အပါယ်(၄)ပါး
၁။ ငရဲ
၂။ တိရစ္ဆာန်
၃။ ပြိတ္တာ
၎။ အသူရကာယ်
(၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့်
(က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊
(ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့် ကာဠသုတ်ငရဲ ၊
(ဂ) အောက်မြေအပြင်မှာ မီးလျံတွေထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့ သွားပြီး ၊ နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာကြိတ်ကာ ပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ ၊
(ဃ) မီးတောက်တို့သည် တ၀ုန်းးဝုန့်း ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံ အလောင်ခံနေကြရသေ ရောရုာဝငရဲ ၊
(င) မီးခိုးတို့တစ်ငရဲလုံးဖုံး လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော မဟာရောရုဝငရဲ ၊
(စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊
(ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကား ခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပန ငရဲ ၊
(ဇ) မီးတောက်မီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ၀ါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တ၀ါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ၊ ဟု တံတိုင်းခတ်သကဲသို့ ရံပတ်၍နေသော ငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊
(၂) ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ခွေး ၊ ကြက် ၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေးချောင်း ၊ အခြေနှစ်ချောင်း ၊ အခြေအများ သတ္တ၀ါတို့နှင့် မြွေ စသော အခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့် တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊
(၃) တစ္ဆေ ၊ မှင်စာ ၊ သရဲ သဘက် အစိမ်းဖုတ်ကောင် ၊ကျတ်ကောင် စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊
(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူရကာယ် အရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊
ကပ်(၃)ပါး
(၁) သတ္တန္တရကပ် = လက်နက်ကြောင့် သေကြေပျက်စီးရခြင်း (ဤသတ္တဝါတို့ကား များသောအားဖြင့် ငရဲဘုံသို့ရောက်ကြရ၏။)
(၂) ရောဂန္တရကပ် = အနာရောဂါကြောင့် သေကြေပျက်စီးရခြင်း (ဤသတ္တဝါတို့ကားများသောအားဖြင့်နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။)
(၃) ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာပြတ်လပ်မှုကြောင့် သေကြေပျက်စီးရခြင်း (ဤသတ္တဝါတို့ကား များသောအားဖြင့် ပြိတ္တာဘုံသို့ရောက်ကြရ၏။)
ရပ်ပြစ်(၈)ပါး
မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသများဖြစ်ကြသည့်
(၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ စသော အပါယ်အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊
(၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိဉာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ် ၊
(၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ်အရပ် ၊
(၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊
(၇) ဘုရားပွင့်ဆဲအခါ တရားနာလည်းလောက်သော ဉာဏ်မရှိသူ ၊
(၈) တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊
ရန်သူမျိုး(၅)ပါး
(၁) ရေ
(၂) မီး
(၃) မင်း
(၄) ခိုးသူ
(၅) မချစ်မနှစ်သက်သောသူ
ဝိပတ္တိတရား(၄)ပါး
ဝိပတ္တိတရားဆိုသည်မှာ ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရလေ၏။
(၁) ကာလ၀ိပတ္တိ = မင်းဆိုး၊ မင်းယုတ်အုပ်စိုးသောအခါ ကာလ
(၂) ဂတိဝိပတ္တိ = အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍
(၃) ဥပဓိဝိပတ္တိ = ရူပါအဆင်းအင်္ဂါချို့တဲ့ခြင်း
(၄) ပယောဂ၀ိပတ္တိ = အသိအလိမ္မာ ဉာဏ်ပညာ၊ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို ကြံစည်မူ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊
ဗျဿနတရား(၅)ပါး
(၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်း
(၂) ဘောဂဗျဿန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း
(၃) ရောဂဗျဿန = အနာရောဂါဖြစ်ခြင်း
(၄) ဒိဋ္ဌိဗျဿန = မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း
(၅) သီလဗျဿန = သီလပျက်ခြင်း စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ -ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား - သောတာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊ အရဟတ္တမဂ် ၊ ဖိုလ်တရား - သောတာပတ္တိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊ အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊ နိဗ္ဗာန် ချမ်းသာ - ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ ၊သေခြင်းသဘောလည်း မရှိရာ ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗာန် စသော ၊ တရားတော်မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ မကျင်လည်ရတော့ပဲ အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား ။
0 ( မှတ်ချက်ရေးချင်ရင် )