ရာသီကား ကဆုန်လ၊
နေရာကား ကုသိနာရုံရှိ မလ္လမင်း တို့၏ အင်ကြင်းဥယျာဉ်တော်၊
အချိန်ကား မဟာသက္ကရာဇ် (၁၄၈ ခုနှစ်) ကဆုန်လပြည့်၊
ကြည့်လေရာရာ တောပန်းတောင်ပန်းတို့ ဝေဆာဖူးပွင့်နေသည်။ စိမ်းမြညိုမှောင်သော တောတောင်ဝန်းကျင်တို့တွင် ပန်းရနံ့တို့ဖြင့် ကြိုင်လှိုင်နေကြသည်။ အောက်ခြေမှစကာ တပင်လုံး ပွင့်နေကြသော အင်ကြင်းပန်းတို့ကား ကြည့်မ၀အောင်လှပနေပါတော့သည်။ ပင်လုံးကျွတ်ပွင့်နေကြသော အင်ကြင်းပန်းတို့ကား စိမ်းလဲ့တောက်ပြောင်နေသော တောတွင်းသစ်ပင် သစ်ရွက်များနှင့် ပနံရလှနေပေတော့သည်။
အင်ကြင်းပင် ကိုင်းကြားတို့တွင် ရောင်မျိုးငါးထွေ စိုပြေလှပ ပိတုန်းမတို့၏ ပျားပန်းခက်လှုပ်ရှားမှုသံ တ၀ီဝီသည် ဂီတသံအလား ထင်မှတ်မှားရပေသည်။ တောင်လေသုတ်ဖြူး ဆော်ကာမြူးလာရာ ပျားပိတုန်း အသံနှင့်အတူ မွှေးကြိုင်သင်းပျံ့သည့် ပန်းရနံ့တို့ကိုပါ ဆောင်ကြဉ်းလာပေတော့သည်။
ယခင်ကဒီလို အချိန်မျိုးမှာ ပင်လုံးကျွတ်မပွင့်တတ်ပါ။ ယခုအခါကား မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်အတွင်း မြောက်မှတောင်သို့ ခင်းထားအပ်သော ညောင်စောင်းရှိ မြတ်ဗုဒ္ဓအားပူဇော်ခြင်းဖြစ်ပေမည်။ ညောင်စောင်းခင်းထားရာ ခေါင်းရင်းနှင့်ခြေရင်းရှိ အင်ကြင်းပင်ပျို နှစ်ပင်စလုံးကလည်း ပန်းမိုးများ ရွာချဘိအလား မြတ်ဗုဒ္ဓကိယ်တော်ထက်သို့ တဖွဲဖွဲကြဲချလာပြန်ပါသည်။ အသေအချာကြည့်သော် လူ့ပြည်တွင် မမြင်ဘူးသေးသော ပန်းတို့ကိုပါ တွေ့လာရပါသည်။ ကောင်းကင်မှကျလာသည်မှာ မန္ဒာရ၀မည်သော နတ်ပန်းတို့ပါတကား။
ထိုကျလာသော ပန်းတို့ကား မွှေးကြိုင်လှပေရာ နတ်တို့၏ အမွှေးနံ့သာ အထုံအခိုးတို့ဖြင့် ကျလာခြင်းဖြစ်ပါသည်။ သက်မဲ့အင်ကြင်းပန်းတို့သာမက နတ်တို့ကပါ ပူဇော်သည့်အနေဖြင့် မန္ဒာရ၀ နတ်ပန်း၊ စန္ဒကူးနံ့သာမှုန့်တို့ကို ကြဲချပူဇော်ခြင်းပင်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓက သက်တော် (၈၀) ရှိခဲ့ပြီ (၄၅) နှစ်တာ ကာလပတ်လုံး အနားယူသည်မရှိပဲ သတ္တ၀ါ ဝေနေယျတို့ အကျိုးငှာ မနေမနား ခရီးသွားလာခဲ့ရာ ယခု့ညောင်စောင်းတွင် လှဲလျောင်းလျက်ရှိပေပြီ။ မြတ်ဗုဒ္ဓအနီးမှ ပြုစုလုပ်ကျွေးသော ရှင်အာနန္ဒာသည် မြတ်ဗုဒ္ဓကိုကြည့်ရင်း မျက်ရည်ဝဲလာခဲ့ရသည်။
ဆည်းတားဆို့ပိတ်ငြားသော်လည်း မျက်ရည်တို့ကား ဘယ်ကဘယ်လိုကျလာသည်မသိ၊ မြတ်ဗုဒ္ဓကိုကြည့်ရင်း ဖူးမြော်ရင်း အမြင်များေ၀၀ါးကာ ရင်ထဲဆို့တက်လာခဲ့ရသည်။ နောင်တော်ကြီးဘုရားကား အမှန်ပင် ပရိနိဗ္ဗာန်စံဝင်တော် မူပေတာ့မည်။
မိမိကားရဟန်းအလုပ်ကမပြီးသေး၊ အာယုသင်္ခါရကပ်လုံးနေနိုင်ကြောင်း မိန့်ကြားခဲ့စဉ်ကလည်း တစ်ကပ်လုံးဖို့ မလျှောက်မိ၊ တွေးရင်းတွေးရင်း ဖြေမနိုင်ဖြစ်လာရာ တောရိပ်တောင်ရပ်တို့ကလည်း အလွမ်းအပူကို ကူညီသလိုဖြစ်လာခဲ့သည်။
မျက်တောင်ကို တဖျပ်ဖျပ်ခတ်ရင်း မျက်ရည်ကိုထိန်းပါသော်လည်း မျက်ရည်တို့ကမရပ်၊ ရင်ထဲဗလောင်ဆူကာ သတိတို့ မကပ်တော့ ကြာလာလျှင် ခက်မည်စိုးတာကြောင့် ဘုရားအနားမှ အသာထကာ မလ္လမင်းတို့၏ ညီမူရာညီလာခံအနီး တိုင်ကြီးအားမှီကာ အားရပါးရငိုချလိုက်ချင်တော့သည်။ တတွေတွေစီးကျနေသော မျက်ရည်များကြားမှ မျက်စိအမြင်က ဗုဒ္ဓနှင့်ယခင်အတူတကွ သွားလာနေထိုင်ခဲ့ကြသည်တို့ကို ပြန်လည်မြင်ယောင်လာတော့သည်သာ။
ဘုရားရှင်လက်ထက်တော်က ရဟန်းတို့သည် ၀ါဆိုရန် နီးကပ်သောအခါ ကမဌာန်းသင်ယူရန်အတွက် ဘုရားရှင်ရှိရာသို့ လာရောက်စည်းဝေးလေ့ရှိကြသည်။ ၀ါကျွတ်သောအခါ မိမိတို့ သင်ယူအပ်သော ကမဌာန်းကို သင်ယူအားထုတ်သဖြင့် ရရှိသော မင်္ဂလာတရားထူးကို လျှောက်ထားရန် ဘုရားရှိရာသို့ လာရောက်စည်းဝေးကြလေ့ ရှိခဲ့သည်။
ယခုအခါ မြတ်ဗုဒ္ဓမရှိပါက လာရောက်တော့မည် မဟုတ်ပေ။ သာဝတ္တိက ဇေတ၀န်ကျောင်း၊ ရာဇဂြိုလ်က ဝေဠုန်ဝန်ကျောင်းတို့သည် ခြောက်ကပ်လျက်ရှိကာ ပရိသတ်တို့ကင်းမဲ့ကြပေတော့မည်။ မြတ်ဗုဒ္ဓထံလာဖူးသူတို့အား ဧည့်ခံဝတ်မပြုရတော့ပြီ။ လာဖူးသူတို့မေးမြန်းလျှောက်ထားခြင်းကို မြတ်ဗုဒ္ဓကဖြေကြားပါက သူတို့နှင့်အတူ တရားနာနိုင်သေး၏။ ယခုအခါ နောင်တော်ကြီးဘုရား မရှိရှာတော့သဖြင့် တရားနာရန်အတွက် အခွင့်အရေးလည်း ဆုံးရချေပြီ။
ဘုရားဖူးလာရဟန်းတို့ထဲမှ တရားဟောကောင်းသော ကတိကဆရာတေ် တပါးပါး ပါလာပါကလည်း တရားပွဲကျင်းပခဲ့ရ၏။ ယခုအခါ တရားပွဲလည်း ကျင်းပခွင့်မရတော့ပြီ။
ညနေချမ်းအချိန် ပန်းဆီမီးတို့ဖြင့် ပူဇော်လာကြသဖြင့် သာဝတ္တိပြည်မွန် ဇေတ၀န်ကျောင်းစသည်တို့မှာလည်း လူတို့ဖြင့်မပြတ်ပဲ ဘုရားဖူးလာပရိတ်တို့ဖြင့် စည်ပင်ကြသော်လည်း ယခုမြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော်မူပါက လာကြတော့မည် မဟုတ်ပေ စသည်ဖြင့် တွေးရင်း၊ စဉ်းစားရင်း ငေးငေး မှိုင်မှိုင်ထိုင်နေစဉ် မြတ်ဗုဒ္ဓက ရှင်အာနန္ဒာကို ခေါ်တော်မူခဲ့ပါသည်။
ငိုကြွေးရခြင်း အကြောင်းဆုံတို့ကိုလည်း မြတ်ဗုဒ္ဓမေးမြန်းသဖြင့် ပြန်လည်တင်ပြလျှောက်ထားခဲ့ပါသည်။
“မြတ်စွာဘုရား - အရပ်ရှစ်မျက်နှာတို့တွင် ၀ါကပ်၊ ၀ါကျွတ်ပြီးသော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမျှော်ကြရန် ရှေးအခါက ကြွလာကြကုန်၏။ ထိုသို့ကြွလာသော ကြည်ညိုမြတ်နိုးဖွယ်ဖြစ်သည့်ရဟန်းတို့ကို ရှေးအခါက တပြည့်တော်များ ဖူးမြော်ခွင့် ဆည်းကပ်ခွင့်ရခဲ့ပါကုန်။
မြတ်စွာဘုရား - ရှင်တော်ဘုရား ပရိနိဗ္ဗာန်စံတော်မူသွားပြီးနောက် ခါတွင်ကား ကြည်ညိုမြတ်နိုးဖွယ်ဖြစ်သည့် ရဟန်းတို့ကို ရှေးအခါကလို တပည့်တော်များ ဖူးမျှော်ခွင့်၊ ဆည်းကပ်ခွင့်ကို ရကြတော့မည် မဟုတ်ပါဘုရား” ဟု
အရှင်အာနန္ဒာက မြတ်စွာဘုရားကို လျှောက်ထားခဲ့ပါသည်။ ထိုအခါ မြတ်စွာဘုရားက “ချစ်သားအာနန္ဒာ - မစိုးရိမ်၊ မပူဆွေး၊ မငိုကြွေးလင့်၊ ချစ်ခင်မြတ်နိုးအပ်သော သူအားလုံးတို့နှင့် ရှင်ကွဲ ကွဲကွာခြင်း၊ သွေကွဲ ကွဲကွာခြင်း၊ ဘ၀ခြားလျက် ကွဲကွာခြင်းတို့ကို ရှေးမဆွကပင် ငါဘုရားဟောကြားခဲ့ပြီ မဟုတ်လော”
“ချစ်သားအာနန္ဒာ - အရာရာတိုင်းတွင် အသစ်ဖြစ်ပေါ် လာခြင်း၊ ထင်ရှားဖြစ်ပေါ်ခြင်း၊ ပြုပြင်ပေးရခြင်း သဘောရှိသဖြင့် ပျက်စီးခြင်းသဘောရှိသော တရားကို မြတ်စွာပင်ဖြစ်လင့်ကစား မပျက်စီးပါစေလင့်ဟု လိုလားတောင့်တချက်အတိုင်း အဘယ်မှာ ရနိုင်အံနည်း”
သင်ချစ်သားသည် ကုသိုလ်ကောင်းမှုတို့ကို များစွာပြုပြီးသူဖြစ်၏။ ကမဌာန်းအလုပ်ကို အားထုတ်ရစ်လော့၊ လျှင်စွာပင် ရဟန္တာဖြစ်ပေလိမ့်မည်” ဟု သောကပျောက်ရေး အားပေးတရား ဟောကြားတော်မူခဲ့ပါသည်။
ထို့နောက် မြတ်စွာဘုရားက “ချစ်သားအာနန္ဒာ - သဒ္ဒါတရားနှင့်ပြည့်စုံသော အမျိုးကောင်းသားအဖို့ ဖူးမြော်ထိုက်ပြီး ယင်းသို့ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတို့သည် လေးပါးရှိကုန်၏”
“သံဝေဇနိယ လေးဌာန”
(၁) ချစ်သားအာနန္ဒာ - လုမ္ဗနီအင်ကြင်းတောဌာသည် ထိုဌာနတွင်
“မြတ်စွာဘုရား ဖွားမြင်တော်မူ၏”
ဟု ကြံစည်အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်ပြီး ယင်းသို့ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်ပေသည်”
(၂) ချစ်သားအာနန္ဒာ - မဟာဗာဓိမဏ္ဍိုင်ဌာသည် ထိုနေရာတွင်
“မြတ်စွာဘုရားသည် အမြတ်ဆုံးသော သမ်မာသမ္ဗောဓိဉာဏ်တော်ကို ရရှိတော်မူ၏”
ဟု ကြံစည်အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်ပြီး ယင်းသို့ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်ပေသည်”
(၃) ချစ်သားအာနန္ဒာ - မိဂရာဝုန်တောအရပ်သည် ထိုနေရာတွင်
“မြတ်စွာဘုရားသည် အမြတ်ဆုံးသော တရားတော်ကို ဟောတော်မူ၏”
ဟု ကြံစည်အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်ပြီ၏။ ယင်းသို့ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်ပေသည်”
(၄) ချစ်သားအာနန္ဒာ - ကုသိနာရုံပြည်အရပ်သည် ထိုနေရာတွင်
“မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓါတ်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူ၏”
ဟု ကြံစည်အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်၏။ ယင်းသို့ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်ပေသည်”
ချစ်သားအာနန္ဒာ - သဒ္ဓါတရားနှင့်ပြည့်စုံသော ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပသကာဒါယကာ၊ ဥပသိကာဒါယိကာမများတို့သည်
၁။ လုမ္ဗိနီဌာနတွင် မြတ်စွာဘုရား ဖွားမြင်တော်မူ၏ ဟုလည်းကောင်း၊
၂။ မဟာဗောဓိ အောင်မြေဌာနတွင် မြတ်စွာဘုရားသည် အမြတ်ဆုံးသော သမ်မာသမ္ဗောဓိဉာဏ်တော်ကို ရတော်မူ၏ ဟုလည်းကောင်း၊
၃။ မိဂဒါဝုန်တောတွင် မြတ်စွာဘုရားသည် အမြတ်ဆုံးသော တရားတော်ကို ဟောကြားတော်ခဲ့၏ ဟုလည်းကောင်း၊
၎။ ကုသိနာရုံဌာနတွင် မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓါတ်ဖြင့် ၀င်စံတော်မူ၏ ဟုလည်းကောင်း၊ ကြံစည်အောက်မေ့လျှက် လာရောက်ကြလိမ့်မည်။
ချစ်သားအာနန္ဒာ - စေတီပုထိုးတို့ကို ဖူးမျှော်ရန်သွားလာလှည့်လည်ကြသော သူတို့သည် ကြည်ညိုစိတ်ရှိကြလျှက် သေကုန်လျှင် ထိုသူအားလုံးတို့သည် ကိုယ်ခန္ဓာပြတ်ကြွေသည်မှ နောက်ကာလတွင် ကောင်းသောလားရာ နတ်ရွာ သုဂတိသို့ ရောက်ရှိကြလိမ့်မည်ဟု မိန့်တော်မူခဲ့ပါသည်။
မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုခါနီးအချိန်ဝယ် ညီတော် အာနန္ဒာကို သံဝေဂဖြစ်ဖွယ်ရာ အပယ်တံခါးပိတ်မည့် လေးဌာတော်တို့အား မိန့်ကြားတော်မူခဲ့ပါသတည်း။
0 ( မှတ်ချက်ရေးချင်ရင် )