MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

အခုတလော အင်တာနက် စာမျက်နှာတွေအပေါ် တက်လာတဲ့ ပုံတွေရယ် အောက်က မှတ်ချက် (Comment) ပေးတာ၊ မေးတာတွေရယ်ကို ကြည့်ပြီး အခုဆောင်းပါးကို ရေးချင်စိတ်ဖြစ်လာတယ်။ ပုံတွေကတော့ သံဃာတော်တွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ပါဝင်ကြိုဆိုနေတဲ့ပုံတွေပါ။ အောက်ကရေးတဲ့ မှတ်ချက်တွေမှာလည်း ဘာသာရေးအတွက် တကယ်စိုးရိမ်လို့ ရေးတာတွေပါသလို တချို့လည်း တခုခုကိုရည်ရွယ်ပြီး ဝေဖန်ရေးသားတာတွေ တွေ့ရတယ်။ ကျောင်းက နှင်ထုတ်ခံရမယ် ဆိုတာရော နောက်ပြီး သံဃာတွေ ပါလာတာကို တချို့လည်း ဝမ်းသာအားရ ရေးတာတွေ တွေ့ရတာပါ။ တချို့ကတော့ တော်တော်ကို မုန်းမုန်းတီတီး ရေရွတ်ကြတာကိုတောင် တွေ့ရပြန်တယ်။

သံဃာတွေ နိုင်ငံရေးထဲပါလာတာ၊ ပိုတိတိကျကျပြောရရင် လက်ရှိ အာဏာရပါတီရဲ့ အတိုက်အခံဘက်ကို လေးလေးနက်နက် ထောက်ခံနေတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေလို အဖွဲ့အစည်းတွေကို အားပေးထောက်ခံနေတာမှာ ဘာလို့ ဒီလောက် မခံမရပ်နိုင် ဖြစ်နေရတာလဲ။ တကယ် သာသနာကို ကြည်ညိုဟန်နဲ့ သံဃာ့အဖွဲ့အစည်းကို အသုံးချနေတာကိုကျတော့ အဲဒီဝေဖန်သူတွေက ဘုန်းကြီးတွေ နိုင်ငံရေးလုပ်နေတာပါလို့ မသတ်မှတ်ကြပြန်ဘူး။ ဒါက အကြောင်းမဲ့ပြောနေတာ မဟုတ်ပါဘူး။ သံဃာတွေကို သူတို့လိုသလို အသုံးချနေတယ်ဆိုတာ သက်သေထောက်ပြစရာတွေ အခိုင်အမာရှိနေတာပါ။ အာဏာပိုင်တွေက သူတို့လိုတဲ့ကိစ္စမှာ အသုံးချဖို့ သံဃာ့အဖွဲ့အစည်းတွေကို အသုံးချတဲ့အခါ သံဃာတွေ နိုင်ငံရေးလုပ်တာလို့ မယူဆဘဲ သူတို့ မလိုလားတဲ့အခါမှာ သံဃာတွေ နိုင်ငံရေးလုပ်တယ်လို့ စွပ်စွဲပြောဆိုတာကတော့ လူတိုင်းသိတဲ့ ကိစ္စပါ။

သူတို့ (စစ်တပ်နဲ့ အာဏာရှင် အလိုတော်ရိများ) သတ်မှတ်ထားတဲ့ “နိုင်ငံရေးဘုန်းကြီး” ဆိုတာကို ရှင်းပါ့မယ်။ ၈၈ ကနေ ယနေ့အထိ သံဃာတွေ တောင်းဆိုနေ၊ ပြောဟောနေတာတွေ အားလုံးကို ကြည့်လိုက်ပါ။ နိုင်ငံရေးထဲ ပါဝင်ခွင့်ဆိုတဲ့ ကိုယ့်ရပိုင်ခွင့်ကို တောင်းတာပြောတာ၊ တခါမှကို မတွေ့ရသေးပါဘူး ။ သူတို့ နိုင်ငံရေးလုပ်နေတဲ့ ဘုန်းကြီးလို့ သတ်မှတ်ထားတဲ့ သံဃာတွေကလည်း ကိုယ့်ရပိုင်ခွင့်ကို ပေးပါပေးပါလို့ ကိုယ်ကောင်းစားရေးကို တောင်းနေသူတွေ တပါးမှမပါဘူးဆိုတာ ထင်ရှားပါတယ်။

လူ့အခွင့်ရေးလို့ ကျယ်လောင်စွာ အော်နေကြပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘုန်းကြီးဆိုတာ ရူးသွပ်နေသူတွေနဲ့ တတန်းတည်း အထားခံနေရတာကိုတောင် သံဃာတော်တွေက နစ်နာတယ်၊ ဆုံးရှုံးတယ်လို့ မပြောဘဲ ကိုယ့်အရေးကိစ္စကို လျစ်လျှူရှုထားကြသူတွေပါ။ (ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၉ ရဲ့ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိသူစာရင်းမှာ သာသနာ့ဝန်ထမ်း၊ ထောင်ဒဏ်ကျခံသူ၊ စိတ်ပေါ့သွပ်နေသူ စသဖြင့် ဖော်ပြထားပါတယ်။)

ထေရဝါဒတိုင်းပြည်ဖြစ်တဲ့ သီရိလင်္ကာမှာ လွှတ်တော်ထဲအထိ သံဃာတွေ ပြောပိုင်ခွင့်ရနေတာ၊ နောက် ကမ္ဘောဒီးယားလို နိုင်ငံမှာ ရရှိနေတဲ့ဘုန်းကြီးတွေရဲ့ အခွင့်အရေးတွေဟာ အင်တာနက်ခေတ်ကြီးမှာ မြန်မာဘုန်းကြီးတိုင်း သိနေတာပဲ။ ငါတို့နိုင်ငံမှာလည်း ရသင့်တယ်လို့ ပြောခွင့်ရှိတာပေါ့။ ဒါပေမယ့် ဘယ်သူမှ မက်မက်မောမော ပြောမနေပါဘူး။ တိုင်းပြည်လူထုအပေါ် အုပ်ချုပ်တဲ့သူက လူပီပီ အုပ်ချုပ်နေရင် ကျေနပ်မယ့် သံဃာတွေချည်းပါပဲ။ ပြည်သူပြည်သား ကိုယ်စိတ်နှစ်ပါး ချမ်းသာသုခရနေရင် ဘယ်သံဃာကမှ အပင်ပမ်းခံ ဝင်ပြောနေမှာ မဟုတ်ပါဘူး။

မနေ့တနေ့ကမှ ပေါ်လာတဲ့စစ်တပ်တောင် ငါတို့မပါလို့ မဖြစ်ဘူးဆိုပြီး မရမနေကုတ်ကပ် အာဏာကို ဖက်တွယ်နေချိန်မှာ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် သက်တမ်းရှိတဲ့ သံဃာ့အဖွဲ့အစည်းထဲက ဘယ်သံဃာကမှ ငါတို့သံဃာတွေလည်း မြန်မာလူ့အဖွဲ့အစည်းအတွက် မရှိလို့ကိုမဖြစ်ဘူးလို့ ပြောပြီး အာဏာထဲပါပါရစေလို့ ပြောမနေပါဘူး။ လွှတ်တော်ထဲ ဘယ်လောက်ပါရမယ်လို့များ သံဃာတွေက တောင်းဆိုလိုက်လို့ကတော့ ဘုရားပညတ်ခဲ့တဲ့ လေးပါးသော ပါရာဇိ (သာသနာတော်မှ ဆုံးရှုံးစေတတ်သော အာပတ်။ ကျူးလွန်မိလျှင် လူထွက်ရသော အာပတ်) ကို နောက်တပါးထပ်တိုးပြီး “ပဉ္စမ ပါရာဇိက” ဆိုပြီး အမိန့်နဲ့ထုတ်လိုက်မှာ မြင်ယောင်သေးတော့။

သူတို့လိုပြောကြစတမ်းဆို မြန်မာတွေနဲ့အတူတူ သံဃာ့အဖွဲ့အစည်းဟာ ပေါ်လာတာ ဖြစ်ပါတယ်။ မြန်မာ့လူနေမှု ဘဝတခုလုံး တည်ငြိမ်နေအောင် ထိမ်းထားပေးတဲ့အရေးမှာ သံဃာတွေဟာ အဓိကနေရာက ပါနေပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ လူတွေငါးပါးသီလမြဲနေရင် အားလုံးနီးပါး ပြည့်စုံနေပါပြီ။ လူတွေက သူများပစ္စည်းကို လူမသိအောင်ယူမှ ခိုးတယ်ထင်ကြတာ။ ငါးပါးသီလကို သေချာနားလည်ရင် အဒိန္နဒါနာဆိုတာကို၂၅ မျိုးတောင် ပြဆိုထားတာပါ။ အခုခေတ်ပြောပြောနေတဲ့ လာဘ်ပေးလာဘ်ယူတို့ ဆိုတာ ငါးပါးသီလကို တကယ် လိုက်နာသူတွေအတွက် ရှက်စရာကိစ္စပါ။

ဒါက သံဃာ့အဖွဲ့အစည်းဆီက ရလိုက်တဲ့ အသိတရားတခုကြောင့် လူတွေရဲ့ တရာဥပဒေစိုးမိုးရေးကို ဘယ်လောက် ထိထိရောက်ရောက် လုပ်ပေးနိုင်တယ်ဆိုတာသိရအောင် ပြောပြတာ။ ဒီလို ဗုဒ္ဓအဆုံးအမတွေက လူနေမှုဘဝကို အများကြီး အကူအညီပေးတာကို လူတွေသိရအောင် လုပ်ဖို့ဆိုတာ ဘုန်းတော်ကြီးတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်က အဓိက အရေးပါနေပါတယ်။ လူ့အခွင့်ရေး လူ့အခွင့်ရေးနဲ့သာ ပြောပြောနေတာ အခုအချိန်အထိ မြန်မာပြည်မှာ လူအခွင့်အရေး ချိုးဖောက်ခံရတဲ့ သူတွေကို စာရင်းကောက်ရင် သံဃာတွေက ထိပ်ဆုံးက ခံနေရတာပါ။

ရွှေညဝါ ဆရာတော်၊ အရှင်ဂမ္ဘီရတို့ ကိစ္စတွေကို ကြည့်ရင် ကမ္ဘာကတောင် ထပြောရတဲ့ အခြေအနေ။ ရှက်တတ်ရင် ရှက်ဖို့ကောင်းလိုက်တာ။ ဒါတွေက သံဃာ့အဖွဲ့အစည်းကို ခုတုံးလုပ်ပြီး၊ အာဏာရှင်အလိုကျ သံဃာ့အဖွဲ့အစည်းကို အသုံးချပြီး သံဃာချင်း ပြန်နှိပ်ကွပ်ခိုင်းလိုက်တာပါပဲ။

နောက် သံဃာတွေအတွက် ဘာသာရေး လွတ်လပ်မှုမရှိတဲ့ သာဓကတခုကတော့ ဒယ်အိုးဆရာတော်နဲ့ မေတ္တာရှင်ဆရာတော် နှစ်ပါးကို တရားဟောပြောခွင့် မရအောင် ဖန်တီးပြုလုပ်လိုက်တဲ့ ကိစ္စပါပဲ။ ဒီဆရာတော်နှစ်ပါးဟာ ပရဟိတ အလုပ်တွေကို အားတက်သရော လုပ်နေကြတာပါ။ ဒီတော့ လူတွေအပေါ် သြဇာရှိလာတယ်။ အသုံးချမရတဲ့အခါ တရားဟောဆရာတော်တွေဟာ သူတို့ရဲ့ရန်သူ ဖြစ်လာတယ်။

ဓမ္မာစရိယ မအောင်ရင် တရားဟောခွင့် မပြုရဘူးဆိုတာ လူတွေအမြင်မှာ ကပ္ပိယယောင်ယောင် ထင်ရတဲ့ ဘုန်းကြီးတွေအထက်က ဆရာလုပ်နေတဲ့သူ တယောက်နှစ်ယောက်ရဲ့ လက်ချက်ပါပဲ။ ပြောကြစတမ်းဆို သူတို့ သံဃမဟာနာယက ဆိုတဲ့ အဆင့်ဆင့်မှာရော ကျမ်းပြီးတဲ့၊ ဓမ္မာစရိယအောင်တဲ့ ဆရာတော် ဘယ်နှစ်ပါး ပါပါသလဲလို့ မေးပါရစေ။ နိုင်ငံ့အရေးကိစ္စတွေမှာ လိုအပ်သလို ဆောင်ရွက်နေတဲ့ တရားဟောဆရာတော်တွေထဲက သူတို့ခိုင်းတာကို အာခံချင်သူဆိုရင် အမျိုးမျိုး ဖိနှိပ်ပါပြီ။ သူတို့ဆိုတာက သံဃာ့အဖွဲ့အစည်းကို ပြောတာမဟုတ်ပါဘူး။ နိုင်ငံကို ချစ်ယောင်ပြပြီး စေတနာရှင်တွေ လှူတဲ့အလှူပေါ် နာမည်ကောင်း ဝင်ယူတတ်သူတွေကို ဆိုလိုတာ။ ဒီလူတွေကပဲ တိုင်းပြည်အာဏာကို ရယူထားကြတာ မဟုတ်လား။

သာသနာရေးဌာနက ဝန်ထမ်းဆိုသူတွေဟာ ကပ္ပိယလိုလိုနဲ့ ဘုန်းကြီးကို ဆရာလုပ်နေသူတွေပါ။ ထောင်ထွက် သံဃာတွေကို အမှုစီရင်ချက် မိတ္တူနဲ့တွဲပြီး သင်္ကန်းပြန်ဝတ်ခွင့် လျှောက်ရမယ်ဆိုတာ တကယ်က ဘယ်ဆရာတော် သံဃာတော်ကမှ တီတွင်ပြဌာန်းလိုက်တာ မဟုတ်ပါဘူး။ ဘုန်းကြီးရဟန်းဆိုတာ သူတို့ ခွင့်ပြုပြု မပြုပြု ဘုရားဥပဒေအတိုင်း မချိုးဖောက်သရွေ့ သံဃာပါပဲ။ ဘုရားဥပဒေမှာကို သိက္ခာတင် ပဉ္စင်္ဂ၊ သိက္ခာချ ဆဠင်္ဂဆိုတာ ရှိနေပြီးသားပါ။ ဘုရားစကားထက်ကျော်ပြီး ဘယ်ဆရာတော်ကမှ ပြုလုပ်ရဲကြမှာ မဟုတ်ပါဘူး။ အခုလိုလုပ်လိုက်တာဟာ သူတို့မလိုလားသူ တပါးပါးကို ကန့်သတ်ဖို့ဆိုတာ ထင်ရှားပါတယ်။

ဘုရားရဲ့ သာသနာ့ကိစ္စကို သံဃမဟာနာယက က မဆုံးဖြတ်နိုင်လို့ သာသနာရေးဝန်ကြီးထံ တင်ပြထားရတာကို ကိုယ်တိုင် ကြုံခဲ့ရဖူးတယ်။ သတင်းဌာနတခုက မေးတော့ သံဃမဟာနာယကရဲ့ အထက်မှာ သာသနာရေးဝန်ကြီး ရှိနေတဲ့ သဘောလားဆိုတာကို ဟုတ်တယ်လို့ ဖြေခဲ့မိလို့ အောက်ခြေက သာသနာရေးဝန်ထမ်းဆိုတဲ့ တယောက်က ဆတ်ဆတ်ခါ နာသွားဖူးသေးတယ်။

အကျဉ်းကျဖူးတဲ့ သံဃာဟာ သင်္ကန်းဝတ်ခွင့် ပြန်လျှောက်ရမယ်ဆိုတဲ့ ဒီပညတ်ချက်အသစ်ဟာ၂၀၀၇ ရွှေဝါရောင် နောက်ပိုင်းမှာမှ ထွက်လာတာပါ။ ရဲရဲအာခံရဲတဲ့ ဦးဂမ္ဘီရလို ပုဂ္ဂိုလ်မျိုးကျတော့ တခါခါခေါ်ခေါ်ပြီး နှိပ်စက်တာလောက်ကလွဲပြီး ပညတ်ချက် မလိုက်နာလို့ ထောင်မချရဲတော့ ပြန်ဘူး။ သတင်းစာက ခြိမ်းခြောက်၊ လူခေါ်ပြီးခြိမ်းခြောက်နဲ့ လုပ်နေပေမယ့် သင်္ကန်းဝတ်ခွင့် ပြန်မလျှောက်လို့ ထောင်ပြန်မချတာကတော့ ဦးဂမ္ဘီရကို ကြောက်လို့ မဟုတ်ပါဘူး။ သူတို့လိုချင်တာကို ကမ္ဘာက မတားဆီးရေးအတွက် စိုးရိမ်စိတ်ကြောင့်ပါ။

အခုချိန်မှာ နိုင်ငံရေးကို လွတ်လပ်ခွင့်ပေးနေပါပြီလို့ ကမ္ဘာကို ယုံအောင် အပြသက်သက်ပါပဲ။ တကယ်စေတနာ မပါသေးတာက သေချာပါတယ်။ ဘုန်းကြီးတွေတင် နိုင်ငံရေးနဲ့ မပတ်သက်စေချင်တာ မဟုတ်ဘူး။ လူတိုင်းကို ရသလောက် တားမြစ်နေဦးမှာပဲ။ ကျောင်းသားကို ကျောင်းဆရာကဆင့် နိုင်ငံရေးမလုပ်ဖို့ တားမြစ်ဦးမယ်။ ဘုန်းကြီးတွေကို ဘုန်းကြီးချင်း အမြင်လွဲအောင် အလုပ်တွေနဲ့ ပညာတွေ ပြနေဦးမယ်။

မဲစာရင်းအမှားတွေ ပေါ်နေတာကိုကြည့်ရင် မရိုးသားသူတွေ ရှိနေတာသက်သေပဲ။ ဘုန်းကြီးတွေက သူတို့အာဏာကို ထိပါးလာတာနဲ့ ပတ်သက်လို့ ပြောလာဆိုလာ (သူတို့အဆို နိုင်ငံရေးလုပ်လာ) ပြီဆိုရင် အရွံမုန်းဆုံးကိစ္စ ဖြစ်နေတတ်တယ်။ တကယ်က သာသနာ မညစ်နွမ်းစေလိုလို့ မဟုတ်ပါဘူး။ လူတွေကို အစည်းရုံးနိုင်ဆုံးက ဘုန်းတော်ကြီးတွေ။ ဒီတော့ ဘုန်းကြီးတွေရဲ့ပြောစကားတချက်ဟာ အာဏာကုလားထိုင်ကို အခြိမ်းခြောက်ဆုံးကိစ္စထဲ ပါနေတာကို သူတို့စိုးရွံ့တာ။

သာသနာကို တကယ်မညစ်နွမ်းစေချင်ရင် ဘုရားပညတ်ထားတဲ့ အကြီးမားဆုံးအပြစ်ကို ကျူးလွန်နေသူ ရဟန်းတွေကို ထိထိရောက်ရောက် လုပ်သင့်ပါတယ်။ ချဲထီကိစ္စ လုပ်နေတာလောက်၊ အရက်သေစာ သောက်စားတာလောက်ကို မသိကျိုးကျွံပြုတာ အကြီးမားဆုံးအပြစ် မဟုတ်သေးလို့လို့ ပြောလို့ရပါသေးတယ်။ နိုင်ငံကျော်အောင် အရှက်ရစရာကောင်းတဲ့ လာဘ်စားမှုကြီးတွေ၊ ကျောင်းပြဿနာအမှုတွေ၊ ကပ္ပိယယောင်ယောင် သီလကြောင်တွေနဲ့ ပေါင်းရိုက်တဲ့ခွင်ကို ကမ္ဘာအေးကုန်းမြေကနေ သံဃာတွေကို နှိပ်ကွပ်တဲ့ ကိုယ်တော်ကြီးတွေပဲ အနံ့တလှောင်းလှောင်း ထွက်တာမဟုတ်လား။ “ကူဋဝိနိစ္ဆယော လဉ္ဇဂ္ဂါဟော သဗ္ဗေသံ ပါရာဇိကမေဝ” (မမှန်မကန် ဆုံးဖြတ်ခြင်း၊ တံစိုးလက်ဆောင်စား၍ ဆုံးဖြတ်ခြင်းသည် ပါရာဇိက အာပတ်သင့်စေသည်) ဆိုတာ ဘုရားဟောထားးတာ သေချာပါတယ်။ ဒါမျိုးတွေကျတော့ အပြစ်မမြင်ဘဲ နိုင်ငံရေးစကားပြောလာသူ ဘယ်ရဟန်းဖြစ်ဖြစ် ရဟန်းမဟုတ်တော့သယောင် ပြောနေကြတာက ဘယ်ပါရာဇိက အပြစ်ကြောင့်ပါလဲလို့ မေးရမလိုဖြစ်နေပြီ။ တကယ်က သံဃာ့အဖွဲ့အစည်းဆိုတာ သူတို့လိုသလိုသုံးဖို့ ထားတဲ့ အဖွဲ့အစည်းဖြစ်နေတာ ကြာပါပြီ။

ဆရာတော် အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပြီး ယခုအခါ နယ်သာလန်နိုင်ငံ ဥထရက်မြို့ မေတ္တာ ဓမ္မဝိဟာရကျောင်းတွင် သီတင်းသုံးသည်။

http://burma.irrawaddy.org/archives/7572

ပို့စ်တင်သူ ။.............။ younger on Wednesday, 28 March 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

There was an error in this gadget

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု