MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း၏ဒဏ်ကို တနှစ်ထက်တနှစ် ဆိုးဝါးစွာ တွေ့ကြုံနေရပြီး မုန်တိုင်းနှင့် ငလျင်ခြိမ်းခြောက်မှု အန္တရာယ် မြင့်မားစွာ ရင်ဆိုင်နေရကာ နိုင်ငံ၏ စိုက်ပျိုးရေး၊ စီးပွားရေးနှင့် လူမှုရေးကို အကြီးအကျယ် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ကြောင်း မြန်မာပညာရှင်များက ပြောသည်။

Myanmar-and-Natural-Disaster

ယခုနှစ် မတ်လ ၂၄ ရက်နေ့ ရှမ်းပြည်အရှေ့ပိုင်းငလျင်ကြောင့် တာလေမြို့ရှိ နေအိမ်အပျက်အစီးကြားမှ ဒေသခံတဦး (ဓာတ်ပုံ - Getty Images)

မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်က မြန်မာနိုင်ငံအနေနှင့် ၁၉၇၈ ခုနှစ်မှစတင်ပြီး အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှု ၃ မျိုးကို အကြီးအကျယ်ခံစားနေရကြောင်း၊ ပထမ ပြောင်းလဲမှုမှာ ၁၉၇၈ ခုနှစ်မှ စတင်ပြီး မုတ်သုံဝင်ထွက်မှု ပြောင်းလဲလာခြင်း၊ ဒုတိယ ပြောင်းလဲမှုမှာ ၂၀၀၆ ခုနှစ်မှ စတင်ပြီး မိုးတိမ်တောင်များ ဖြစ်ထွန်းလာခြင်း၊ တတိယပြောင်းလဲမှုမှာ အယ်လ်နီညိုနှင့် လာနီညာရာသီဥတုများ နှစ်စဉ်ကြုံ တွေ့လာရခြင်းတို့ဖြစ်ကြောင်း ရှင်းပြသည်။

ဒေါက်တာ ထွန်းလွင်က “မြန်မာနိုင်ငံအနေနဲ့ တနှစ်ထက်တနှစ် ပိုပြီးပူလာတယ်။ မိုးရေချိန်တွေ လျော့လာတယ်။ အဆိုးဆုံးကတော့ ၂၀၀၆ ခုနှစ်ကစပြီး မုန်တိုင်းတွေ နှစ်စဉ်ဝင်နေတယ်။ ရာသီဥတုပြောင်းလဲမှုဒဏ်ကို တော်တော်ခံနေရတယ်” ဟု ပြောသည်။

၁၉၇၈ ခုနှစ် ရှေ့ပိုင်းကာလက မိုးရာသီစုစုပေါင်း ၁၇၄ ရက်ရှိခဲ့သော်လည်း ၁၉၇၈ နောက်ပိုင်းကာလမှ ယခုအချိန်အထိ မိုးရာသီစုစုပေါင်း ၁၀၇ ရက်သာရှိတော့ပြီး မိုးရာသီကာလ တိုတောင်းလာကြောင်း၊ မုတ်သုံမိုး အ၀င်နောက်ကျခြင်း၊ အထွက်စောခြင်းများရှိလာကြောင်း၊ မိုးကြို၊ မိုးနှောင်းကာလများတွင် မုန်တိုင်းများ ဆက်တိုက်ဝင်လာကြောင်း သိရသည်။

“မုတ်သုံအ၀င် မမှန်တဲ့အတွက် မိုးရွာသွန်းမှုက စိုက်ပျိုးရေးအထောက်အကူပြုတဲ့ မိုးမဟုတ်တော့ဘူး။ ရွာရမယ့်အချိန်မှာ မရွာဘူး။ မရွာရမယ့်အချိန်မှာ ရွာတယ်။ ရွာပြန်တော့လည်း သည်းသည်းမည်းမည်းရွာတာ။ နေရာကွက်ပြီး ရွာတော့ သီးနှံတွေပျက်တာ၊ ရေတွေကြီးတာတွေ ဖြစ်တယ်” ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

၁၉၇၈ ခုနှစ်မတိုင်မီက တနှစ်လျှင် ပျမ်းမျှ မုန်တိုင်း ၁၀ ခု ၀င်လေ့ရှိပြီး မုန်တိုင်းအားလုံးမှာ မိုးရာသီကာလ ဖြစ်သော ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာများတွင် ဖြစ်ပေါ်ကာ အားလုံးသည် အင်အား ပြင်းထန်လေ့မရှိကြောင်း၊ ၁၉၇၈ နောက်ပိုင်းကာလတွင်မူ တနှစ်လျှင် မုန်တိုင်း ၆ ခု ပျှမ်းမျှ ၀င်လေ့ရှိပြီး မုန်တိုင်းအားလုံးမှာ အလွန်အင်အား ပြင်းထန်သော မုန်တိုင်းများဖြစ်လာကြောင်း သိရသည်။

၂၀၀၆ ခုနှစ်မှစတင်ပြီး မိုးတိမ်တောင်များ ပိုမိုဖြစ်ထွန်းလာပြီး လေဆင်နှာမောင်းများ တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လာခြင်းသည်လည်း မြန်မာ့ရာသီဥတု ပြောင်းလဲမှုအတွက် ထူးခြားမှုများဖြစ်သည်ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

၎င်းက “၁၉၅၇ ခုနှစ်က ရန်ကုန်မှာ လေဆင်နှာမောင်း တိုက်ခဲ့ဖူးတယ်။ အဲဒီအတည်းက လေဆင်နှာမောင်း မတိုက်ခဲ့တာ ၂၀၀၆ ခုနှစ်အထိ နှစ်ပေါင်း ၅၀ တိတိကြာတယ်” ဟု ဆိုသည်။

၂၀၀၆ ခုနှစ်တွင် လေဆင်နှာမောင်း ၁၆ ကြိမ်၊ မိုးကြိုးပစ်၍ သေဆုံးသူ ၁၀၀ ကျော်၊ ၂၀၀၇ ခုနှစ်တွင် လေဆင်နှာမောင်း ၁၁ ကြိမ်၊ မိုးကြိုးပစ်၍ သေဆုံးသူ ၆၀ ကျော်၊ ၂၀၀၈ ခုနှစ်တွင် လေဆင်နှာမောင်း ၈ ကြိမ်၊ မိုးကြိုးပစ်၍ သေဆုံးသူ ၈၀ ကျော်၊ ၂၀၀၉ ခုနှစ်တွင် လေဆင်နှာမောင်း ၁၆ ကြိမ်၊ မိုကြိုးပစ်၍ သေဆုံးသူ ၁၀၀ ကျော်၊ ၂၀၁၀ ခုနှစ်တွင် လေဆင်နှာမောင်း ၁၈ ကြိမ်၊ မိုးကြိုးပစ်၍ သေဆုံးသူ ၄၀ ကျော်၊ ယခု ၂၀၁၁ ခုနှစ် မတ်လအထိ လေဆင်နှာမောင်း ၂ ကြိမ်၊ မိုးကြိုးပစ်၍ သေဆုံးသူ ၃ ဦးကြောင်း သိရသည်။

၁၉၆၈ ခုနှစ်တွင် စစ်တွေမြို့သို့ ၀င်ရောက်ခဲ့သော မုန်တိုင်းကြီးကြောင့် လူပေါင်း ၁၀၃၁ ယောက် သေဆုံးခဲ့ပြီး မြန်မာနိုင်ငံတွင် ယခင်က လူအသေအပျောက်အများဆုံး မုန်တိုင်းဖြစ်ခဲ့ကြောင်း၊ သို့သော် ၂၀၀၈ ခုနှစ်တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး ဧရာဝတီတိုင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့သောအခါတွင်မူ လူပေါင်း ၁ သိန်း ၄ သောင်းနီးပါး သေဆုံးခဲ့ပြီး ကမ္ဘာပေါ်တွင် နံပတ် (၈) အဆင့် လူအသေအပျောက်အများဆုံးသော မုန်တိုင်းစာရင်းဝင်သွားမှုကလည်း မြန်မာ့ရာသီဥတု ဆိုးရွားလာမှုကို ပေါ်လွင်စေကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

၁၉၇၈ ခုနှစ်မတိုင်မီကာလများက အယလ်နီညို၊ လာနီညာရာသီဥတုကို ၇ နှစ် (သို့မဟုတ်) ၅ နှစ်လျှင် ၁ ကြိမ်သာ ခံစားရသော်လည်း ယခုအခါတွင်မူ နှစ်စဉ်ဆက်တိုက် (သို့မဟုတ်) ၂ နှစ် ၁ ကြိမ် ခံစားလာရကြောင်း၊ ယမန်နှစ်က အယ်လ်နီညို ရာသီဥတုကြောင့် အလွန်ပူပြင်းပြီး မြင်းမူမြို့တွင် အပူချိန် ၄၇.၂ ဒီဂရီစင်တီဂရိတ် ရောက်ရှိပြီး မြန်မာနိုင်ငံ၏ အမြင့်ဆုံးသော အပူချိန်စံချိန်သစ် တင်ခဲ့ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတွင် တွေ့ကြုံလာရသော အစွန်းရောက် ရာသီဥတုပြောင်းလဲမှုများကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသည် စိုက်ပျိုးသီးနှံဖြစ်ထွန်းမှု အနည်းဆုံးသောဒေသတခု ဖြစ်လာကြောင်း ပြည်တွင်းမှ ပညာရှင်များက ဆိုသည်။

ထို့အပြင် စစ်ကိုင်းပြတ်ရွေ့ကြီးပေါ်တွင် တည်ရှိသော မြို့တော်ကြီးများသည် ငလျင်အန္တရာယ် အထူးဂရုစိုက်ရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ပညာရှင်တဦးက စစ်ကိုင်းပြတ်ရွေ့တလျှောက်တွင် မြေနုချပ် ၂ ခုရွေ့နေပြီး အနောက်ဘက်ခြမ်းတွင် မြန်မာမြေနုချပ်၊ အရှေ့ဘက်ခြမ်းတွင် ဥရောပအာရှမြေနုချပ်တို့ ပြတ်ရွေ့ကြောင်းတလျှောက် ရွေ့လျားနေကြပြီး တိုင်းတာချက်များအရ ၁ နှစ်လျှင် ၁၈ မီလီမီတာ ရွေ့လျားနေကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ တလျှောက်တွင် တည်ရှိသော မြို့တော်များဖြစ်သည့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ ပုဂံ၊ တောင်တွင်းကြီး၊ ပဲခူးအပါအ၀င် လူနေထူထပ်သော မြို့ကြီးများစွာ ငလျင်အန္တရာယ် ကြုံတွေ့နိုင်ကြောင်း ပြောသည်။

“လူဦးရေထူထပ်တဲ့ မန္တလေးနားက စစ်ကိုင်းပြတ်ရွေ့က ဖြတ်သွားတယ်။ မန္တလေးက အောက်ခံမြေသား ပျော့တယ်။ နုန်းတင်မြေနုဖြစ်တယ်။ နောက်ပြီး မန္တလေးက တိုက်တွေက စံချိန်စံညွှန်း မရှိဘူး။ ဖောင်ဒေးရှင်းဘ သေသေချာချာမလုပ်ဘဲ အပေါ်အမြင်ပိုင်းလှအောင် ဆောက်ကြတာများတယ်။ ငလျင် အန္တရာယ်အစိုးရိမ်ရဆုံးနေရာတွေပဲ။ နေပြည်တော်ကလည်း ငလျင်ကြောပေါ်မှာရှိတယ်” ဟု ဘူမိဗေဒပညာရှင်တဦးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်နိုင်သော ငလျင်ကြောများစွာရှိပြီး ရခိုင်ပြတ်ရွေ့၊ စစ်ကိုင်းပြတ်ရွေ့၊ ရှမ်းပြည်နယ် မေမြို့အနီးရှိ ကျောက်ကြမ်းပြတ်ရွေ့၊ ပဲခူးရိုးမအနောက်ဘက်ခြမ်းပြတ်ရွေ့၊ သံတွဲ၊ ဗန်းမော်နှင့် အနောက်မြောက်ဘက်ရှိ အမည်မပေးရသေးသော ပြတ်ရွေ့များစွာရှိကြောင်း၊ ရှမ်းပြည်နယ် တရုတ်-မြန်မာ နယ်စပ်အနီးသည် ငလျင်အလှုပ်ဆုံးသော နေရာတခုဖြစ်ပြီး ရွှေလီပြတ်ရွေ့တည်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အပြင်းဆုံး လှုပ်ခတ်ခဲ့သော ငလျင်မှာ ၁၉၁၂ ခုနှစ်က မေမြို့အနီး ကျောက်ကြမ်းပြတ်ရွေ့ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်သော အင်းအား ၈ ရစ်ခ်ျတာစကေးအဆင့်ရှိ ငလျင်ကြီးဖြစ်ကြောင်း၊ စစ်ကိုင်းပြတ်ရွေ့တလျှောက်တွင်မူ လှုပ်ခတ်ခဲ့သော ငလျင်များတွင် ၇.၅ အဆင့်ရှိ ငလျင်ကသာ အပြင်းထန်ဆုံးဖြစ်ကြောင်း ထိုပညာရှင်က ပြောသည်။

၎င်းက ဆက်လက်၍ “၁၉၃၀ ခုနှစ် ပဲခူးငလျင်ကြီး ပြီးကတည်းက ငလျင်ကြီးတွေ မလှုပ်တော့တာ ခုဆိုရင် နှစ်ပေါင်း ၈၀ ကြာပြီးဆိုတော့ ငလျင်အန္တရာယ်ကတော့ သတိပြုရမယ့်အဆင့် ရောက်နေတယ်။ ငလျင်က မုန်တိုင်းလိုမျိုး ကြိုပြီးတော့လည်း မသိနိုင်တော့ သတိထားတာက မမှားဘူး” ဟု ပြောသည်။

ယခုနှစ် မတ်လ ၂၄ ရက်က ရှမ်းပြည်အရှေ့ပိုင်းတွင် ရစ်ခ်ျစတာ စကေး ၇ ရှိ လှုပ်ခတ်သည့် ငလျင်ဒဏ်ကြောင့် တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းရွာ၊ မိုင်းလင်းရွာနှင့် မိုင်းကိုးကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် လူ ၃၀၀ ကျော်သေဆုံးပြီး အိမ်ခြေ၊ ရုံးနှင့် သာသနိက အဆောက်အအုံများစွာ ပျက်စီးခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပေါ် အစိုးရက အလေးထား အာရုံစိုက်ခြင်း မရှိသည့်အတွက် နောင်အနာဂတ် မျိုးဆက်များသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများကို ခါးစည်းခံစားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ ပြတ်လပ်ခြင်းစသည့် ကပ်ဘေးများ ကြုံတွေ့နိုင်ဖွယ်ရှိကြောင်း ပြည်တွင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက သုံးသပ်ကြသည်။

http://www.bur.irrawaddy.org/index.php/news/6132-2011-04-05-07-42-54

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Wednesday, 6 April 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

There was an error in this gadget

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု