MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊


ယခုကာလပိုင်းအတွင်း ပြည်တွင်းကရော ပြည်ပကပါ ဒေါက်တာ အထူးသဖြင့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးတာတွေ၊ ရတာတွေ၊ ဂုဏ်ပြုတာတွေ ဖတ်နေ၊ ကြားနေ၊ သိနေရပါတယ်။ ဒါကြောင့် မို့ Ph.D ဒေါက်တာရဲ့ သဘောသဘာဝ၊ အနေအထား၊ အဆင့်အတန်းတို့ကို အများသိစေချင်လို့ ဒီဆောင်းပါးကိုရေးဖြစ်တာပါ။ မြန်မာလူမျိုးများ အများစုဖြစ်လေ့ဖြစ်ထရှိတဲ့ ဣဿမစ္ဆရိယ မနာလိုဝန် တိုမှုဖြင့် ရေးခြင်းမဟုတ်ကြောင်း ဦးစွာပဏာမခံပါရစေ။
Ph.D ရဲ့ full form ဟာ Doctor of Philosophy ပါ။ British English က Ph.D လို့ရေးပြီး အမေရိကန် အင်္ဂလိပ်က Ph.D လို့ရေးပါတယ်။ တချို့တက္ကသိုလ်တွေက doctorate လို့ သုံးပါသေးတယ်၊ D.Sc (Doctor of Scinece) လို့ သုံးတဲ့တက္ကသိုလ်လည်း ရှိပါသေးတယ်။ သူ့ရဲ့မူရင်းအရင်းအမြစ်သဘောကို စပြောပါမယ်။ First Degree လို့ခေါ်တဲ့ ပထမဆုံးရတဲ့ ဘွဲ့ကနေ M.A or M.Sc - မဟာသိပ္ပံ၊ မဟာဝိဇ္ဇာတန်းတက်ရပါတယ်။ အဲဒီမှာ တချို့တက္ကသိုလ်က နှစ်နှစ်ကြာပါတယ်။ တချို့က ၁၈ လကြာ ပါတယ်။ တချို့က တစ်နှစ်ပဲကြာပါတယ်။ Thesis လို့ခေါ်တဲ့ ကျမ်းစာတင်ပြီး ကျေနပ်မှဘွဲ့ပေးတာပါ။
ပုံမှန်ပညာရေးအစီအစဉ်အရဆိုရင် မဟာဘွဲ့မရဘဲနဲ့ Ph.D တန်း တက်လို့မရပါဘူး။ Ph.D တန်းအ တွက် ပညာသင်ဆုရရင်လည်း၊ မဟာဘွဲ့မရသေးရင်မဟာဘွဲ့ အရင်တက်ခိုင်းပြီးမှ Ph.D အတွက် ဆက်တက်ရပါတယ်။ တက္ကသိုလ်ချင်းမတူရင် Ph.D တန်းတက်ခွင့်ရဖို့အတွက် အခြားအချက်အလက် များအတူ မဟာတန်းကသင်ခဲ့တဲ့ကျမ်းစာ (Thesis) တင်ပြရပါတယ်။ အဲဒါကြိုတင်လိုအပ်ချက်ပါ။ Ph.D အတွက် လုပ်မယ့်ကျမ်းစာ (Dessertation) Proposal ကိုကြိုတင်ရပါတယ်။ အဲဒီ Proposal ကို ကြိုက်မှ (သို့မဟုတ်) ကြီးကြပ်နိုင်တဲ့ (Superviser) ပါမောက္ခတစ်ဦးဦးရှိမှ Ph.D တန်းတက်ခွင့်ပြုပါ တယ်။ အတန်းတက်ရတာကတော့ တက္ကသိုလ်အလိုက် ကွဲပြားပါတယ်။ တစ်နှစ်၊ နှစ်နှစ်ဆိုသလို ရှိကြ ပါတယ်။ အတန်းမှာအဓိကထားတာက ကျမ်းစာအတွက် သုတေသနလုပ်နည်းတွေ၊ တွက်နည်းတွေ၊ စဉ်းစားနည်းတွေ၊ စဉ်းစားစရာအချက်အလက်တွေ မပါမနေပါရမဲ့ အချက်အလက်တွေ သင်ပေးတာပါ။ အဓိကကျမ်းစာ (Dessertation) ကိုပေးတာပါ။ လူကိုပေးတာမဟုတ်ပါဘူး။ ကျမ်းစာဖြစ်လာအောင် လုပ်ခဲ့တဲ့ သုတေသနလုပ်ငန်းတွေနဲ့ အဲဒါတွေရဲ့ရလဒ်ကို ပေးတာပါ။ အနည်းဆုံး နှစ်နှစ်ကနေ သုံးနှစ်၊ တချို့ဆို ငါးနှစ်လောက်တောင်ကြာပါတယ်။ စိုက်စိုက်မတ်မတ်လုပ်ရတဲ့ သုတေသနလုပ်ငန်းပါ။ သီအိုရီအသစ်တစ်ခု (သို့မဟုတ်) အတွေးအခေါ်အသစ်တစ်ခု (သို့မဟုတ်) ထုတ်ကုန်အသစ်တစ်ခု ဖန်တီးပေးရတာပါ။ အဲဒီဖန်တီးပေးမှု (creative) ကိုပေးတဲ့ဘွဲ့ပါ။ ပုဂ္ဂိုလ်ကိုပေးတာမဟုတ်ဘဲ သူရဲ့ Product အတွက်ပေးတာပါ။ ဒါကပညာရေးပုံမှန် လုပ်ထုံးလုပ်နည်းနဲ့သွားတဲ့ Ph.D ပါ။ ဂျပန်က တချို့ တက္ကသိုလ်မှာဆို Ph.D ရပြီးမှ သုတေသနတွေ ဆက်လုပ်ခိုင်းပြီး ကျေနပ်မှ Doctorate ပေးတယ်လို့ ကြားဖူးပါတယ်။ ကျမ်းစာပြုစုရာမှာလည်း Supervisor လို့ခေါ်တဲ့ ကြီးကြပ်သူ ပါမောက္ခတစ်ဦးရှိသလို Advisor လို့ခေါ်တဲ့ အကြံပေးတဲ့ ပါမောက္ခတစ်ဦးလည်း ရှိကြပါတယ်။ အဲဒါအပြင် ကျမ်းစာပြီးလို့ Defense ထိုင်တဲ့အခါ ပါဝင်တဲ့ ပါမောက္ခများလည်း ရှိကြရပါတယ်။ အားလုံးဟာ Ph.D ရထား ပြီးရုံမက သုတေသနပေါင်းမြောက်မြားစွာ လုပ်ထားတဲ့သူတွေ ဖြစ်ကြရပါတယ်။ Defense မှာမေးတာ မဖြေနိုင်ရင် အားမနာပဲ ထပ်လုပ်ခိုင်းလေ့ရှိကြပါတယ်။ အားနာပြီးဘွဲ့ပေးလိုက်တာမရှိပါဘူး။ လာစစ်တဲ့သူတွေကိုလည်း ကျောင်းသားကလက်ဆောင် (သို့မဟုတ်) ငွေကြေးမပေးရပါဘူး။ ခရီးစရိတ်လည်း မထောက်ပံ့ရပါဘူး။ နေ့လည်စာ၊ မနက်စာလည်း မကျွေးရပါဘူး။ ကော်ဖီ၊ လ္ဘက်ရည်လည်း မတိုက်ရပါဘူး။ တချို့ဆို Double Ph.D ရယ်လို့ Ph.D နှစ်ခါတက်ပြီး ကျမ်းနှစ်ခု ပြုစုပြီးရကြပါတယ်။ မြန်မာနိုင်ငံမှာ ဒေါက်တာမောင်မောင်နဲ့ ဒေါက်တာအောင်ထွန်းသက်တို့ ဖြစ်ပါ တယ်။ အဲဒီလို Ph.D ရထားတဲ့ သူတွေဟာ သူတို့ရဲ့ British English အခေါ် Visiting Card or North American English အခေါ် Business Card or Name Card ပေါ်မှာ နာမည်ရဲ့နောက်မှာ Ph.D ဆိုတာပဲရေးပြီး ရှေ့မှာ Dr. လို့ တပ်လေ့တပ်ထ မရှိကြပါဘူး၊ အထူးသဖြင့် အမေရိကန်၊ ကနေဒါ၊ ဂျပန်နဲ့အချို့ West နိုင်ငံတွေပါ။ Dr. ဘယ်သူရယ်လို့လည်း သုံးလေ့သုံးထ ခေါ်လေ့ခေါ်ထ မရှိကြပါဘူး၊ မခေါ်ရဘူး၊ မသုံးရဘူးလို့တော့ သတ်မှတ်ချက်မရှိပါဘူး။ သုံးတဲ့သူလည်း သုံးကြပါတယ်။
နောက်တစ်ခုက ဂုဏ်ထူးဆောင် Ph.D ပါ။ ဘာအတန်းမှလည်း မတက်ဘူး၊ ဘာသုတေသနမှလည်း မလုပ်ဘူး။ ဘာကျမ်းစာမှလည်း မပြုစုဘူး၊ ဒါပေမယ့်သူ့ရဲ့ လွန်ခဲ့သောကာလများက တွေးခဲ့၊ ရေးခဲ့၊ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေကို လေးစားသမှုနဲ့ပေးတဲ့ Ph.D ပါ။ ဒါလည်း ဂုဏ်ယူစရာပါ။ ဂုဏ် ရှိတာပါပဲ။ ဒါပေမယ့် မိမိရဲ့ နာမည်ကတ်မှာ Ph.D လို့လည်း မရေးပါဘူး။ ရှေ့ကနာမည်ရှေ့မှာလည်း Dr. လို့လည်းမတပ်ကြပါဘူး။ ကျွန်တော်တို့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် ဆိုရင် ၁၅ ခု၊ ဦးနုဆိုရင် ၂ ခု၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ၁၀ ခု နီးပါးရှိပြီထင်တယ်။ တစ်ခါမှ ဒေါက်တာဦးသန့်၊ ဒေါက်တာမောင်နု၊ ဒေါက်တာအောင်ဆန်းစုကြည်လို့ သုံးတာမတွေ့ဖူးပါဘူး။ အခြားသူက သုံးပေးတာတောင် မသုံးပါနဲ့တားကြောင်း ပြောသံကြားဖူးပါတယ်။ ဒါပေမယ့် ပိုက်ဆံပေး ပြီးဝယ်ရတာတို့၊ ပုဂ္ဂိုလ်ရေးရာအရ ဖားပြီးပေးတာတို့ကတော့ စဉ်းစားစရာပါပဲ။ နောက်တစ်ခုက ကျွန် တော်တို့မြန်မာနိုင်ငံက တက္ကသိုလ်မှာ Ph.D ကိုအခြားနည်းနဲ့ပေးတာလည်း ရှိကြောင်းသိရပါတယ်။ အဲဒါကတော့ တက္ကသိုလ်က ပါမောက္ခတစ်ဦးဦးဟာ Ph.D တစ်ဦးဦးကိုမွေးထုတ်ပေးလိုက်ရင် အလိုလို အော်တိုမတ်တစ် Ph.D ရသွားတာပါပဲ။ Ph.D တစ်ခါမှမလုပ်ဖူးတဲ့၊ အတွေ့အကြုံမရှိတဲ့သူက Ph.D ကို မွေးထုတ်ပေးတယ်ဆိုတာ တော်တော်ကို reasonable မဖြစ်တဲ့ကိစ္စပါပဲ။
နောက်တစ်ခု ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖြစ်နေတာက Ph.D ဒေါက်တာဆိုရင် ခြောက်ပြစ်ကင်း သဲလဲစင် အကုန်တော်ပြီး တတ်ပြီးလို့ထင်နေကြတာ။ မဟုတ်ပါဘူး၊ သူလုပ်တဲ့ သုတေသန field တစ်ခုမှာပဲတော်တာပါ။ ဥပမာ-သတ္တဗေဒဆိုပါစို့ အကောင်တစ်ကောင်အကြောင်း သုတေသနလုပ် တာ၊ အဲဒီအကောင်နဲ့ပတ်သက်တာပဲ သူတော်တာပါ။ ဒါမှမဟုတ် တွားသွားသတ္တဝါတွေရဲ့ မေးရိုး၊ ကျောရိုး၊ အစာအိမ်၊ မျိုးပွားအင်္ဂါအစိတ်အပိုင်း တစ်ခုခုအကြောင်းလုပ်ရင် အဲဒီအစိတ်အပိုင်းတစ်ခုခုမှာ ပဲ သူတော်တာပါ။ ဥပဒေဆိုရင်လည်း ပြစ်မှုရှိတယ်၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးရှိတယ်၊ တရားမတို့၊ သက် သေတို့၊ ဖွဲ့စည်းပုံ၊ မြေယာ၊ ကုန်ရောင်းကုန်ဝယ် . . . စသဖြင့် ဥပဒေပေါင်းအခွဲတွေ အများကြီးရှိ တယ်။ အဲဒီထဲက သူအထူးပြုတဲ့ ဘာသာရပ်တစ်ခုခုမှာပဲ သူတော်တာပါ။ စီးပွားရေးဆိုရင်လည်း Macro ရှိတယ်၊ တစ်ခါအဲဒီထဲမှာ Development ရှိတယ်၊ Finance ရှိတယ်၊ Planning ရှိတယ်၊ Dev-elopment မှာတစ်ခါ Urban Development ရှိတယ်၊ Rural Development ရှိတယ်၊ City Development ရှိတယ်၊ Transportation Development ရှိတယ်၊ Industrial Development ရှိတယ်။ Agricultural Development ရှိတယ်၊ Planning အပိုင်းမှာလည်း National Planning ရှိတယ်။ Sectoral Planning ရှိတယ်၊ Regional Planning ရှိတယ်၊ Project Planning ရှိတယ်။ အဲဒီ ထဲကမှ Field တစ်ခုကို သုတေသနလုပ်တွက်ချက်ရတဲ့ရလဒ်ကို ကောက်ချက်ချပြီး တီထွင်လိုက်တဲ့ ဆန်းသစ်ချက်ကိုပဲ အသိအမှတ်ပြုတဲ့အနေနဲ့ Ph.D ပေးတာပါ။ အဲဒီ Specific Field မှာတော့ တကယ်တော်လို့ ပေးတာပါ။ ဒါပေမဲ့ အကုန်လုံးအခြား Field တွေရော၊ လူမှူရေး၊ ဘာသာရေး အကုန်လုံးတော်တာ မဟုတ်ပါဘူး။ Ph.D မရပေမယ့် အကုန်လုံးနီးပါးတော်တဲ့သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အထင်အရှားရှိခဲ့ရှိနေပါတယ်။ အထူးသဖြင့် way of thinking တော်တာပါ။ မြန်မာနိုင်ငံမှာ Agricultural economics နဲ့ Ph.D ရထားတဲ့လူကို ကုန်သွယ်ရေးနဲ့ကူးသန်းရောင်းဝယ်ရေး ကဏ္ဍမှာ Ph.D ဆိုရင် အကုန်တတ်တယ်လို့ထင်နေတဲ့ လူကြီးတစ်ဦးက ခေါ်သုံးထားတာတွေ့ရပါတယ်။ မရ ဘူးမဟုတ်ပေမဲ့ လူမှန်နေရာမှန် မဟုတ်တာတော့ သေချာပါတယ်။
ကမ္ဘာမှာ အထူးသဖြင့် အမေရိကန်နဲ့အင်္ဂလန်က နာမည်အကြီးဆုံးနဲ့ အခက်ဆုံးလို့သတ်မှတ်ထာတဲ့ တက္ကသိုလ်က Ph.D ဘွဲ့ရပြီး သာမန်ညံ့ရုံမဟုတ်ဘဲ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး စုံးစုံမြုပ်သွား အောင် ပေါ်လစီမှားချမှတ်ခဲ့တဲ့ ညံ့တဲ့သူတွေလည်း မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်။ လက်ရှိလဲ ရှိနေဆဲ ပါ။
Ph.D ရပြီးသူတွေရဲ့လုပ်ငန်းဟာ တက္ကသိုလ်မှာ ပါမောက္ခဖြစ်ဖြစ်၊ အခြားရုံး၊ ကိုယ်ပိုင်လုပ်ငန်းတွေမှာ ထိပ်ပိုင်းအရာရှိကြီးတွေဖြစ်ဖြစ် မပျက်မကွက်လုပ်ရမဲ့ အလုပ်တစ်ခုက ကိုယ်ရထားတဲ့ Ph.D ပညာ ပေါ်မူတည်ပြီး သုတေသနတွေ ကိုယ်တိုင်တစ်ဦးတည်းဖြစ်စေ၊ ရာထူးအဆင့်တူသူနဲ့တွဲ၍ဖြစ်စေ၊ Ph.D Candidates ကျောင်းသားတွေနဲ့တွဲ၍ဖြစ်စေ သုတေသနလုပ်နေရမှာ ဖြစ်ပါတယ်။ အနည်းဆုံး Ph.D လုပ်နေတဲ့သူတွေရဲ့ သုတေသနတွေကို Supervise, Advise လုပ်နေရမှာ ဖြစ်ပါတယ်။ သူများနိုင်ငံ တက္ကသိုလ်တွေမှာ ပါမောက္ခတွေဟာ လစာအပြင် သုတေသနရန်ပုံငွေပါရတာပါ။ မလုပ်မနေရ တွန်း အားပေးတဲ့သဘောလည်း ပါပါတယ်။ တက္ကသိုလ်က ဆရာအားလုံးဟာ ပါမောက္ခချည်းပါပဲ။ Assi-stant နဲ့ Associate လောက်ပဲကွာတာပါ။ ဝင်ဝင်ချင်းပါမောက္ခဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ မြန်မာ ပြည်မှာကတော့ လုပ်သက်အရပေးရင် တစ်ယောက်၊ များလှ နှစ်ယောက်ပဲပေးပါတယ်။ ဘာသုတေ သနမှလည်း မည်မည်ရရ လုပ်တာမတွေ့ရပါဘူး။ တစ်ခါလာလည်း ဒီသင်ခန်းစာပဲသင်၊ တစ်ခါလာ လည်း ဒီသင်ခန်းစာပဲသင်ပြီး ပြီးနေတာပါပဲ။ အသစ်ထွက်တာတွေလည်း မလေ့လာ၊ မသိပါဘူး။ ဥပမာ တစ်ခုပြောရင် စီးပွားရေးတက္ကသိုလ်က အငြိမ်းစားယူခါစ ပါမောက္ခတစ်ဦးကို ပထမဘွဲ့က စီးပွားရေးတောင်မဟုတ်ဘဲ Further study ကျမှ စီးပွားရေးလေ့လာနေတဲ့ ပညာရှင်တစ်ဦးက LEAN Manufacturing ဆိုတာ ဘာလဲလို့မေးတော့ မသိဘူးလို့ဖြေသတဲ့၊ Chemistry နဲ့ရထားတဲ့သူတစ်ဦး ကို သကြားရဲ့ဓာတုဖွဲ့စည်းပုံမေးတော့လည်း သူ့ Field မဟုတ်လို့ မသိဘူးလို့ ဖြေတယ်။ တစ်ခါက သမိုင်းနဲ့ Ph.D ဘွဲ့ရထားတဲ့သူတစ်ဦးကို ဒုတိယမြန်မာနိုင်ငံကို တည်ထောင်သူက ဘယ်သူလဲလို့ မေးတော့ချက်ချင်းမဖြေနိုင်ဘူး။ ဖြေတော့လဲ တလွဲကြီးအနော်ရထာတဲ့။ ဒါဆို မြန်မာပြည်က Ph.D ကို စဉ်းစားကြည့်ပါ။ အကုန်လုံးမဆိုလိုမဲ့ တစ်ဦးတစ်လေတောင် မဖြစ်သင့်တဲ့ကိစ္စပါ။ Ph.D နဲ့ပတ်သက် ပြီး မြန်မာနိုင်ငံမှာ အလွဲကြီးတစ်ခုကတော့ တက္ကသိုလ်ဆရာ၊ ဆရာမထဲက Ph.D ရတဲ့သူတွေကို အထက်တန်းကျောင်းအုပ်ခန့်တဲ့ကိစ္စပါပဲ။ ဘယ်လိုအတွေးမျိုးနဲ့ ဒီကိစ္စလုပ်တယ်ဆိုတာ ဘယ်လိုမှကို တွေးလို့မရပါဘူး။ ယုံနိုင်စရာလည်း မရှိပါဘူး။ Ph.D ရပြီးတဲ့သူတွေရဲ့အတတ်ဟာ အဆင့်မြင့်ပညာပါ။ သာမန်ဘွဲ့ကြိုကျောင်းသားတွေထက်သာမက မဟာတန်းကျောင်းသားတွေကို အသိမျှပေး၊ အတတ် မျှပေး၊ ကြီးကြပ်အကြံပေးရမဲ့သူတွေပါ။ အထက်တန်းကျောင်းသားတွေကို သင်ဖို့ဟာ Ph.D အဆင့်ထိ တတ်စရာမလိုပါဘူး။ ဒါပေမဲ့ ပညာရေးသဘောတရားတို့ ပညာရေးစိတ်ပညာတို့ စတဲ့ပညာရေးဆိုင်ရာ သီအိုရီတွေ၊ ပညာတွေတော့ သိထားဖို့၊ တတ်ထားဖို့လိုသလို ကျောင်းအုပ်ဖြစ်တဲ့အတွက် စီမံခန့်ခွဲမှု Management ဘာသာရပ်ကို သိထားဖို့လိုပါတယ်။ နောက်တစ်ခုက အထက်တန်းကျောင်းသားတွေ စာသင်ရတာနဲ့ အုပ်ချုပ်ရတာက တက္ကသိုလ်ကျောင်းသားတွေ စာသင်ရတာ၊ အုပ်ချုပ်ရတာနဲ့မတူဘူး။ အဲဒါတွေမသိဘဲ အထက်တန်းကျောင်းအုပ်သွားလုပ်ခိုင်းတာကတော့ တော်တော်ကို စဉ်းစားဉာဏ်မဲ့ တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အရင်လူလုပ်သွားလို့ နောက်လူကပြင်မလားဆိုတော့ မပြင်ဘူး။ အရင်လူရော နောက်လူရော Ph.D ရထားတဲ့သူတွေပါ။ ဂေါ်ဘာချက်ကို ကြည့်ပါ။ အာဏာလက်ဝါးကြီးအုပ်ပြီး အာဏာရှင်အဖြစ်နေနိုင်ပေမဲ့ မနေဘဲဂလက်နော့၊ ပယ်ရီစတွိုက်ကာ စတဲ့အတွေးနဲ့လက်တွေ့ ပေါင်း စပ်ခဲ့သူပါ။ ဒီမိုကရေစီစနစ်ပြောင်းခဲ့သူပါ။ နောက်တစ်ခုက ကျွန်တော်တို့လက်ရှိသမ္မတကြီးကိုပဲကြည့် ပါ။ ဘယ်သူမှ အိမ်မက်တောင်မမက်ခဲ့တဲ့ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကြီးကို လုပ်ခဲ့တာ ရိုးရိုးပြောင်းတာမဟုတ်ပါဘူး Dramatical Change ပါ။ Real Great ပါ။ Real Fantastic ပါ။ တစ်မျိုး သားလုံး၊ ဆွေစဉ်မျိုးဆက် ကောင်းစားအောင် လုပ်ရဲသူလုပ်နိုင်သူပါ။ သမ္မတကြီးဟာ ပညာရေးအား ဖြင့် First Degree သာယူခဲ့သူပါ။ ဒါပေမဲ့ သူ့အတွေးအခေါ် စိတ်ကူးစိတ်သန်းကို ဘယ် Ph.D Holder က မီပါ့မလဲ။
မည်သို့ပင်ဆိုစေ၊ ဒေါက်တာဘွဲ့ရတာဟာ Academic Process အရ ရသည်ဖြစ်စေ၊ ဂုဏ်ထူးဆောင် ရသည်ဖြစ်စေ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကြွားစရာတော့မဟုတ်ပါဘူး။ ဒေါက်တာဘွဲ့မရဘဲ ရသူထက် တော်သူတွေ၊ တတ်သူတွေ၊ ကမ္ဘာမှာရော မြန်မာမှာပါတစ်ပုံတစ်ပင်ပါ။ ကမ္ဘာမှာ သင်္ဘောအများဆုံးပိုင် တဲ့ ဂရိသူဌေးအိုနာစစ်ဟာ ဘွဲ့တောင်မရခဲ့ပါဘူး။ ဒါပေမဲ့ ၁၀ တန်းအောင်တဲ့ အသက် ၁၆ နှစ်မှာ ဘာသာစကားလေးမျိုး ပြောတတ်နေပါပြီ။ မီးလုံးထွင်တဲ့ အက်ဒီဆင်ဟာ ကျောင်းအတန်းမအောင်ပါ ဘူး။ သူမေးတာ ဆရာ၊ ဆရာမတွေ မဖြေနိုင်လို့ သူ့အမေက အိမ်မှာ စာသင်ပေးခဲ့ရတာပါ။ မြန်မာနိုင်ငံ မှာ MA ကျမ်းစာရော Ph.D ကျမ်းစာရော ကျွန်တော် Edit လုပ်ဖူးပါတယ်။ အင်္ဂလိပ်လို ရေးထားတာ ရှယ်ပဲ။ ဒါပေမဲ့ Abstract လည်း ဖတ်လိုက်ရော အကုန်ရေစုန်မျောတာပဲ။ အထဲမှာ ရေးထားတဲ့ အင်္ဂလိပ်စာအရေးအသားက ဆီနဲ့ရေပဲ၊ ရေမှ ရိုးရိုးရေကြည်မဟုတ်ဘူး။ ရွှံ့ဗွက်ရေဖြစ်နေတယ်။ ကိုယ်ကိုယ်တိုင် ရေးထားတဲ့စာနဲ့ ကူးချ၊ ဖြတ်၊ ညှပ်၊ ကပ် လုပ်ထားတဲ့စာနဲ့ အရမ်းသိသာလွန်းတယ်၊ ဒါပေမဲ့ ဘွဲ့ရသွားတာပဲ။ M.A ပဲဖြစ်ဖြစ် Ph.D ပဲဖြစ်ဖြစ် Subject Matter ကိုပေးတာ၊ Language ကို ပေးတာမဟုတ်ပါဘူး။ ဂျပန်မှာ ဂျပန်လိုရေးတင်ကြတာပါပဲ။ မြန်မာမှာရော မြန်မာလိုရေးရင်မရဘူး လား။ စဉ်းစားသင့်ပါတယ်။ အဓိကက တကယ်သိတကယ်တတ်ဖို့ပါပဲ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Saturday, 25 May 2013
1 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကျွန်မတို့ ရှင်သန်နေထိုင်သော အချိန်အခါသည် ယှဉ်ပြိုင်မှုများစွာဖြင့် ပြည့်နှက်နေသည်။ စားဝတ်နေရေးမှသည်   ပညာရေးအဆုံး   အသက်အရွယ်   အပိုင်းအခြားအမျိုးမျိုး၊   လူတန်းစား  အလွှာအသီးသီးတွင် နေ့စဉ် ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရမည်သာ။  ပညာ အရည်အချင်း  တူလျှင် လုပ်ငန်းကျွမ်းကျင်သူက  သာပါလိမ့်မည်။  ထိုနှစ်မျိုးလုံး  တူညီပြန်လျှင်လည်း  ရိုးသား၊  ကြိုးစားသူက နေရာ ရပါလိမ့်မည်။  အားလုံးသော  အရည်အသွေးများ  တူကြပြန်လျှင်လည်း  ဇွဲ၊  လုံ့လ  ရှိသူများသည်သာ အောင်မြင်ပါလိမ့်မည်။
