ရရှိ လေ၏။ ထို ဥာဏ်မျက်စိ ၏ သတ္တိဖြင့် သတ္တ၀ါ တို့သည် ကုသိုလ် ကို ပြုခြင်း အကြောင်း ကြောင့် ကုသိုလ် အကျိုး ကို ရရှိပြီး အကုသိုလ် ကို ပြုခြင်း အကြောင်းကြောင့် အကုသိုလ် အကျိုး ကို ရရှိ ကြပုံ ကို မြင်ရ လေ၏။ သတ္တ၀ါ အများစု သည် အပါယ် လေးဘုံ ကိုသာ မိမိ တို့၏ အမြဲ လဲလျောင်း ခိုအောင်းရာ နေအိမ် အဖြစ် တ၀ဲ လည်လည် အနေများ အဖြစ်များ သည်ကို မြင်ရ လေ၏။ မိဘ မှ သားသမီး ဖြစ်လိုက်၊ ဗြဟ္မာ ဘ၀မှ ၀က် ဖြစ်လိုက်၊ ဘုရင် ဘ၀မှ သူတောင်းစား ဖြစ်လိုက်၊ယောကျာ်း ဘ၀မှ မိန်းမ ဖြစ်လိုက်၊ သူတော်ကောင်း ဘ၀မှ သူယုတ်မာ ဖြစ်လိုက် နှင့် ကပြောင်း ကပြန် ရှက်ဖွယ် လိလိ သံသရာ ၏ သဘာဝ ကို မြင်ရ လေ၏။ ဤ အမြင်များ သည်ကား အတ္တ ခြုံလွှာ ကို ခွာချရန် ပထမ ဦးဆုံး အဆင့် ပြင်ဆင်ခြင်း ဖြစ်လေ ၏။ ဤသို့ ဆင်ခြင် နိုင်သော ဥာဏ်တော် ကို ပါဠိလို ပုဗ္ဗေ နိဝါသဥာဏ် ဟူ၍ ခေါ်ဆို ရလေ၏။
သန်းခေါင်ယံ ရောက် သောအခါ ဘုရား အလောင်းတော် သည် စကြာဝဠာ အနန္တ ရှိ သတ္တ၀ါ အပေါင်းတို့ကို အကြွင်း မရှိ မြင်နိုင် သော ဥာဏ် မျက်စိ ကို ရရှိတော် မူလေ၏။ ထိုအခါ သတ္တ၀ါ အနန္တ တို့ သည် နေရာ ဌာန အသီးသီး၌ တလှုပ်လှုပ် တရွရွ လုပ်ကြ ကိုင်ကြ သည်ကို မြင်ရ လေ၏။ လုပ်ရင်း ကိုင်ရင်း တဖြုတ်ဖြုတ် သေကြ ပျက်ကြ သည်ကိုလည်း မြင်ရ၏။ သေကြ ပျက်ကြ သော သတ္တ၀ါများ သည် တမုဟုတ်ချင်း ပင် နောက် ဘ၀သစ် တစ်ခုကို အစပျိုးရန် ပဋ္ဋိသန္ဓေ ယူနေကြ ရသည် ကို မြင်ရ လေ၏။ ဤသို့ လျင် စကြာဝဠာ အနန္တ ရှိ သတ္တ၀ါ အသီးသီး တို့သည် မွေးကြ သေကြ နှင့် အချည်းနှီး သော လောက ၏ သဘာဝ ကို တွေ့ရ လေ၏။ဤ အမြင်များ သည်ကား အတ္တ ခြုံလွှာ ကို ခွာချရန် ဒုတိယ အဆင့် ပြင်ဆင်ခြင်း ဖြစ်သည်။ ဤသို့ ဆင်ခြင် နိုင်သော ဥာဏ်တော် ကို ပါဠိလို ဒိဗ္ဗစက္ခုဥာဏ်တော် ဟူ၍ ခေါ်ဆိုရ လေ၏။
မိုးသောက်ယံ သို့ ရောက်သော အခါ ဘုရား အလောင်းတော် သည် သတ္တ၀ါ တို့၏ ကြောင်းကျိုး ဖြစ်စဉ် ကို ဆင်ခြင်တော် မူလေ၏။ သတ္တ၀ါ တို့ အတွက် အိုခြင်း၊ နာခြင်း၊ သေခြင်း တရားများ သည် ဘေး ဒုက္ခ များပင် ဖြစ်၏။ စိုးရိမ် ပူပန် ရခြင်း၊ ငိုကြွေး ရခြင်း၊ ကိုယ် ဆင်းရဲရခြင်း၊စိတ် ဆင်းရဲရခြင်း၊ပြင်းစွာ ပူလောင်ရခြင်း တရား များ သည်လည်း ဘေး ဒုက္ခ များပင် ဖြစ်သည်။
ဤ ဘေး ဒုက္ခများ ဖြစ်ရခြင်း ၏ အကြောင်းရင်း ကို ဆင်ခြင် ကြည့်သော အခါ မွေးခြင်း (ဇာတိ) ကို တွေ့ရ ၏။ ဇာတိ ဖြစ်ရခြင်း ၏ အကြောင်းရင်း ကို ဆင်ခြင် ကြည့်သော အခါ အတိတ်ဘ၀ က ပြုခဲ့သော ကုသိုလ်ကံ၊ အကုသိုလ်ကံ၊ ဈာန် တရားကံ များကြောင့် ဖြစ်သည်ကို တွေ့ရ၏။ ကုသိုလ် အကုသိုလ် စသည် ဖြစ်ရခြင်း (ပြုရခြင်း) အကြောင်းရင်း ကို ဆင်ခြင်ကြည့်သော အခါ လောက သဘာဝ တရားများ ကို အမှန် အတိုင်း မသိမြင်ခြင်း (အ၀ိဇ္ဇာ) ကြောင့် ဖြစ်ရသည် (ပြုရသည်) ကို တွေ့ရ လေသည်။
ဘုရား အလောင်းတော် သည် သတ္တ၀ါ တို့၏ ဖြစ်စဉ်ကို ပိုမို အသေးစိတ် ၍ ဆင်ခြင်တော် မူ၏။ ထိုအခါ လောက သဘာဝ ကို အမှန်အတိုင်း မသိမြင်ခြင်း ( အ၀ိဇ္ဇာ) ကြောင့် ကံမြောက်သော ကုသိုလ်၊ အကုသိုလ၊် ဈာန် ဇော စိတ်များ (သင်္ခါရ) ဖြစ်ရသည် ဟုသိ၏။ ကုသိုလ် အကုသိုလ် ဈာန် ဇောစိတ်များ (သင်္ခါရ) ၏ အကျိုး ကြောင့် ပဋ္ဋိသန္ဓေ သိစိတ် (၀ိဥာဏ်) ဖြစ်ရသည် ကို သိရ၏။ ၀ိဥာဏ် ကို မှီတွယ် ၍ နာမ်ရုပ် တို့ ဖြစ်ရသည် ကို သိရ၏။ နာမ်ရုပ် တို့ကြောင့် မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် တည်းဟူသော ဒွါရ ခြောက်ပါး နှင့် အဆင်း အသံ အနံ့ အရသာ အတွေ့ ကြံတွေးစရာ တည်းဟူသော အာရုံ ခြောက်ပါး (သဠာယတန)တို့ ဖြစ်ပေါ် ရသည်ကို သိရ၏။ သက်ဆိုင်ရာ အာရုံ ဒွါရ အသီးသီး တို့ ထိတိုက်မိ (ဖဿ)၍ ကောင်း၊ ဆိုး၊ လယ်လတ် ခံစားမှု (ဝေဒနာ) ပေါ်လာ သည်ကို သိရ၏။ ကောင်းသော ခံစားမှု နှင့် အလယ် အလတ် ခံစားမှု တို့နှင့် ကြုံသော အခါ တပ်နှစ်သက် ခြင်း၊ မကောင်း သော ခံစားမှု ကို ကြုံသော အခါ နောင် ကြုံတွေ့ ရလတ္တံ့ သော ကောင်းသော ခံစားမှု ကို မျှော်ကိုးကာ တပ်နှစ်သက်ခြင်း (တဏှာ) ဖြစ်ပေါ် လာသည် ကို တွေ့ရ၏။ တပ် နှစ်သက်ခြင်း ကြောင့် ငါ ပိုင်သည် ဟု စွဲလန်းခြင်း၊ ငါ ခံစားသည် ဟု စွဲလန်းခြင်း(ဥပါဒါန်) ဖြစ်ပေါ် လာသည် ကို တွေ့ရ ၏။ စွဲလန်းခြင်း ကြောင့် တဖန် ကံ မြောက်သော ကုသိုလ်၊ အကုသိုလ်၊ ဈာန်ဇော စိတ် (ကမ္မဘ၀) တို့ ဖြစ်(ပြု)လာသည် ကိုလည်း တွေ့ရ၏။ ထို ကုသိုလ်၊ အကုသိုလ် ဈာန်ဇော စိတ် တို့ကြောင့် မွေးခြင်း(ဇာတိ)ဖြစ် ရသည်ကို တွေ့ရ၏။ မွေးခြင်း (ဇာတိ)ကြောင့် အို၊ နာ၊ သေဘေး တို့နှင့် ကြုံရသည် ကိုလည်း သိမြင်ရ လေသည်။
ထို့ကြောင့် အရိယာ တို့ သိအပ် သော သဘာဝ အမှန် သစ္စာ (အရိယ သစ္စာ) ကိုသာ ပညာ အစစ် (၀ိဇ္ဇာ)ဖြင့်သိလျင် ငါ က ပြုသည် ဟု စွဲလန်း (တဏှာ၊ဥပါဒါန်) မည် မဟုတ်။ မစွဲလန်း လျင် ကုသိုလ် အကုသိုလ် ဈာန်၏ အကျိုး (၀ိပါက) ဟူ၍ပင် ရှိမည် မဟုတ်(ကြိယာ)။ ကုသိုလ် အကုသိုလ် ဈာန်၏ အကျိုး(၀ိပါက)မရှိလျင် နောက် ဘ၀ ပဋ္ဋိသန္ဓေ စိတ် (၀ိဥာဏ်) ဖြစ်မည် မဟုတ်။ ၀ိဥာဏ် မဖြစ်လျင် ဒုက္ခ အဆက် ပြတ်သည် ဟု သိမြင် လေ၏။ ဤ သိမြင် မှုများ သည်ကား အတ္တ ခြုံလွှာကို ခွာချ ရန် နောက်ဆုံး ပြင်ဆင်ခြင်း ဖြစ်သည်။ ထိုသို့ အကြောင်းကြောင့် အကျိုး ဖြစ်သည် ကို ဆင်ခြင် ထားသည့် တရားကို နောင်တွင် ပရိသတ်အား ပြန်လည် ဟောပြ သောအခါ ပဋ္ဋိစ္စသမုပ္ပါဒ် တရားတော် ဟု တွင်လေ၏။
ဤသို့ ဆင်ခြင်ပြီး ၍ မိမိ ခန္ဓာရှိ ရုပ်တရား နာမ်တရား တို့ အပေါ် ၀ိပဿနာ ဥာဏ် တင်၍ အထူး စောင့်ကြည့် သောအခါ ရုပ်တရား နာမ်တရား တို့၏ မမြဲခြင်း သဘောကို သိမြင်ရ သည်။ မမြဲသဖြင့် ဆင်းရဲ ငြီးငွေ့ဖွယ် ကောင်းသည် ကို သိမြင် လာသည်။ ငြီးငွေ့ သဖြင့် စွန့်ချင် လာပြီး ဥာဏ် ပြည့်ဝ သော အခါ ပထမ အကြိမ် ရုပ်တရား နာမ်တရား တို့၏ ဖြစ်ခြင်း ပျက်ခြင်း သဘောကို စွန့်ခွာ၍ အဖြစ် အပျက် ကင်းသည့် နယ် (အသင်္ခတ) ထဲသို့ မျက်မှောက် ပြု လေ၏။ (သောတာ ပတ္တိမဂ်)။ ဤကား ပထမ အကြိမ် အတ္တခြုံလွှာ ကို ခွာချခြင်း ဖြစ်လေ သည်။ ဤနည်း အတိုင်းပင် ဒုတိယ အကြိမ် (သကဒါဂါမိမဂ်)၊ တတိယ အကြိမ် (အနာဂါမိမဂ်) အားဖြင့် လည်း ရုပ်တရား နာမ်တရား တို့၏ ဖြစ်ခြင်း ပျက်ခြင်း သဘောကို စွန့်၍ အဖြစ် အပျက် ကင်းသည့် နယ်(အသင်္ခတ) ထဲ သို့ မျက်မှောက် ပြုတော် မူလေ၏။ ဤကား ဒုတိယ၊ တတိယ အကြိမ် အတ္တခြုံလွှာ ကို ခွာချခြင်း ဖြစ်လေ သည်။
စတုတ္ထ အကြိမ် ခွာချပြီးသော အခါ၌ ကား အတ္တခြုံလွှာ သည် အလျင်း ကင်းပျောက် ၍ အကြောင်းကြောင့် ဖြစ်ပေါ် လာသော အကျိုး တရားတို့ ဖြစ်ပျက် ပြောင်းလဲ နေသည့် သဘောကို ထင်ရှား ပြတ်သားစွာ သိမြင်သည့် ၀ိဇ္ဇာဥာဏ် (အရဟတ္တမဂ်) သည် မြတ်ဘုရား ၌ ထင်ရှား ဖြစ်ပေါ် ၍ လာပေ တော့သည်။
ထိုအခါ လောက သည် အတ္တ မဟုတ် အနတ္တ သာတည်း ဟု သိမြင်သော အတုမရှိသည့် ပုဂ္ဂိုလ်မြတ် သည် မဟာ ကရုဏာတော်၊ သဗ္ဗညုတ ဥာဏ်တော် တို့ တည်းဟူသော အားအစွမ်း တို့ဖြင့် အရုဏ်တက် နေမင်း နှင့်အတူ ထင်လင်းစွာ ပွင့်ထွန်းတော် မူလာခဲ့ ပါတော့ သည်။
ကိုးကား
ပဋ္ဋိစ္စသမုပ္ပါဒ်တရားတော်-မဟာစည်ဆရာတော်
ဓမ္မစကြာတရားတော်-မဟာစည်ဆရာတော်
ပဋ္ဋိစ္စသမုပ္ပါဒ် စက်ဝိုင်း-မိုးကုတ်ဆရာတော်
0 ( မှတ်ချက်ရေးချင်ရင် )