
ပြည်တွင်းအထည်ချုပ် လုပ်ငန်းတစ်ခု အတွင်းပိုင်း မြင်ကွင်း
“ဒီနှစ်ဆန်းပိုင်းကနေ စပြီးတော့ ပြည်တွင်း အထည်ချုပ်လုပ်ငန်းတွေ မှာပြည်ပကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံ မှုပြုဖို့ လာဆွေးနွေးကြတာများ လာတယ်။ ဖေဖော်ဝါရီနဲ့ မတ်လမှာတော့ အများဆုံးပဲ။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြတာထက် အပြန်အလှန် စိတ်ဝင်စားလို့ Business Matching တွေလုပ်ကြ၊ လေ့လာ ဆွေးနွေးနေကြတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်တာတော့ မရှိသေးဘူး။ အဓိကကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း အသေးစိတ် မသိရှိသေးတာကြောင့် လည်းပါတယ်”ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ဟောင်ကောင်နှင့် ဗီယက်နမ်မှ လာရောက်မှု အများဆုံးဖြစ်ပြီးဂျာမနီ၊ အမေရိကန်နှင့်အိန္ဒိယတို့မှ အနည်းအကျဉ်း လာရောက်ကြောင်း၊ ပြည်တွင်းမှ ဈေးကွက်ရရှိပြီးဖြစ်သည့် ကိုရီးယားနှင့်ဂျပန်မှ ကုမ္ပဏီအချို့ လည်းလာရောက်ကြောင်းသိရသည်။
“CMP အထည်ချုပ်လုပ်ငန်း တွေရဲ့ လက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် စက်ရုံအများစုမှာအရင်ရ ရှိထားတဲ့ အော်ဒါအဟောင်းတွေနဲ့ပဲ လည်ပတ်နေတာပါ။ အော်ဒါသစ်တွေ မရသေးပါဘူး။ လာမယ့် ဇူလိုင်လကိုတော့ စောင့်ကြည့်ရမယ်။ ပြည်တွင်း အထည်ချုပ်လုပ်ငန်းတွေအတွက် အော်ဒါသစ်တွေက ဇူလိုင်လမှာမှ ရရှိတာဖြစ်တဲ့အတွက်ကြောင့်ပါ”ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ပြည်တွင်းဈေးကွက်နှင့် ပတ် သက်၍”ကျွန်တော်တို့ Local ထည်တွေ အနေအထားကတော့ ဒီနှစ်ပိုင်း မှာ ဇန်န၀ါရီကနေ မေလအထိပုံမှန် ပါပဲ၊၊ အခုမိုးတွင်းပိုင်းဝင်လာတော့ အပ်ထည်နည်းနည်းပါးတယ်။ ရှေ့ဆက် အလားအလာကတော့ ခြုံပြီး မပြောနိုင်ပေမယ့်ကောင်းမယ်လို့ ထင်တာပဲ” ဟု ပန်းလေပြေ အထည်ချုပ် စက်ရုံမှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်း အထည်ချုပ်လုပ်ငန်းများ၌ ဟောင်ကောင်၊ တောင်ကိုရီး ယား၊ ဂျပန်နှင့် ဂျာမနီတို့မှ အများဆုံး ရင်းနှီးမြှုပ်နှံကြပြီး လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများသည် ဂျပန်နိုင်ငံဈေးကွက်ကိုသာ အဓိက ထားတင်ပို့လျက်ရှိကြောင်းနှင့် ဂျပန် ဈေးကွက်၏ဝေစု သုံးပုံနှစ်ပုံကိုမြန်မာ က ရရှိထားကြောင်း သိရသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း သည် ၂၀၀၃ ခုနှစ်မှစတင်ကာ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုကြောင့် စက်ရုံပေါင်း ၁၀၀ ကျော်ပိတ်သိမ်းခံရ ပြီး အထည်ချုပ် အလုပ်သမားပေါင်း ခြောက်သောင်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း၊ လက်ရှိအချိန်၌မူ ပြည်တွင်း၌ အထည်ချုပ်စက်ရုံပေါင်း ၁၅၀ ကျော်ရှိပြီး လုပ်သားပေါင်း ရှစ်သောင်းကျော်၊ ကိုးသောင်းဝန်းကျင်ဖြင့် လည်ပတ်လျက်ရှိကြောင်း သိရသည်။
0 ( မှတ်ချက်ရေးချင်ရင် )