ကျွန်မသည်   ပညာရေးနယ်ပယ်တွင်   စာသင်သားအဖြစ်   နှစ်ပေါင်းများစွာ   ကျင်လည်ခဲ့ပါသည်။ ထိုကာလများသည် ခယောင်းလမ်း များသာ။ ကန္တရလွင်ပြင်များသာ။ ငွေကြေးပြည့်စုံသော မိဘ အသိုင်းအ၀ိုင်း၏   ပံ့ပိုးမှုများဖြင့်   ပညာ သင်ကြားခဲ့ရသည်   မဟုတ်ပါ။  ပညာဖြင့်  ဘ၀ကို တည်ဆောက်လို၍သာ   အပတ်တကုတ်   ကြိုးစားခဲ့ရပါသည်။   သာမန်လူတန်းစား   မိသားစုမှ မွေးဖွားသူဖြစ်၍ ငယ်စဉ်မှ စပြီး ကျွန်မ၏ စိတ်တွင်း စွဲမြဲနေသည်ကား ==ပညာတတ်မှ လူရာဝင်မည်++။
ကျွန်မ အခြေခံပညာအထက်တန်း အောင်သည့်နှစ်။ ၀န်ကြီးဌာန တစ်ခုမှ အမှုထမ်း တစ်ဦးသာဖြစ်သော  ကျွန်မ၏ ဖခင်အား  မိတ်ဆွေများက  အကြံပေးကြသည်။  သမီးကြီး ကျွန်မအား  အစိုးရ ရုံးတစ်ခုတွင်  စာရေးမအဖြစ် အမှုထမ်းစေပြီး  အဝေးသင်  ဆက်တက်စေရန်။  ကျွန်မ၏  ဖခင်က လက်မခံပါ။  သူ၏  သမီးကြီးသည်  ပညာ လိုလားသူဖြစ်၍  ကြိုးစားလိုသူဖြစ်၍  တက္ကသိုလ်အား နေ့ကျောင်း ဆက်တက်ပါစေ။ သမီး သင်ယူ လိုသော အတန်းအထိ ဆက်တက်ပါစေ … တဲ့။ မိဘ၏ မေတ္တာ၊ စေတနာအား နားလည်သိတတ်စွာ ကိုယ်တိုင်ဝင်ငွေရှာ၍ ကျောင်း တက်ခဲ့ရပါသည်။ ပိုက်ဆံသုံးနိုင်သော၊    အချိန်ဖြုန်းနိုင်သော အတန်းဖော်များကိုလည်း အားမကျပါ။ မိမိ၏ ဘ၀ အခြေအနေကို  မိမိသာ  နားအလည်ဆုံး  ဖြစ်ပါသည်။  အ၀တ်အစား  အသစ် မ၀တ်နိုင်သော၊ ကျောင်းသို့ ဘတ်(စ်)ကားဖြင့်သာ လာရသော ကျွန်မအား အပေါင်းအသင်းစာရင်း မသွင်းလျှင်လည်း စိတ်မဆိုးပါ။   တက္ကသိုလ်သို့ ပညာ လာသင်သော  ကျွန်မ၏  ရည်ရွယ်ချက် သည်  ငွေဖြုန်းရန်နှင့် အပျော်အပါးအတွက်   လာခြင်းမဟုတ်ပါ။   အသိပညာ၊   အတတ်ပညာများ   ဆည်းပူးလို၍သာ။ အတန်း မှန်လိုသော   စာကြိုးစားလိုသော   ကျွန်မအတွက်   အနည်းငယ် မျှသော   စိတ်တူ၊   ကိုယ်တူ သူငယ်ချင်းများနှင့်ပင် လုံလောက်ပါသည်။
ဆုပေးပွဲအခမ်းအနားတစ်ခုတွင်    ပထမနှစ်    (ဂုဏ်ထူးတန်း)    အတွက်    ပထမဆုယူစဉ် အင်္ကျိအဖြူနှင့် ယောလုံခြည်အနက် ကိုသာ ၀တ်ဆင်နိုင်သော၊ သနပ်ခါးသာ လိမ်းနိုင်သော ကျွန်မ၏ အသွင်အပြင်အား  စကားတင်းဆိုခဲ့ကြလျှင်လည်း  ခွင့်လွှတ်ပါသည်။
ရိုးသားစွာသာ ကြိုးစားချင်ပါသည်။
ရှိသော  အ၀တ်ကိုသာ ၀တ်၍ တရားဥပဒေနှင့်  လွတ်ကင်းသော၊ မြန်မာမိန်းကလေးတစ်ဦး၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာအား  ထိပါးခြင်း မရှိသည့်  အလုပ်များစွာကို လုပ်ကိုင်ခဲ့ဖူးပါသည်။  နံနက်  မိုးမလင်းမီ အိမ်မှထွက်၍ အချိန်ပိုင်းအလုပ် လုပ်ရသော။   ည ၁၀ နာရီခန့်တွင်မှ ညစာ စားရသော ကျွန်မအား အတန်းဖော်များမှ ==ပင်ပန်းလှချည့် … တို့ဆိုရင် ဒီပုံနဲ့ တက္ကသိုလ် မတက်ပေါင် … တဲ့။ ဟုတ်ကဲ့။ မတက်ချင်သူများ မတက်ပါနှင့်။ မသားနားသော ရုပ်ရည်နှင့်လည်း ကျွန်မ တက္ကသိုလ် တက်နိုင်ပါသည်။ ထိုအတိုင်းသာ ကျောင်းတက်ခဲ့ပါသည်။ ပင်ကိုယ်ရုပ်ရည်အား ပကတိ၊ အရှိအတိုင်း  လက်ခံထား၍  အတန်းထဲတွင်  အလှဆုံးဖြစ်ရန်   အားမထုတ်ပါ။   စာသင်ခန်းတွင်း   အထူးချွန်ဆုံး ကျောင်းသူဖြစ်ရန်သာ ကြိုးစားခဲ့ပါသည်။
ကျွန်မတို့၏  ပညာရေးခရီးလမ်းအား  တာဝေးအပြေးပြိုင်ပွဲတစ်ခုအဖြစ်  တင်စားလိုပါသည်။ နှစ်စဉ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာ အထက်တန်း အောင်မြင်သူများစွာ ရှိပါလိမ့်မည်။ ပထမဘွဲ့ မရမီ အကြောင်း အမျိုးမျိုးကြောင့်၊ အကြောင်းပြချက် အမျိုးမျိုးဖြင့် ရပ်နားသွားသူများလည်း ရှိပေလိမ့်မည်။ ထိုသူတို့အား တာမထွက်မီ ပြေးလမ်းမှ ဘေးထွက်သူများဟုသာ တင်စားလိုပါသည်။
သူငယ်တန်းမှ  အခြေခံပညာအထက်တန်း အောင်မြင်သည်အထိ  ကုန်ဆုံးခဲ့သော  အချိန်၊  ငွေကြေးတို့ ရှုံးပေပြီ။  အခက်အခဲဆိုသည်မှာ  လူတိုင်းတွင်  ရှိပါသည်။  ခလုတ်တိုက်မိတိုင်း  လှဲအိပ်ချနေလျှင် ခရီးမတွင်ရုံသာ ရှိပေမည်။ အခက်အခဲကို ကြံ့ကြံ့မခံလျှင် ဘယ်သို့ ရှေ့ဆက်မည်နည်း။
ကျွန်မတို့တစ်စု   ပထမဘွဲ့ ရရှိအောင်မြင်လာသောအခါ   ပြေးလမ်း၏   ၀ဲ၊ ယာတွင် တစ်ကိုယ်စာ  နေနိုင်၊  စားနိုင်ရုံမျှသော  ရိက္ခာထုပ် လေးများ  စတင်တွေ့ရပါလိမ့်မည်။  တချို့သည် ထိုမျှလောက်နှင့်သာ    တင်းတိမ်ရောင့်ရဲ၍    ပြေးလမ်းမှ ဖယ်ခွာတော့သည်။ ရှေ့ဆက်ရန် အားမထုတ်တော့။   ရတတ်သမျှနှင့်   ကျေနပ်သူများပင်။   ဘွဲ့ရသူနှင့်   ဘွဲ့မရသူများ   မည်သို့ ကွာခြားပါသနည်း။    မိမိအမည်ဘေးတွင်    ယှဉ်တွဲဖော်ပြရန်     ဘွဲ့တစ်ခု     ပိုင်ဆိုင်ပါသည်။ မိမိ သင်ယူခဲ့သည့်   ဘာသာရပ်အကြောင်းနှင့်   မိမိကိုယ်ကို   ထိန်းကျောင်း၍   နေထိုင်တတ်သော အကျင့်ကောင်းတို့   ရခဲ့ပါလိမ့်မည်။   (ကျောင်းသို့ ဟန်ပြသာလာ၍   အချိန်ဖြုန်းခဲ့သူများကို မဆိုလိုပါ)။
== ဘွဲ့ရလျှင်လည်း   အသုံးမ၀င်ပါ++   ဆိုသည်မှာ   မိမိကိုယ်တိုင်၏   ခံယူချက်အပေါ်တွင်သာ မူတည်ပါသည်။  ကျွန်မတို့  အားလုံး  ပထမဘွဲ့များ  ရရှိပြီးမှသာ  အခြားသော  အသက်မွေးမှုဆိုင်ရာ အဆင့်မြင့်   ဒီပလိုမာသင်တန်းများသို့   ဆက်လက်   တက်ရောက်နိုင် ပါသည်။   ==ငွေကြေးချို့တဲ့၍ အထက်တန်း    အောင်သော်လည်း    ပထမဘွဲ့ပင်    မရရှိခဲ့ပါ++    ဆိုသည်ကို လက်မခံလိုပါ။
ကျွန်မအပါအ၀င်   သူငယ်ချင်း   တချို့သည်   သမာအာဇီဝနည်းဖြင့်   အလုပ်လုပ်   ပိုက်ဆံစုကာ ကျောင်းတက်ခဲ့သူများ    ဖြစ်ပါသည်။    ==မိဘ    အားမပေး၍     ဘွဲ့မရခဲ့ပါ++    ဆိုလျှင်လည်း  မိမိကိုယ်တိုင်တွင်သာ    တာဝန်ရှိပါသည်။    ထူးချွန်သော၊     ကြိုးစားသော    သားသမီးများကို ပညာ တတ်စေချင်သည်မှာ မိဘတိုင်း၏  စေတနာပင်။  သို့သော် နည်းအမျိုးမျိုးဖြင့်  ပိုက်ဆံတောင်း၊ ဖြုန်းတီးခြင်းကို   မည်သည့်မိဘ  လက်ခံချင်မည်နည်း။   ==ပညာတတ်လျှင်   ဘာဖြစ်မည်နည်း++   ဟု ကျွန်မအား   မေးလာခဲ့ပါလျှင်   ==အကန့်အသတ် မရှိ၊   ဖွံ့ဖြိုးတိုးတက်သော   ဘ၀အား   မျှော်လင့် တည်ဆောက်နိုင်ပါသည်++ ဟု ဖြေချင်ပါသည်။
ကျွန်မတို့  ပညာရေးခရီးလမ်း၏  ပြေပြစ်သော မြေပြန့်ပြေးလမ်းသည်  ပထမဘွဲ့ စခန်းတွင် ဆုံးပေပြီ။    အနည်းငယ် မတ်စောက်သော    ဆင်ခြေလျှောဖြင့်    ဒုတိယဘွဲ့အတွက်    ကျွန်မတို့ ကြိုးစားရပါမည်။  ခရီးလမ်းကို  စိတ်မှန်းဖြင့်  ကြောက်လန့်သူများ  ကျန်နေခဲ့ပါသည်။  ရွှေ၊  ငွေ ရတနာတို့ဖြင့် စီခြယ်သောယာဉ် စီးနင်းနိုင်သူများ၊ ခိုင်ခံ့သော  ကြိုး၊ လှေခါး  ပိုင်ဆိုင်သူများနှင့် ကျွန်မတို့ကဲ့သို့သော    ခြေဖ၀ါးနှင့်    လက်ဖ၀ါးသာ    ပိုင်ဆိုင်သော်လည်း     မိမိ၏ သက်လုံကို ယုံကြည်သူများသာ ခရီးဆက်ကြပါသည်။
ရတနာယာဉ်ရထားဖြင့်   လာသူများ၊   အမှီအတွယ်ဖြင့်   တက်သူများ   နည်းတူ   ကျွန်မတို့ ခွန်အားသမားများလည်း  တန်းတူ  အမှီလိုက် နိုင်ပါသည်။  ထိုသူတို့ထက်ပင်  ရှေ့သို့ရောက်အောင် တက်နိုင်ပါသည်။    သက်သောင့်သက်သာ    သွားနိုင်သူများကို    အားမကျခဲ့ပါ။    မိမိကိုယ်တိုင် အစွမ်းအစဖြင့် ယှဉ်ပြိုင်ဝံ့ခြင်းကိုသာ ဂုဏ်ယူပါသည်။
ထိုအချိန်တွင် မောပန်းလွန်း၍ နားရန် ကြံစည်မိလျှင် ဒေါက်တာလှဘေ (မြန်မာစာပါမောက္ခ၊ လန်ဒန်တက္ကသိုလ်) ၏ စာတစ်ပိုဒ်အား ကျွန်မ စာအုပ်တိုင်း ရှေ့ဆုံးစာမျက်နှာတွင် အားဆေးအဖြစ် ရေးထားခဲ့ပါသည်။     == လူ့ထိပ်သီးတွေ၊     နေရာထိပ်တန်း၊     ခြေတစ်လှမ်းနဲ့  လွှားမတက်။ တက်ဖော်တက်ဖက်၊    ညမိုက်နက်မှာ    အိပ်စက်နေတုန်း၊    တကုန်းကုန်းတက်၊    ထိပ်ထက်နေရာ၊ ရောက်ရတာ …++ တဲ့။
ယာဉ်ရထား စီးနင်းသူများ၊ ကြိုးဖြင့် လှေခါးဖြင့် တက်သူများ အိပ်စက်ချိန်တွင် ၀ီရိယကိုသာ အားကိုးရသူများ   ဖြစ်သည့်   ကျွန်မတို့   မအိပ်စက်နိုင်ခဲ့ပါ။   ပထမဘွဲ့ဖြင့်သာ   ကျေနပ်ခဲ့သော မိတ်ဆွေများ  စိတ်အေးချမ်းသာရှိချိန်။  စွမ်းသမျှသော  အတိုင်းအတာဖြင့်ရသော ငွေကြေးများအား  စိတ်ကြိုက် သုံးခွင့်ရှိချိန်တွင် ကျွန်မရရှိသော  လုပ်အားခ  (သူတို့ထက် လျှော့နည်းသော)  ပိုက်ဆံများသည် ကျောင်းစရိတ်အတွက်သာ။
ဒုတိယပန်းတိုင်သို့    ကျွန်မတို့အားလုံး    အတူပန်းဝင်ခဲ့သည်    ဆိုပါလျှင်    ချွေးမထွက်၊ အလှမပျက်သူများထက်  ကျွန်မ၏  အောင်မြင်မှုကို  ပို၍ တန်ဖိုးထား  ဂုဏ်ယူပါသည်။  မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှုများ   ပို၍ခိုင်မာလာပါသည်။   ဒုတိယဘွဲ့ရချိန်တွင်   ကျွန်မတို့  ပြေးလမ်းဘေးရှိ ပတ်ဝန်းကျင်  အနေအထား  ပို၍ ကောင်းမွန်လာပါသည်။  ယခင်ပန်းတိုင်ထက်  အနည်းငယ်မျှပိုသော ရိက္ခာထုပ် များဖြင့်သာ ကျေနပ်နိုင်သူများ ပြေးလမ်းမှဘေးသို့ ပိုင်ဆိုင်ခွင့်ရရုံဖြင့် ကျေနပ်ကြသူများပင်။ ဆင်းသွားကြပါသည်။ အသင့်အတင့်မျှ ကျွန်မတို့  ရှေ့ဆက်ရမည့်  ခရီးလမ်းသည်  ပို၍ ကြမ်းလာပါသည်။  ပို၍ ခက်ခဲလာပါသည်။
ဓနဂုဏ် ရှိသူများပင်  ဇွဲမရှိက  မလျှောက်ဝံ့။     မည်သူမဆို  သည်းခံနိုင်သည့်  စွမ်းရည်သတ္တိအား  စစ်ဆေးခံနိုင်မှသာ ခရီးဆက်ရဲပါသည်။ စာကျက်ရုံ၊ စာသင်ရုံမျှဖြင့် မလုံလောက်တော့။ တစ်နှစ်တာ ကာလအတွင်း  ကျမ်းကြီးကြပ်သူ၏  ဦးဆောင်မှုဖြင့်  သုတေသနလုပ်ငန်းများ  ကိုယ်တိုင် လုပ်ဆောင် ရပါသည်။ မိမိသုတေသနအတွက် လိုအပ်သော အထောက်အထား စာရွက်စာတမ်းများအား ကိုယ်တိုင် ရှာဖွေ စုဆောင်း ရပါသည်။    လိုအပ်ပါက    ဌာနအသီးသီးသို့    သွားနိုင်ရပါမည်။    လူမျိုးစုံနှင့် ပြောဆိုတတ်ရပါမည်။ ရင်ထဲတွင် ငိုချင်သော် လည်း နှုတ်ခမ်းများ ပြုံးနိုင်ရပါမည်။  မိမိသိရှိလိုသော အချက်အလက်များ  ရရှိရေးအတွက်  အလိုက်သင့်  ပြောဆိုနိုင်ရပါမည်။  ကျွန်မတို့  ဘ၀အတွက် လိုအပ်သော   ရင့်ကျက်မှုများကို   ကိုယ်တိုင်လေ့လာသင်ယူရခြင်း ပင်။   (ငွေထုပ်ပိုက်၍   အရာရာ ဖြေရှင်းနိုင်သူများကို မဆိုလိုပါ)။
တစ်နှစ်တာအတွင်း ကျွန်မတို့ ရှာဖွေ တွေ့ရှိချက်များ၊ လေ့လာသိရှိချက်များကို သုတေသန စာတမ်းဖတ်ပွဲတွင်   ပါမောက္ခ  ဆရာကြီး၊   ဆရာမကြီးများအပါအ၀င်   လာရောက်လေ့လာသော ပရိသတ်များ    ရှေ့မှောက်တွင်    ရှင်းလင်း တင်ပြနိုင်စွမ်း    ရှိရပါသည်။     နောင်တစ်ချိန်တွင် လူအများ၏ရှေ့ ရဲဝံ့စေရန် ကျွန်မတို့အား လေ့ကျင့်ပေးသည်ဟု ထင်မိပါသည်။
စာကြိုးစားရန်သာ  အားထုတ်ပြီး  လူ့လောကအကြောင်းနှင့်  ပရိယာယ်များကို  ကောင်းစွာ နားမလည်သေးသည့်    ကျွန်မ။    ထိုအချိန်တွင်    သေမတတ်   (တကယ့်ကို    ဘေးကျပ်နံကျပ်) အခြေအနေများနှင့် ရင်ဆိုင်ရပါသည်။ ထိုစာတမ်းဖတ်ပွဲသို့ မတက်ချင်ပါ။ စိတ်အားငယ်လှပါသည်။
မိဘများ၏ အားပေးမှုများကြောင့်သာ ရှေ့ဆက်နိုင်ခြင်းဖြစ်သည။် ==သမီးကြီး၏ သတ္တိနှင့် ဇွဲ၊ လုံ့လ၊ ၀ီရိယကို ယုံကြည်ပါသည်။ ကြိုးစားနေ သည်များကိုလည်း သိပါသည်။ မိမိအလှည့်တွင် ပရိသတ်ရှေ့ မတ်မတ်ရပ်ရန်သာ  စိတ်ဓါတ်ကို  ပြင်ဆင်ထားပါ။  တင်ပြချက်များကို  အဆင့်မမီဟု  သတ်မှတ်၍ ဤဘွဲ့ မရခဲ့လျှင်လည်း ပြန်သာလာခဲ့ပါ။ အပြစ်မတင်ပါ++ တဲ့ …။  ထိုနေ့၌ ကျင်းပသော စာတမ်းဖတ်ပွဲတွင်  သုတေသနအား  သေချာကျနစွာ  တင်ပြနိုင်သူ။  မေးခွန်းများအား  စေ့စပ်စွာ ဖြေဆိုနိုင်သူ   ဖြစ်ခဲ့ပါသည်။   ကျွန်မအား   ရဲဝံ့စေခဲ့သော   မိဘ။   စောင့်ရှောက် ကူညီပေးခဲ့သော ပါမောက္ခဆရာမကြီးအား  နေ့စဉ်  ရှိခိုးကန်တော့လျှက်။  ကျွန်မ၏  စိတ်ဓါတ်  ခိုင်မာလာအောင်၊ အခက်အခဲများအား  ကိုယ်တိုင်ဖြေရှင်းနိုင်အောင်  လေ့ကျင့်သင်ကြားပေးခဲ့သော  ဆရာမအားလည်း ယနေ့တိုင် ကျေးဇူးတင်လျက်။
တတိယစခန်း   ပန်းတိုင်အဆုံးတွင်လည်း   ကျွန်မတို့  ပြေးလမ်းဘေး၌ ရိက္ခာထုပ်များအပြင် အပန်းဖြေနားနေရန် နေရာများလည်း ရှိလာပါသည်။  ရှေ့စခန်း  နှစ်ခုထက် ပို၍များသော  ရိက္ခာကို ယူကာ ရောက်သောနေရာတွင် ကျေနပ်လိုက်သူများလည်းရှိပေသည်။
ဆက်လျှောက်ရမည့်လမ်းကား  မတ်စောက်၊  မြင့်မားသည့်  တောင်  (၅)လုံး  ကာရံလျက်။ မရပ်မနား ဆက်တိုက် လျှောက်နိုင်မှသာ အောင်မြင်ခြင်း ပန်းတိုင်သို့ ရောက်နိုင်ပါမည်။ နား၍မရပါ။ ဘ၀တစ်လျှောက်လုံး  ကြုံခဲ့သမျှ  အခက်အခဲများ  အားလုံးထက်  ပို၍ ခက်ခဲမှုများကို  တွေ့ရပါမည်။ တစ်သက်လုံး  တင်းထားခဲ့သော  မာနများ  ခ၀ါချခဲ့ ရပါမည်။ မွေးစမှသည် ထိုအချိန်မတိုင်ခင်အထိ စိတ်ပင်ပန်းမှုများ အားလုံးပေါင်းထက်  ပို၍ စိတ်ပင်ပန်းရပါမည်။  ဖိုထိုးသည့်  အဂ္ဂိရတ်သမားကဲ့သို့ ရှိသမျှထည့်ရပါမည်။  မိန်းကလေးများ  မျက်ရည်  မကျရသူ  အတော်ရှားပါလိမ့်မည်။  နေ့ည မသိ။
အစား၊  အအိပ်မမှန်  စသည့်  စသည့်  ဒုက္ခများခံနိုင်သူသာ  နောက်ဆုံး၊  အမြင့်ဆုံး  ပန်းတိုင်သို့ ရောက်ရှိပါလိမ့်မည်။ ကုသိုလ်ကံ အကျိုးပေး ကောင်းလွန်း၍ ထိုသို့ မကြုံရပဲ  လွယ်ကူသက်သာစွာ ပန်းတိုင်ရောက်ခဲ့သူများ   ရှိပါသည်   ဆိုလျှင်လည်း   ထိုသူတို့ အစား   မုဒိတာ ပွားပေးနိုင်ပါသည်။ ကျွန်မတို့ ရခဲ့သော ဘ၀၏သင်ခန်းစာများ။ ကျွန်မတို့ကြုံတွေ့ခဲ့သော တစ်သက်စာ လုံလောက်သည့် ခံနိုင်ရည်များ သူတို့ မရခဲ့သည့်အတွက်သာ စိတ်မကောင်းပါ။
ပညာဖြင့် ဘ၀ကိုတည်ဆောက်သည့်အခါတွင်  ပန်းတိုင်ငယ်များ  တစ်ခုပြီးတစ်ခု  အောင်မြင်၊ ကျော်ဖြတ်တိုင်း  ပတ်ဝန်းကျင် ပြောင်းလဲ လာသည့် နည်းတူ  ကျွန်မတို့အပေါ်  အများသူငါ၏  ပြောဆို ဆက်ဆံမှုများလည်း   ပြောင်းလဲလာမည်သာ။   အခြားသူတို့  အထင် မကြီးသေးပါ   ဆိုလျှင်လည်း ကိုယ့်အားကိုယ်ကိုး ကြိုးစားလာသူများ မိမိကိုယ်မိမိ ယုံကြည်စိတ် ခိုင်မာလာပါမည်။ ပညာသင်ကြား ရခြင်း၏    ရည်ရွယ်ချက်မှာ    မပင်မပန်း    ငွေရှာနိုင်ရန် တစ်ခုတည်း မဟုတ်ဟု ထင်ပါသည်။
လူ့လောကတွင်    နေထိုင်၊  ပြောဆိုတတ်စေရန်။  မည်သည့် အခက်အခဲမဆို  ရင်ဆိုင်တတ်စေရန်၊ ခိုင်မာသော စိတ်ဓါတ်နှင့်   အမူအကျင့် ကောင်းများအား   တစ်ဆင့်ပြီးတစ်ဆင့်   လေ့ကျင့်သင်ယူရန် တို့ကိုလည်း ရည်ရွယ်သည်ဟု ကျွန်မ ထင်မြင်မိပါသည်။
ခေတ်နှင့်  စနစ်အား  ပြောင်းလဲရန်  မစွမ်းသာသည့်အတွက်  ကျွန်မတို့၏  အရည်အချင်းကို ကိုယ်တိုင်မြှင့်တင်ရန်သာ ရှိပါသည်။ နေရာကောင်း၊ အခွင့်အရေးကောင်းကိုသာ လိုချင်၍ အပင်ပန်း မခံလိုသူများ အချိန်ကုန်ရုံသာ ရှိပါလိမ့်မည်။ အောက်ခြေမှစ၍ တစ်ဆင့်ပြီး တစ်ဆင့် တက်သွားသူများအား   ထိုင်ကြည့်ကာ   လှေခါးရင်း၌ ကျန်ခဲ့ပါလိမ့်မည်။   မိမိဘ၀အား   ပြောင်းလဲစေမည့် တန်ခိုးရှင်ဆိုသည်မှာ ဒဏ္ဍာရီပုံပြင်များတွင်သာ ရှိပါသည်။ အမှီကောင်း၊  အရိပ်ကောင်း  ဆိုသည်မှာလည်း    ရရန်သေချာသည် မဟုတ်ပါ။   ပန်းတိုင်သို့  ဖြတ်လမ်းဖြင့် ကျော်တက်ရန် ကြံစည်သည်  ဆိုလျှင်လည်း  လမ်းဖြောင့်၊  လမ်းမှန်မှ  သွားခြင်းနှင့်   ဂုဏ်သိက္ခာ၊  တန်ဖိုးခြင်း မတူနိုင်ပါ။
လက်မှုပညာ၊ အတန်းပညာ တတ်မြောက်သော်လည်း အပင်ပန်းမခံလိုသူများ၊ သူတစ်ပါးပေးမည့် အခွင့်အရေးကိုသာ စောင့်မျှော်နေ သူများသည် သိမ်ငယ်စိတ်နှင့်  ပတ်ဝန်းကျင်မှ အထင်သေးခြင်း ခံရပါမည်။ ဇွဲလုံ့လဖြင့် ရိုးသားစွာ ကြိုးစားသူများသည်သာ   ယုံကြည်စိတ်ဖြင့် ရှင်သန်နိုင်၍    ထိပ်ဆုံးရောက်ကာ    လူအများ    အားကျချီးကျူးခြင်း    ရရှိပါမည်။    ရိုးသားစွာ ကြိုးစားသူခြင်းတူပါလျှင် ပညာ ထူးချွန်သူက ရှေ့သို့ ပိုရောက်ပါလိမ့်မည်။
ကျွန်မတို့  မြန်မာလူငယ်များ  အရည်အသွေး၊  အစွမ်းအစ  မညံ့ပါ။  သင်ယူတတ်မြောက်ပြီးသော ပညာတို့အား အခြေခံ၍ မိမိ၏ ဘ၀နှင့် ပတ်ဝန်းကျင် မြှင့်တင်နိုင်သူများ ဖြစ်ပါစေကြောင်း …. ။
ထိုမှတစ်ဆင့် လူမျိုးနှင့် နိုင်ငံ့ဂုဏ်သို့….။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

နေနန်းရယ်တဲ့ ဖန်သူရိန်။ တန်ခိုးဥဏှဂူနှင့်
ကဆုန်ဟူ သည်မာသမှာ ပြင်းပြပူရှိန်။
ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့၊ ထွန်းလှတဲ့ငွေတာရိန်ငယ်။
ဒွတ္တိံသနေ့စွဲ။ 
ပန်းစကားဝါ၊ နန်းမရာကေသီဆင်လို့၊
ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့၊ ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်၊
ခါသဘင်ညောင်ရေသွန်းကြတယ်၊ လွမ်းစရာ့ပွဲ။

ကဆုန်လနှင့် ပတ်သက်၍ အထက်ပါအတိုင်း စာဆိုတော် ဦးပြုံးချိုက ရေးစပ် သီကုံးခဲ့ပါသည်။ ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုံ၊ ခူဆုံ၊ ခုဆုံဟု အမျိုးမျိုးခေါ် ဝေါ်ရေးသားခဲ့ကြသည်။ ဗေဒင်ကျမ်းအလို အားဖြင့် ဤလသည် ပြိဿရာသီဖြစ်ပြီး ဝိသာခါနက္ခတ်သည် လမင်းနှင့်အတူ ကောင်းကင်တွင် ယှဉ်ပြိုင်ထွန်းလင်း သောလဖြစ်သည်။ ရာသီရုပ်မှာ နွားလား ဥသဘရုပ်ဖြစ်ပြီး ဤလတွင် ရာသီပန်းအဖြစ် စကားဝါပန်းတို့ ဖူးပွင့်ကြသည်။ နေ့တာရှည်၍ ညတာတိုသော ရက်စုံလဖြစ်သည်။ ကဆုန်လသည် မြန်မာလများတွင် ဒုတိယ လဖြစ်၍ ဥတုသုံးလီတွင် နွေဥတု၌ပါဝင် သည်။ ဝေါဟာရလီနတ္ထဒီပနီကျမ်းအရ ကုဆုန်၊ ကဆုံတို့တွင် ကု-ကတို့သည် “ရေ” ဟု အဓိပ္ပာယ်ရရှိပြီး ဆုန်၏အဓိပ္ပာယ်မှာ သွန်း၊ လောင်း၊ ဖျန်းခြင်းဖြစ်သည်။ ပညာရှင် များက ဤလကို "ကံ ဥဒကံ ဆိန္ဒတီတိ ကဆိနံ"ယောမာသော၊ အကြင်လသည်။ ကံဥဒကံ၊ ရေကို။ ဆိန္ဒတိ၊ ဖြတ်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သောမာသော၊ ထိုလ သည်။ ကဆိနံ၊ ကဆုန်မည်၏။ ဟု ဝစနတ္ထပြုခဲ့ကြသည်။ ဤလသည် နွေရာသီ ၏ ဗဟိုချက်မကျသော လဖြစ်သဖြင့်လည်း
“ကဆုန် နယုန်-ဆွေ့ဆွေ့ခုန်”ဆိုသကဲ့သို့ ပူ လွန်း၍ ဆွေ့ဆွေ့ခုန်ရမတတ် အပူရှိန်လွန်ကဲ သောလဖြစ်သည်။

ဤလတွင် အင်း၊ အိုင်၊ ကန်၊ ချောင်း၊ ရေနုတ်မြောင်းများမှာ ရေများခန်းခြောက် ၍ သစ်ပင်ပန်းမန်များမှာ ညှိုးရော်ကာ သေလုမတတ် ရေဓာတ်ခန်းခြောက်သော ကာလ လည်းဖြစ်ပါသည်။ ဤမျှပူပြင်းသောလတွင် ပရိဘောဂစေတီတွင်ပါဝင်သော မဟာဗော ဓိပင်များ ဆက်လက်ရှင်သန်နိုင်ဖို့ရန် အတွက် ဗုဒ္ဓဘာသာဝင်များက ဗောဓိပင် ကို ရေဖြင့်သွန်းလောင်းပူဇော်ကြသော ဓလေ့သည် ရှေးယခင်ကပင် ပေါ်ထွန်းခဲ့ပါ သည်။ မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ် ကြီးပြီးဆုံးသောကာလမှစ၍ ကဆုန်လပြည့် နေ့ကို “ဗုဒ္ဓနေ့”ဟုသတ်မှတ်ပြီး နိုင်ငံတော် အစိုးရက ထိုနေ့ကို အများပြည်သူရုံးပိတ် ရက်အဖြစ် ဂေဇက်ဝင် သတ်မှတ်ပေးခဲ့ပါ သည်။
ဗုဒ္ဓဘာသာဝင်များသည် နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ကဆုန် ညောင်ရေသွန်းပွဲဖြစ်သည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို မြန်မာနိုင်ငံတစ်နံတစ်လျား နေရာအနှံ့အပြား ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ကြပါသည်။

ရှေးခေတ်အခါကစ၍ ဤလတွင် ဘုရင်နှင့်တကွ လုပ်သားပြည်သူများသည် ညောင်ရေသွန်းပွဲတော်ကို ရာသီပွဲတော် အဖြစ် ဆင်ယင်ကျင်းပလေ့ ရှိခဲ့ကြသည်။ မြန်မာနိုင်ငံတွင်သာမက သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအို၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ် အစရှိသော ဗုဒ္ဓဘာသာ ကို အများစုကိုးကွယ်ကြသည့် နိုင်ငံများမှာ လည်း ကဆုန်လပြည့်နေ့ကို နှစ်စဉ် “ဝီဆတ်ဒေး”ဟု သတ်မှတ်ပြီး မိမိတို့ သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှုများနှင့် တွဲဖက်၍ ခမ်းနားကြီးကျယ်စွာ ကျင်းပလေ့ ရှိကြပါသည်။

ကဆုန်လပြည့်နေ့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ အဖို့ အထူးမြတ်ဆုံးသော နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ကဆုန်လပြည့်နေ့၌ သုံး လောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား ရှင်သည် ဘုရားဖြစ်ရန်အတွက် ဒီပင်္ကရာ ဘုရားမြတ်စွာထံတော်ပါးတွင် နိယတဗျာဒိပ်ပန်းကို ဆင်မြန်းခဲ့သည်။ တစ်ဖန် B.C 624 မဟာသက္ကရာဇ် ၆၈ ခု၊ သောကြာနေ့ ကဆုန်လပြည့်နေ့၌ပင် ဖွားမြင်တော်မူခဲ့ သည်။ ထို့ပြင် ဗောဓိပင်နှင့် ရွှေပလ္လင်တွင် သစ္စာလေးပါးတရား သိမြင်ပြီး သဗ္ဗညုတ ဉာဏ်တော်ကိုရရှိသော B.C 589၊ မဟာ သက္ကရာဇ် ၁၀၃ ခု ဗုဒ္ဓဟူးနေ့သည် ကဆုန် လပြည့်။ မဟာပရိနိဗ္ဗာန်ဝင်စံတော်မူသော B.C 544 မဟာသက္ကရာဇ် ၁၄၈ ခု အင်္ဂါနေ့ သည် ကဆုန်လပြည့်စသည်ဖြင့် တိုက်ဆိုင်လှစွာ ကြုံခဲ့ပါသဖြင့် ဤနေ့သည် လွန်စွာ ထူးမြတ်သော နေ့ထူးနေ့မြတ်ကြီးတစ်နေ့ အဖြစ် သာသနာ့သမိုင်း တစ်လျှောက်တွင် ထင်ရှားခဲ့ပါသည်။ ထို့ကြောင့် ရှေးလူကြီး များက မှတ်သားရ လွယ်ကူစေရန်အတွက် “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန် နန်း”ဟု လင်္ကာပြုလုပ် ထားခဲ့ကြပါသည်။ ဗုဒ္ဓဘာသာဝင်များသည် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဘုရားပွင့်တော်မူရာ မဟာဗောဓိပင်ကို ဘုရားရှင်ကိုယ်တော်မြတ် အဖြစ် ကိုယ်စားရည်မှန်း၍ ညောင်ရေများ ဖြင့် သွန်းလောင်းပူဇော်ကြပါသည်။ ထို့အပြင် “ကာဠု၊ ယသော်၊ ညီတော်၊ ဆန္န၊ ကဏ္ဍက၊ သောဏ္ဏ၊ ဗုဒ္ဓဟေ”ဟူသော စကားအရ ဘုရားအလောင်းတော်နှင့် တစ်ချိန်တည်း တစ်ရက်တည်း မွေးဖွားခဲ့သော ဖွားဖက်တော် ခုနစ်ဦးတို့တွင်လည်း ဗောဓိပင်သည် ဖွားဖက်တော်တစ်ခု အဖြစ် ပါဝင်ခဲ့ပါသည်။

ဘုရားရှင်ကိုယ်တော်တိုင် ဗောဓိပင်ကို ပူဇော်ထိုက်ကြောင်းကို တေရသကနိ ပါတ်တော်လာ ကလိင်္ဂဗောဓိဇာတ်တော်၌ ဟောကြားတော်မူခဲ့ပါသည်။ ထိုဇာတ်၌ အနာထပိဏ် သူဌေးကြီး လျှောက်ထားသဖြင့် အရှင်အာနန္ဒာက ဘုရားရှင်အားပူဇော် ထိုက်သော စေတီတော်များအကြောင်း မေးမြန်းလျှောက်ထားသောအခါ ဘုရားရှင်က လောက၌ကိုးကွယ်ထိုက်ကြောင်း စေတီ သုံးမျိုးရှိသည်။
(၁) သာရီရိကစေတီ - ဘုရားရှင်၏ စွယ်တော်လေးဆူ တို့နှင့်တကွ အသွေးတော် အသားတော် စသည့် ဓာတ်တော်မွေတော် များ၊ (၂) ပရိဘောဂစေတီ - ဗောဓိပင်၊ သပိတ်၊ သင်္ကန်းပရိက္ခရာ ကျောင်းအိပ်ရာနေရာ စသည့် ဘုရားရှင်တို့၏ အသုံးအဆောင်ပစ္စည်းများ၊ (၃) ဥဒ္ဒိဿစေတီ - ဘုရားရှင် ကိုယ်စားထုလုပ် ကိုးကွယ်ကြသော နိမ္မိတ ရုပ်ပွားဆင်းတု တော်များ စသည့် သုံးမျိုးတို့ပင်ဖြစ်သည်။ ထိုသုံးမျိုးတို့ တွင် သာရီရိကစေတီတော်ကို ငါဘုရား သက်တော်ထင်ရှားရှိစဉ် မပြုလုပ်နိုင်၊ ဥဒ္ဒိ ဿစေတီတော်နှင့် ပရိဘောဂစေတီ နှစ်ပါးကိုမူ ပြုလုပ်နိုင်သည်။ ဘုရားရှင်တို့ အသုံးပြုသော ဗောဓိပင်မြတ်သည် ငါဘုရား သက်တော်ထင်ရှား ရှိစဉ်၌ပင် စေတီတော် မည်၍ ပူဇော်ထိုက်သည်ဟု မိန့်ကြားတော်မူ ခဲ့ပါသည်။ ထို့ကြောင့် ဗုဒ္ဓရုပ်ပွားဆင်း တုတော်များကို ပူဇော်သည့်ဓလေ့သည် ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ဗုဒ္ဓမြတ်စွာနှင့် မဟာဗောဓိပင်သည် ခွဲခြား၍မရကောင်းပါပေ။ မဟာဗောဓိပင် သည် ဘုရားရှင်၏သင်္ကေတဖြစ်သည်။ မြတ်ဗုဒ္ဓသည် ၃၅ နှစ်အရွယ် ဗောဓိပင် အောက်တွင်ပေါက်သော ရွှေပလ္လင်ထက်၌ မဟာသက္ကရာဇ် ၁၀၃ ခု ဃြ ၅၈၉ ကဆုန် လပြည့် ဗုဒ္ဓဟူးနေ့တွင် ပု, ဒိ, အာ ဟူသော ဉာဏ်တော်သုံးမျိုးကို ရရှိပြီး သဗ္ဗညုတဉာဏ် တော်ရှင်အဖြစ် လောကသုံးပါးတွင် ဘုရား စင်စစ် ဧကန်ဖြစ်တော်မူခဲ့သည်။ လပြည့် ကျော်တစ်ရက်နေ့မှစ၍ ပထမသတ္တာဟ အဖြစ် ဗောဓိပင်ရင်းတွင် ခုနစ်ရက်သီတင်း သုံးတော်မူ၍ ဒုတိယသတ္တာဟတွင် ဤမျှ ကျေးဇူးကြီးမားသော ဗောဓိပင်ကို ဘုရား ရှင်သည် အနိမိသ ကုန်းထက်မှနေ၍ ခုနစ်ရက် ပတ်လုံး မတ်တတ်ရပ်ခါ မမှိတ်မသုံသော မျက်စိဖြင့် ကြည့်တော်မူခြင်းဖြင့် ကျေးဇူး ဆပ်တော်မူခဲ့သည်။ ဤနေရာ၌ “ဗောဓိ” ဆိုသည်မှာ ဘုရားရှင်တို့၏ သစ္စာလေးပါး ကို ထိုးထွင်းသိမြင်၍ နိဗ္ဗာန်သို့မျက်မှောက် ပြုသော သဗ္ဗညုတဉာဏ်တော်ကို ဆိုလိုပါ သည်။ ထိုဉာဏ်တော်ရရှိရာအရပ် အပရာ ဇိတ ရွှေပလ္လင်ထက်၌ ပေါက်သော အပင်ကို “ဗောဓိပင်”ဟုခေါ်သည်။ ဥပမာ- ကကုသန် မြတ်စွာဘုရား၏ဗောဓိသည် ကုက္ကိုပင်ဖြစ် သည်။ ကောဏဂုံမြတ်စွာဘုရား၏ ဗောဓိ သည် ရေသဖန်းပင်၊ ကဿပမြတ်စွာဘုရား ၏ဗောဓိသည် ပညောင်ပင်၊ နောင်ပွင့်လတ့္တံ သော အရိမေတ္တေယျဘုရားရှင်၏ ဗောဓိ သည် ကံ့ကော်ပင် စသည်တို့ဖြစ်သည်။

ထို့အပြင် ကလိင်္ဂဗောဓိဇာတ်၌ ဘုရားရှင်ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးတော်မူစဉ်က လူအများသည် ပန်းနံ့သာ စသည်တို့ကိုကိုင်ဆောင်၍ ဘုရားရှင်ကို ပူ ဇော်ရန် လာရောက်ဖူးမြော်ကြသည်။ ထို အချိန်တွင် သုံးလူထွက်တင် ဘုရားရှင်သည် သတ္တဝါများကို တရားဒေသနာဖြင့် ချီးမြှောက် ဟောကြားဖို့ရန် ဒေသစာရီကြွချီတော်မူနေ ချိန်နှင့်ကြုံ၍ မဖူးမြော်လိုက် ကြရသဖြင့် စိတ်လက်မကြည်သာ ဖြစ်ကြရပြီး ဂန္ဓကုဋိ တံခါးဝတွင် ပန်းနံ့သာတို့ကို ချ၍ ပြန်သွား ကြရသည်။ ဤအကြောင်းကို အနာထပိဏ် သူဌေးကြီးက အရှင်အာနန္ဒာအား အကြောင်းစုံ လျှောက်ထား၍ သိရသဖြင့် အရှင်အာနန္ဒာမှ တစ်ဆင့် ဘုရားရှင်အား “ရှင်တော်မြတ် ဘုရား ဒေသစာရီကြွချီနေခိုက် ကိုယ်စား ပူဇော်မှုပြုလုပ် နိုင်ကြပါရန် မဟာဗောဓိပင် မှ မျိုးစေ့ကိုယူ၍ ဇေတဝန်ကျောင်းတော် တံခါးမုခ်၌ စိုက်ထားလိုကြောင်း” တောင်းပန် လျှောက်ထားခဲ့သည်။ ဘုရားရှင်က ထိုသို့ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့ပါလျှင် ငါဘုရား အမြဲရှိနေဘိသကဲ့သို့ ဖြစ်ပြီး ကုသိုလ်တရားများ တိုးပွားကြောင်းဖြစ်၍ ကောင်းမြတ်လှပေသည်ဟု နှုတ်တော်ဖြင့် ခွင့်ပြုတော်မူ ခဲ့ပါသည်။ ထို့ကြောင့် ဘုရားရှင်သည် မိမိကိုယ်စား ဖူးမြော်ခံ နိုင်ရန် အရှင်အာနန္ဒာအား မူလဗောဓိပင်မှ မျိုးစေ့ကို ဆောင်ယူစိုက်စေသည်။ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် ယူဇနာ ၆၀ ဝေးကွာသော ဗောဓိမဏ္ဍိုင် ကုန်းတော်သို့ ကောင်းကင်ခရီးဖြင့် ကြွချီ ၍ ကြွေကျဆဲဖြစ်သော မူလမဟာဗောဓိ မျိုးစေ့ကို သင်္ကန်းဖြင့်ခံ၍ ယူဆောင်လာခဲ့ ပြီး အရှင်အာနန္ဒအား ပေးအပ်သည်။ ထိုဗောဓိမျိုးစေ့ကို ဇေတဝန်ကျောင်းဝင်း တွင် တံခါးမုခ်၏ သတ်မှတ်နေရာ၌ အနာထပိဏ် သူဌေးသည် မြေသို့ချစိုက်လိုက်ရာ တန်ခိုးတော်ကြောင့် မြေသို့မရောက်မီ ထွန်တုံးပမာဏခန့် အတောင် ၅၀ မြင့်သော မဟာဗောဓိပင်သည် ပရိသတ်များ၏ ရှေ့မှောက်၌ပင် ခက်မငါးဖြာနှင့် ပြည့်စုံစွာဖြင့် အံ့သြဖွယ်ရာ ရုတ်ခြည်းပေါက် ဖွားလာခဲ့ပေသည်။ ထိုပွဲတော်တွင် ကောသလမင်းကြီးကိုယ်တိုင် ဦးဆောင်၍ ရဟန္တာ မထေရ်ကြီးများ၊ အနာထပိဏ်၊ ဝိသာခါ စသော သဒ္ဓါတရားနှင့်ပြည့်စုံသော အရိယာ ပုဂ္ဂိုလ်များစွာ ပါဝင်ကြသည်။ ထိုဗောဓိ ညောင်ပင်အောက်၌ပင် ဘုရားရှင်သည် တစ်ညတာနိရောဓသမာပတ် ဝင်စားတော် မူသည်။ ပေဿနဒီကောသလမင်းကြီးနှင့် တိုင်းသူပြည်သားတို့သည် ထိုမဟာဗောဓိ ပင်ကို ဘုရားရှင်ကိုယ်တော်အလား ပန်းနံ့သာ၊ ဆီမီး စသည်တို့ဖြင့် နေ့စဉ်ပူဇော် သက္ကာရပြုကြသည်။ ပူရှိန်ပြင်းသည့် ကဆုန် လသို့ရောက်သောအခါ မင်းနှင့်ပြည်သူတို့ သည် မဟာဗောဓိပင်မညှိုးရော်စေရန် ရေသွန်း ပူဇော်ပွဲသဘင်ကို ကျင်းပကြသည်။ ထိုအချိန်အခါမှစ၍ ကဆုန်ညောင်ရေသွန်း ပွဲတော်ပေါ်ပေါက်လာဟန် ရှိသည်ဟု ရှေးပညာရှင်များက ယူဆကြပါသည်။ ဤဗောဓိပင်ကို အရှင်အာနန္ဒာမထေရ် ကြီးမှူးစိုက်ပျိုးသဖြင့် “အာနန္ဒာဗောဓိ” ဟု အမည်တွင်သည်။ အိန္ဒိယသို့ ဘုရားသွားဖူး ကြသူတိုင်း အာနန္ဒာဗောဓိပင်ကို ဇေတဝန် ကျောင်းဝင်းတွင် ယနေ့တိုင် ဖူးမြော်နိုင်ပါ သည်။

အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောက မင်းတရားကြီးသည် အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်မြတ် ၏ အမိန့်ရှိတော်မူသည့် အတိုင်း မဇ္ဈိမဒေသ ဘုရားပွင့်တော်မူရာ မူလမဟာဗောဓိပင်ကြီး မှ တောင်ဘက်ကိုင်း (ဒက္ခိဏ “ တောင် + သာခါ = အကိုင်း) ကို ညောင်ပင်အောက် အင်းပျဉ်ပေါ်တွင် မင်းကြီးကိုယ်တိုင် ရပ်ကာ လက်ယာတောင်ကိုင်းကို ရွှေစုတ်တံဖြင့် ဟင်းသပြဒါး (ဆေးဒန်းမြင်းသီလာ) တို့ဖြင့် ရေးသားပြီး “အကယ်၍ မဟာဗောဓိပင် သည် သီဟိုဠ်ကျွန်း၌ တည်အံ့၊ ငါသည်လည်း ဘုရားသာသနာ၌ ယုံမှားကင်းသည်ဖြစ်တံ့၊ ဤဗောဓိပင်သည် အလိုလို ရွှေဖျဉ်း၌ တည်ပါစေသတည်း" ဟု သစ္စာဆိုလေ၏။ မင်းကြီး သစ္စာဆိုပြီးသည်နှင့် တစ်ပြိုင်နက် သတ်မှတ်ထားသော နေရာမှ ပင်စည်အမြင့် ဆယ်တောင်မျှရှိပြီး ဗောဓိသီးငါးလုံးပါရှိ သည့် လေးတောင်ခန့်မျှသော ခက်မငါးဖြာ နှင့် ပြည့်စုံသည့် လက်ယာတောင်ကိုင်းသည် အလိုလိုပြတ်၍ ရွှေဖျဉ်းထက်၌ တည်လာလေသည်။ ၄င်းဗောဓိပင်ကို သီရိဓမ္မာ သောကမင်းကြီး၏ သမီးတော်ဖြစ်သော သင်္ဃမိတ္တာရဟန္တာထေရီမသည် ပရိသတ် အခြံအရံများစွာနှင့်တကွ သီဟိုဠ်နိုင်ငံသို့ ဦးဆောင်၍ ပင့်ဆောင်ပြီး စိုက်ပျိုးခဲ့လေ သည်။ ထိုဒက္ခိဏသာခါ ဗောဓိပင်ကို ယခုတိုင် သီဟိုဠ်ဘုရားဖူး သွားသူတိုင်း သွားရောက်ဖူးမြော် ပူဇော်နိုင်ကြပါသည်။

မှတ်ချက် ။ ။ သီဟိုဠ်သားတို့သည် ထိုဗောဓိပင်များမှ ကြွေကျသော ဗောဓိကိုင်းနှင့် တကွ အရွက်များကို အမှုန့်ကြိတ်သရိုးကိုင်ပြီး ဗုဒ္ဓရုပ်ပွားဆင်းတုတော်ပုံများ ပြုလုပ်ကိုးကွယ်ကြသဖြင့် “ဒက္ခိဏသာခါ” ဟု ခေါ်သည်။ သက္ကရာဇ် ၇၈၈ ခုနှစ်၊ အင်းဝ နေပြည်တော်နန်းစံ မိုးညှင်းမင်းတရားကြီး လက်ထက်၌ သီဟိုဠ်မှ ဘုရားရုပ်ပွားတော် အဆူသုံးရာကျော် ပဏ္ဏာ ဆက်သလာသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် ဒက္ခိဏ သာခါ ဆင်းတုတော်များ စတင်ပေါ်ပေါက် လာကြောင်း သမန္တစက္ခုဒီပနီကျမ်းတွင် မိန့်ဆိုသည်။

မြန်မာနိုင်ငံသို့လည်း မဟာဗောဓိ ပင်မျိုးများ သာသနာရောက်စကပင် စတင် ရောက်ရှိခဲ့လေသည်။ အကြောင်းမှာ မြန်မာ တို့၏ ၁၂ လတွင် ဒုတိယလကို ကဆုန်လဟု နာမည်ပေးထားကြခြင်းမှာ ကု = ရေ + ဆုံ = သွန်းလောင်းခြင်းကိုစွဲ၍ ပေးခဲ့ကြသည်ကို ထောက်ဆသောအားဖြင့် မြန်မာနိုင်ငံတွင် ညောင်ရေသွန်းလောင်းခြင်း ဓလေ့သည် မဟာဗောဓိပင်ပွားများ ရောက်စကပင် ဖြစ်ပေါ်ခဲ့လိမ့်မည်ဟု မှန်းဆရပါသည်။ သက္ကရာဇ် ၆၅၃ ခုနှစ်စွဲ သင်ကြီးညောင်အုပ် ကျောက်စာ (ကျော) ၂၂၊ ၂၃ တွင် မီဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်ရိယ်သွန်၊ မပြစ်စေ လျင်တည်၏” စသော ပုဂံမြို့ စောလှဝန်း ကျောက်စာ အထောက်အထားများအရ ပုဂံခေတ်တွင် မဟာဗောဓိ ညောင်ပင်များ ကိုးကွယ်သောဓလေ့ ရှိနေပြီဖြစ်ကြောင်းနှင့် ပင်းယခေတ်တွင် ပေါ်ပေါက်လာသော
“စကားဝတ်စုံမြေ၊ သွန်းညောင်ရေ၊ ထုံးလေတန့်စကူး။ နွေလဆန်း၊ ဆန်းလေဦး၊ ဝတ်ဆံရွှေသား။ စံကားပွင့်လှဦး” ဟူသော ပြည်မင်း မျက်နှာရှည် ကာချင်းအရလည်း ကောင်း ပုဂံခေတ်၊ ပင်းယခေတ်တို့တွင် ညောင်ရေသွန်းလောင်းခြင်း ဓလေ့ရှိ နေပြီဖြစ်ကြောင်း ထင်ရှားပါသည်။ ပေါင်းလောင်းရှင်ခေါ်သည့် အရှင် ကဿပမထေရ်သီဟိုဠ်မှ ပင့်ဆောင်လာ သည့် ညောင်ရေသွန်းပွဲတော်သည် ကဆုန် လ၏ ရာသီပွဲတော်သာမက ဘာသာရေး ပွဲတော်လည်း ဖြစ်ပါသည်။

ဗုဒ္ဓပူဇနိယ ပွဲတော်များအနက် အထူးမြတ်ဆုံးဖြစ်ပြီး အလေးအနက်ထား အပ်သော မဟာဗောဓိပူဇာ ပွဲသဘင်လည်း ဖြစ်ပါသည်။ ဗုဒ္ဓသာသနာတော် ထွန်းကားရာအရပ်တိုင်း၌ “သာသနာတော် အစ မဟာဗောဓိပင်က” ဟူသော တူညီ သည့် ရည်ရွယ်ချက်တို့ဖြင့် မဟာဗောဓိပင် အား ဘုရားရှင်ကိုယ်တိုင်အလား အမွှေး နံ့သာရည်များဖြင့် သွန်းလောင်းပူဇော် လေ့ရှိကြသည်။ ဗုဒ္ဓဘာသာဝင်များသည် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဘုရားရှင် ဗောဓိဉာဏ်ကိုရရန် အားထုတ်တော်မူရာ၌ အမှီပြု အသုံးပြုတော်မူခဲ့သော ဗောဓိပင် ဖြစ်၍ စေတီသုံးမျိုးတို့အနက် ပရိဘောဂ စေတီတွင် ပါဝင်သည့် ဗောဓိပင်ကို ဘုရားရှင်အားရည်မှန်းပြီး ညောင်ရေသွန်း လောင်းပူဇော်ပွဲများ ပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံ၌ ကဆုန်လပြည့်နေ့ ရောက်သည်နှင့် ငါးပါး၊ ရှစ်ပါး စသည့် သီလများကို မိမိတို့တတ်စွမ်းသမျှ ခံယူ ဆောက်တည်ကြပြီး သက်တော်ထင်ရှား မြတ်စွာဘုရားကို အာရုံယူ၍ ဗုဒ္ဓါနုဿတိ ဘာဝနာများကို တစ်နေကုန်ပွားများ အားထုတ်ဖို့ လိုအပ်ပါသည်။ ဒါန၊ သီလ၊ ဘာဝနာကုသိုလ် ကောင်းမှုများကို ကြိုးစား ပြုလုပ်ကြရင်း မိမိတို့နီးစပ်ရာ ဗောဓိပင်များ သို့ သွားရောက်ပြီး အမွှေးနံ့သာရည်တို့ဖြင့် ယဉ်ကျေးသိမ်မွေ့စွာ သွန်းလောင်းကာ ကုသိုလ်ယူကြရပါမည်။ အချို့အသင်းအဖွဲ့ များသည် ရွှေတိဂုံ၊ ကမ္ဘာအေး၊ ဗိုလ်တထောင်၊ ဆူးလေစသော တန်ခိုးကြီး ဘုရားများတွင် စုပေါင်း၍ သံဃာတော်များ ပင့်ပြီး “အနေကဇာတိသံသာရံ” အစချီသော ဥဒါန်းဂါထာတော်များနှင့် “ဇယန္တောဗောဓိ ယာမူလေ" အစချီသော ဂါထာများကို
သံပြိုင်ရွတ်ဖတ် ပူဇော်နာယူကြပါသည်။ ညောင်ရေသွန်းလောင်းကြပုံမှာ - ဗောဓိပင်ကို ဗြဟ္မာ၊ နတ်၊ သိကြား၊ နဂါး၊ ဂဠုန်များက အရပ်ရှစ်မျက်နှာ ဝန်းရံ၍ စတုလောကပါလ နတ်မင်းကြီးလေးပါးတို့မှ အရပ်လေးမျက်နှာတို့တွင် နေရာယူထားကြ ပြီး တာဝန်ကျသူများက ညောင်ရေအိုး ကိုယ်စီဖြင့် အဆင်သင့်ဖြစ်သောအခါ အခမ်းအနားမှူးမှ ညောင်ရေသွန်းရန် အချိန်တန်ပြီဖြစ်ကြောင်း ပန်ကြားလိုက်သည်နှင့် တစ်ပြိုင်နက် အရပ်ရှစ်မျက်နှာမှ နတ်ဗြဟ္မာ အားလုံးတို့က “ဇယောဟိ ဗုဒ္ဓဿ သိရီမတော အယံ” အစချီသော ဂါထာကို သံပြိုင်ရွတ်ဆိုပူဇော်ပြီး ပြိုင်တူ ညောင်ရေ သွန်းလောင်းပူဇော် ကြပါသည်။

အထက်ပါဂါထာသည် ဘုရားရှင် ဗောဓိပင်နှင့် ရွှေပလ္လင်၌ မာရ်နတ်မင်းကြီးကို အောင်မြင်တော်မူစဉ်က မာရ်နတ်မင်း ရှုံးနိမ့်၍ အဝေးသို့ ထွက်ပြေးသွားသောအခါ နတ်ဗြဟ္မာများက စုပေါင်း၍အောင်ပွဲခံ ကြွေးကြော်ရွတ်ဆိုသော အောင်သံပေးဂါထာ ဖြစ်ပါသည်။
အဓိပ္ပာယ်မှာ “ဤပွဲကြီးသည် ကျက်သရေတော်များ သခင် ဘုရားရှင်၏ အောင်ပွဲသဘင်ကြီး ပါပေတည်း။ ယုတ်မာ ညစ်ညမ်းပညာကန်းသည့် မာရ်နတ်သား၏ ရှုံးပွဲကြီးပင် ဖြစ်တော့သတည်း” ဟု ဗြဟ္မာ၊ နတ်၊ သကြား၊ နဂါး၊ ဂဠုန်တို့က စုရုံးပြီး ဝမ်းမြောက်ဝမ်းသာ စကြဝဠာတစ်ခုလုံး သိမ့်သိမ့်တုန်အောင် ချီးကျူးကြွေးကြော် အော်ဟစ်ဂုဏ်ပြုသော အသံတို့ပင်ဖြစ်ပါသည်။

“တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊ သမေစိတ္တေ သမံ ဖလံ” ဟူသော ဘုရားဟောဒေသနာ အရ နိဗ္ဗာန်သို့ ကြွသွားတော်မူပြီးသော ဘုရားရှင်ကို အာရုံပြု၍ ပူဇော်ခြင်းသည် မျက်မှောက်ဘုရားရှင်ကို ဖူးမြော်ပူဇော် ရသကဲ့သို့ ဖြစ်၍ အကျိုးထပ်တူညီမျှဖြစ်၏ဟု ဟောကြားတော်မူခဲ့ပါသည်။ ပဉ္စဒိပိကာ ထေရီ ဝတ္ထု၌ ဗုဒ္ဓမြတ်စွာ၏ ပရိဘောဂစေတီ ဖြစ်သော ဗောဓိပင်ကို ဆီမီးငါးတိုင်တို့ဖြင့် ပူဇော်ခဲ့ဖူးသောကြောင့် ကမ္ဘာတစ်သိန်း တိုင်အောင် အပါယ်လေးပါးသို့မလား မကျ ရောက်ရဘဲ လူနတ်တို့၏ စည်းစိမ်ချမ်းသာ တို့ကိုသာ အထပ်ထပ်အခါခါ ခံစား၊ စံစား ရပြီး လောကီလောကုတ္တရာ ကောင်းကျိုး ချမ်းသာများတိုးပွား၍ အဆုံးဘဝ၌ မဂ်ဖိုလ် နိဗ္ဗာန်သို့ မျက်မှောက်ပြုခဲ့ရဖူးသည် ဆိုသည့် ဘုရားဟော ဒေသနာတော်အား ထောက်ထား၍ ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ပူဇော်သူများ အားလုံးတို့သည် ဘေးကင်းရန်ကွာ သုခချမ်းသာ ကျက်သရေမင်္ဂလာ တို့နှင့် ပြည့်စုံ၍ နိဗ္ဗာန်ရောက်ရန် သေချာသော အထောက်အပံ့ကောင်း စင်စစ်ဧကန်ဖြစ်ပါသည်။

ထို့ကြောင့် “ကဆုန်လပြည့် ဗုဒ္ဓနေ့” အခါ သမယတွင် ဘုန်းတော်အနန္တ၊ ကံတော် အနန္တ၊ ဉာဏ်တော် အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော် အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာ ဘုရားရှင်ကို အာရုံပြု၍ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းလောင်း ပူဇော်ရသဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ကြီးနှင့်တကွ နိုင်ငံသူနိုင်ငံသားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးအနန္တ ပြည့်စုံကြ၍ အောင်တိုင်းဌာန မြန်မာပြည်ဖြစ်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

The Voice Daily, May 23, 2013

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

There was an error in this gadget

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု