MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

သမ္မတကြီး ဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာ (၉-၃-၂၀၁၂)

သမ္မတကြီးခင်ဗျာ ...

ဦးပဉ္စင်းသည် မြစ်ဆုံကိစ္စမှစ၍ သမ္မတကြီးကို လေးစားကြည်ဖြူလာခဲ့သူ ဖြစ်ပါသည်။ ယခုလည်း သမ္မတကြီးတို့ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စမှန်သမျှကို ဆက်လက်ထောက်ခံ အားပေးနေဆဲဖြစ်ပါသည်။

သမ္မတကြီး၏ မိန့်ခွန်းထဲ၌ အစိုးရသက်တမ်း တနှစ်တာကာလအတွင်းမှာ အကျဉ်းသားပေါင်း ၂၈,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း၊ ထိုသို့ ပေးခဲ့ခြင်းမှာလည်း အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ်ရေးနှင့် နိုင်ငံတည်ဆောက်ရေးမှာ အားလုံးပါဝင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ သမိုင်းတလျှောက်အရ တနှစ်အတွင်း၌ အကြိမ်ရေအများဆုံးပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် မှတ်တမ်းအသစ်တင်ရမည် ဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။

ထို့အပြင် “ပွင့်ပွင့်လင်းလင်းပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရှိရေးကို မျှော်မှန်းပြီး ဇန်န၀ါရီလအတွင်းမှာ ၂ ကြိမ်တိုင်တိုင် ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်” ဟု လွတ်ငြိမ်းချမ်းသာခွင့် ပေးရခြင်း၏ အကြောင်းကို ပွင့်လင်းစွာ ပြောပြသွားသည်ကိုလည်း တွေ့ရပါသည်။ လွတ်လပ်ခြင်းအလှူ ပေးလှူခဲ့ခြင်းနှင့် ပတ်သက်၍ သမ္မတကြီးသည် ဂုဏ်ယူဝင့်ကြွားထိုက်သည်ကို ဂုဏ်ယူဝင့်ကြွားခဲ့ခြင်း ဖြစ်သည်ဟု ထင်မြင်ယူဆမိပါသည်။ သို့သော် သမ္မတကြီးသည် လက်ကျန် ယုံကြည်ချက်အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ကား အရိပ်အမြွက်မျှပင် ပြောကြားခဲ့ခြင်းမရှိသည်ကို တွေ့ရှိခဲ့ရပါသည်။

သမ္မတကြီးခင်ဗျာ ...

လက်ရှိထောင်ထဲမှာ ကျန်ရစ်ခဲ့ကြသော ယုံကြည်ချက်အကျဉ်းသားများသည်လည်း အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် ကြားဖြတ်ရွေးကောက်ပွဲတို့မှာ ပါဝင်ခွင့်မရှိကြတော့ဘူးလား ခင်ဗျာ။ သူတို့ကို ချန်ထားခဲ့ခြင်းကြောင့် သမ္မတကြီး မျှော်မှန်းသည့် “အားလုံးပါဝင်ခွင့်” သည် ပြီးပြည့်စုံသော မျှော်မှန်းချက်ဟု ပြော၍ ဖြစ်နိုင်ပါမည်လားခင်ဗျာ။

သမ္မတကြီးခင်ဗျာ ...

ထောင်ကျသူချင်းအတူတူ မိဘက လွတ်လာပြီး သားသမီးက ကျန်နေခဲ့လျှင်၊ ဆရာက လွတ်လာပြီး တပည့်များက ကျန်နေခဲ့လျှင်၊ လွတ်လာသည့် မိဘဆရာသမားများ စိတ်ချမ်းသာစွာ၊ စိတ်ဖြောင့်စွာ နေထိုင်နိုင်ပါမည်လား ခင်ဗျာ။ ကျန်ရစ်သူ တပည့်သားသမီးများကရော ပိုပြီးအားငယ်၊ ပိုပြီးဝမ်းနည်းနှင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ ဖြစ်မလာနိုင်တော့ဘူးလားခင်ဗျာ။ ပြန်ခဲ့သူနှင့် ကျန်ခဲ့သူအပေါ် သမ္မတကြီး စက္ကန့်ပိုင်းလေးလောက် ကိုယ်ချင်းစာကြည့်စေချင်ပါသည်ခင်ဗျာ။

သမ္မတကြီးခင်ဗျာ ...

ပြစ်မှုတူ၊ ပြစ်ဒဏ်တူ၊ ပုဒ်မတူချင်းဖြစ်ပါလျက် အချို့ကို လွှတ်ပြီး၊ အချို့ကို မလွှတ်ဘဲ ထားခဲ့ခြင်းကြောင့် သမ္မတကြီး ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် မျှတမှုရှိသည့် လွတ်ငြိမ်းချမ်းသာခွင့်ဟု ဆိုနိုင်ပါမည်လား ခင်ဗျာ။ သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်သည်လည်း တရားမျှတသည့် အမိန့်ဖြစ်နိုင်ပါမည်လား ခင်ဗျာ။ သမ္မတကြီးသည်လည်း တရားသောမင်း ဖြစ်နိုင်ပါမည်လား ခင်ဗျာ။

ဘုရားလောင်း ဇနသန္ဒမင်းကြီး နန်းတက်စကာလ၌ ထောင်တံခါးများ အရှင်းဖွင့်၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးသည့် သာဓက ရှိခဲ့ဖူးပါသည်။ သမ္မတကြီးအနေဖြင့် ထောင်တံခါးများ ဟင်းလင်းဖွင့်၍ အရှင်းမလွှတ်နိုင်တောင် ယုံကြည်ချက်အကျဉ်းသားများကိုတော့ တယောက်မကျန် လွှတ်ပေးသင့်သည်ဟု ယုံကြည်မိပါသည်။ ကိုယ့်အိပ်ကပ်ထဲမှ စိုက်ထုတ်လှူရသည့် အလှူဒါနမျိုး မဟုတ်သောကြောင့် လွတ်ငြိမ်းချမ်းသာခွင့်တည်းဟူသော လွတ်လပ်ရေးအလှူကြီးကို တွန့်တိုဆုတ်နစ်မှုမရှိဘဲ အမြန်ပေးလှူစေလိုပါသည်။ သို့မှသာ သမ္မတကြီး မျှော်မှန်းသည့် ဒီမိုကရေစီနိုင်ငံတော်ကြီးသို့ အမြန်လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ အကြောင်းမှာ ဒီမိုကရေစီနိုင်ငံတော်များ၌ နိုင်ငံရေးအကျဉ်းသား (ယုံကြည်ချက်အကျဉ်းသား) မရှိသောကြောင့် (၀ါ) နိုင်ငံရေးအကျဉ်းသားရှိနေလျှင် ဒီမိုကရေစီနိုင်ငံ မပီသသောကြောင့် ဖြစ်ပါသည်။

၁၃-၁-၂၀၁၂ နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်လာသူ ...

ဦးပဉ္စင်း ဝီရသူ (မစိုးရိမ်)
ဓမ္မသဟာယကျောင်း၊ မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

http://drlunswe.blogspot.com/






ပို့စ်တင်သူ ။.............။ younger on Saturday 10 March 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု