MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ပြီးခဲ့သည့်နွေသင်္ကြန်….ကျွန်
တော်ရွာပြန်ဖြစ်ခဲ့သည်။
သင်္ကြန်ကလည်း နီးလာပြီ။ တက္ကသိုလ်ကလည်း ပိတ်ထားသည်။ အခွင့်ကြုံအခါသင့်မို့ အချိန်မလင့်စေချင်။ ရွာပြန်ရန်စီစဉ်ရဦးမည်။ အထူးသဖြင့် မွေးမိခင် အမေ့ကို လွမ်းမိသည်။ အမေနှင့်ဝေးနေရလျှင် မနေတတ်။ ဟိုတလောက မြောက်ဦးကအပြန် ရွာနှင့် အမေ့ဆီ ဝင်ခဲ့သေးသည်။ အမေနှင့် (၄) ရက်သာနေခဲ့ရပြီး ကျောင်းကိစ္စနှင့် ပြန်လာခဲ့ရသည်။ ဖြစ်ချင်ရာဖြစ်။ ကျွန်တော်ယတိပြတ် ဆုံးဖြတ်လိုက်သည်။ သည်နှစ်နွေသင်္ကြန်….ရွာပြန်ဦးမည်။
ဧပြီ (၂) ရက်နေ့။ ကားလက်မှတ်ကြိုတင်ခံထားသည်။ ကားထွက်မည့်အချိန်က မွန်းလွဲ (ဝ၂း ၁၅) နာရီ။ အိမ်ပြန်ရမည်ဖြစ်သောကြောင့် အလိုလိုပျော်နေမိသည်။ စိတ်ကလည်း ရွာနှင့် အမေ့ဆီ အမြန်ရောက်ချင်နေသည်။ နံနက်စာစားပြီးသည်နှင့် အဝတ်အစားအိတ်ကို ဆွဲပြီး ကားဂိတ်ဆီ ချီတက်ခဲ့သည်။ ဟိုရောက်တော့ အချိန်က (၁၂း ၃ဝ) သာရှိသေးသည်။
စာရေးဆရာဗီဇက မျိုးရိုးမဟုတ်ပါဘဲ ပါလာသည်။ ကားထွက်မည့်အချိန်ကိုစောင့်ရင်း တောင်တွေး၊ မြောက်တွေး တွေးနေမိသည်။ ကာရန်တွေ ရှာနေမိသည်။ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု တစ်ပုဒ်တစ်လေများ ထွက်ကျလာလေမလားဟူသည့်အတွေးနှင့် ဟိုသည် တွေးမိခြင်းပါ။ သို့သော် I T ခေတ်တွင် ကွန်ပြူတာဦးနှောက်တွေက ရှုပ်ရှက်ခတ်နေတော့ ကျွန်တော့်၏ ပုစွန်ဆိတ်ဦးနှောက်က လောလောဆယ်တွင် မျက်နှာငယ်ခဲ့ရသည်။ ရှိစေတော့။ အခု ရွာရောက်ရန်သာ ဆန္ဒပြင်းပြနေသည်။ ဟော…မွန်းလွဲ (ဝ၂း ဝဝ) ကျော်လာပြီ။ ခရီးသည်တွေ ကားပေါ်တက်ကုန်ကြပြီ။ ကျွန်တော်လည်း နည်းတူလိုက်တက်ပြီး ကိုယ့်ခုံနေရာတွင် ဝင်ထိုင်နေလိုက်သည်။ ခဏကြာသည်နှင့် ကျွန်တော်တို့၏ အမြန်ယာဉ်သည် ဂိတ်ဆုံးရှိရာ မြို့ကျောက်တော်ဆီ ဦးတည်ကာ ထွက်ခွါလေတော့သည်။
ကျွန်တော့်ရွာသည် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာ။ ဟိုကိုရောက်ဖို့အရေး (၃) နာရီနီးပါးစောင့်ရင်း ကားစီးရပေဦးမည်။ ကား၏စက်သံမှအပ ခရီးသည်များ တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ အားလုံး ကိုယ့်အတွေးနှင့်ကိုယ်။ ကျွန်တော်လည်း ထို့အတူပင်။ သို့သော် ဟိုအကြောင်း သည်အကြောင်းထက် ရွာနှင့် အမေ့အကြောင်းက ဦးနှောက်တစ်ခုလုံးကို ထိန်းချုပ်ထားသည်။
အာရုံထဲ အမေ့အပြုံးမျက်နှာပေါ်လာသည်။ သြော်…အမေ၊ မာတာမိခင်အမေ…။ အမေနေလို့မှ ကောင်းလေသလား။ ဟိုတလောကတော့ ရွာကသတင်းရောက်သည်။ အမေ ကျန်းကျန်းမာမာနှင့် ရှိနေသည်တဲ့။ တော်သေးသည်။ အမေမကျန်းမမာနှင့် တစ်ခုခုဖြစ်သော် အမေ့အနားမှာ အားကိုးမည့်သူမရှိ။ တစ်ခါတစ်ခါ အမေတစ်ယောက်တည်း အားငယ်နေရှာလိမ့်မည်။ အမေ့အနားမှာ အမေ့ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကိုဆောင်ရွက်ရင်း အမေ့ကိုပြုစုယုယနေချင်သည်။ သို့သော် ရွာနှင့်အဝေးမှာ ပညာရှာနေရသောကြောင့် အမေ့အတွက် စိတ်သွားတိုင်း ကိုယ်မပါဖြစ်။ ကျောင်းပိတ်သည်နှင့် အမေ့ဆီရောက်ဖြစ်အောင်တော့ သွားလေ့ရှိသည်။ အမေ့နွေးထွေးအရိပ်မှာ ချွေးသိပ်ရင်း အေးရိပ်ခိုချင်သည်။ တွေးရင်းက အမေ့ကို ပြန်မြင်ယောင်လာသည်။ ခုနေ အမေ့ကို ပြေးကြည့်လိုက်ချင်သည်။
“ အပေါက်ဝရွာမှ ခရီးသည်များ ဆင်းနိုင်ပါပြီ။ အပေါက်ဝရွာကိုရောက်ပါပြီ။ ” ဟူသည့် ကားစပယ်ယာ၏ အသံဗြဲကြီးကြောင့် ကျွန်တော့်အတွေးစများ လွင့်ပြယ်သွားကြသည်။ အင်း….ကျွန်တော်ချစ်သောရွာကို ရောက်နှင့်ပြီ။ စိတ်ထဲ ကြည်လင်လန်းဆန်းသလို ခံစားမိသည်။

ဆိုက္ကားကို အိမ်ရှေ့တွင် ရပ်ခိုင်းလိုက်သည်။ ဆိုက္ကားခ အကြွေငွေ (၂ဝဝ) ကျပ်တန်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။ ထိုစဉ် အိမ်ထဲမှ အမေ ထွက်လာပြီး ကျွန်တော့်ကို လာကြိုသည်။ အမေ့မျက်နှာ အပြုံးများနှင့် ဝင်းလက်တောက်ပနေသည်။ လှိုက်လှိုက်လှဲလှဲနှင့် ကြည်နူးဖွယ်ကောင်းလှသည်။ သို့သော် ကျွန်တော်ပထမဆုံးမြင်မိသည်က အမေ့အပြုံးမျက်နှာကို မဟုတ်။ အမေ့ဦးခေါင်းပေါ်က ဆံပင်ဖြစ်သည်။ ဆံပင်အမည်းများ နည်းပါးလာပြီး ဖြူဖွေးသော ဆံပင်များ အမေ့ခေါင်းပေါ်တွင် ဟိုနားတစ်စု၊ သည်နားတစ်စု နေရာယူလာကြသည်။ အမေ၏ ပြောင်းလဲလာသော ဇရာသဘော။ ကျွန်တော် အမေ့ကိုခေတ္တမျှ ငေးကြည့်နေမိသည်။ တစ်နေ့ထက်တစ်နေ့ ဇရာတရား၏ ဝါးမြိုခြင်းကို ခံနေရသည့်အမေ။ အခုမှ ကျွန်တော် အမေ့ကို သတိထားမိသည်။
အသက် (၆ဝ) အရွယ်ကို ကပ်နေပြီဖြစ်သည့်အမေ။ အမေ အိုနေပြီလား။ အမေ့ရုပ်သွင်က အိုမင်းခြင်းကို သက်သေပြုလျှက်ရှိသည်။ အမေ့ခေါင်းပေါ်တွင် ဆံပင်ဖြူတွေများနေသည်။ အမေ့မျက်နှာတွင် ပါးရေများ တွန့်ခေါက်စပြုလာပြီ။ အမေ့မျက်ချောင် သိသိသာသာနက်လာသည်။ အမေ့ကိုယ်လုံးလေး ပိန်ခြုံးပြီး အကြောများပင် ပြိုင်းပြိုင်းထလာပြီ။ အမေ့ခြေလှမ်းများ အင်အားယုတ်လျော့လာသည်။ အမေ့ခန္ဓာကိုယ်အစိတ်အပိုင်း ဟိုတစ်နှစ်၊ နှစ်နှစ်နှင့် လုံးဝမတူတော့။
ဟိုး….ဆယ်စုနှစ်အတွင်းက အမေ့ရုပ်သွင်ကို ပြန်ဆွဲယူကြည့်မိသည်။ ယင်းသည့်အချိန်…. ဆယ်ကျော်သက်အရွယ် အမေ။ အမေ့သွေးသားများ သန့်စင်နေခဲ့မည်။ အမေ့အသားအရေများ နူးညံ့ချောအိနေခဲ့မည်။ လှချင်တိုင်းလှပြီး ပချင်တိုင်းပနေခဲ့လိမ့်မည်။ အမေ့တွင် နက်စင်းပြီး ရှည်လျားသော ဆံပင်များရှိခဲ့သည်။ ကာလသားတကာကို ဆွဲဆောင်နိုင်သော အလှစွမ်းအင်များ ရှိခဲ့သည်။ ကြည့်လိုက်တိုင်း အမေနုပျိုပြီး လှနေပနေခဲ့သည်ချည်းပင်။ သည်အလှတရားနှင့်ပင် ထာဝရ ဖက်လှဲတကင်း နေခွင့်ရမည်ဟု အမေတွေးကောင်းတွေးခဲ့လိမ့်မည်။ သို့သော် နှစ် (၅ဝ) ကျော်အရွယ်တွင် အမေ့ကိုယ်လုံးကိုယ်ပေါက်၊ အမေ့ရုပ်သွင်၊ အမေ့အလှတရား….တစ်စစီ ပြောင်းလဲသွားခဲ့ပြီ။
တစ်ဆက်တည်းမှာပင် လာမည့်နှစ် (၂ဝ) အတွင်း အမေ့ရုပ်သွင်ကို ကျွန်တော်ပြေးပြီး တွေးကြည့်မိသည်။ ယင်းသည့်အချိန် အမေ တကယ်ကို အိုမင်းနေလိမ့်မည်။ တစ်ခေါင်းလုံးဖြူဖွေးနေသည့် ဆံပင်ပိုင်ရှင်အမေ….၊ အရိုးပေါ် အရေတင်နေမည့် အမေ….၊ မျက်စိတွေ မွဲနေလိမ့်မည်။ တုတ်ကလေးတစ်ချောင်းကို အမှီပြုပြီး ခါးကုန်းကုန်းနှင့် ဖြေးဖြေးချင်းသွားနေသည့် အဘွားအို အမေ….၊ ယောဂီဆင်လေးဖြင့် ဘုရားကျောင်းကန်သွားပြီး တရားအလုပ်ကို အားထုတ်နေလိမ့်မည်။ စိတ်ဓါတ်ကြံ့ခိုင်မှုမရှိဆိုပါလျှင် အမေတစ်ယောက် အိပ်ရာပေါ်ရောက်ပြီး ဗုန်းဗုန်းလဲဦးမည်။ ထိုအခိုက်အတန့်တွင် “ သေမင်းတမန်၊ ခေါ်လာပြန်လည်း၊ ဧကန်လိုက်မည်၊ မှတ်တော်တည်လော့ ” ဟု အမေ့စိတ်ထဲ အံကြိတ်ကာ နေကောင်းနေလိမ့်မည်။ ငါးဖောင်ရိုးအရုပ်၊ ကမ္မဋ္ဌာန်းအရုပ်ဖြစ်နေသော အမေ့နာမ်ရုပ်ကို အမေအပျိုဘဝက ရိုက်ကူးခဲ့သည့် ကာလာမဲ့ဓါတ်ပုံနှင့် နှိုင်းယှဉ်ကြည့်မိသည်။ အရာရာ ဆန့်ကျင်ဘက်ဆောင်လွန်းလှသည်။ အပျိုဘဝနှင့် အအိုဘဝ။ ပြောင်းလဲခြင်းသဘောသဘာဝအောက်တွင် အမေ လုံးလုံးကြီးနစ်မြုပ်ခဲ့ရသည်။
ကျွန်တော်အတွေးနယ်ချဲ့နေမိသည်။ အမှန်ဆိုလျှင် အမေသာမဟုတ်။ လူသားတိုင်း တစ်နေ့တစ်နေ့ အိုနေကြသည်ချည်း။ “ တစ်နေကွယ်၊ သေနယ်သို့ တစ်ရက်ကူး ” ဟု စာဆိုဦးပုညက သတိတရားပေးထားခဲ့သည်။ ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏ ဟု ရှိသည်မဟုတ်လား။ ခန္ဓာရလျှင် အိုရမည်။ အိုပြီးနာရမည်။ နာပြီးတဖန် သေမင်း၏ ခံတွင်းသို့ သက်ဆင်းကြရမည်။ မမြဲသော ကျွန်တော်တို့၏ သည်ခန္ဓာကိုယ်ကြီးကား အမြဲဖောက်ပြန်နေသည်။ အနိစ္စသဘောကို ဆောင်သည်။သည်နေ့ နေကောင်းသော်လည်း နက်ဖြန်ဖျားချင် ဖျားမည်။ အအေးမိပြီး ချောင်းဆိုးချင်လည်း ဆိုးဦးမည်။ ဒုက္ခတရားက သည်အပုပ်ကိုယ်ကြီးကို အချိန်ပြည့် သုခတွေပေးမည်မဟုတ်။ ဖောက်လွဲ ဖောက်ပြန်တတ်သော သည်ခန္ဓာကိုယ်ကြီးကား အမြဲယိုယွင်းနေသည်။ ပျက်စီးနေသည်။ အပုပ်တွေသာ အမြဲယိုထွက်နေသည်။ သို့သော် တစ်ချို့လူတွေ အသိခေါက်ခက် အဝင်နက်နေကြသည်။ သူတို့ကိုယ် သူတို့ မသေဆေးများ စားထားရဘိသကဲ့သို့ ရလာသည့် လူ့ဘဝတိုတိုလေးတွင် အလိုလို ဘဝင်တွေမြင့်နေကြသည်။ ရာထူး၊ ဂုဏ်သိန်၊ အတ္တ၊ မာန၊ ဓနတွေနှင့် အချင်းချင်း မာန်ကြွနေကြသည်။ ပြိုင်ဆိုင်နေကြသည်။ သို့ဆိုလျှင် သေလွန်သောအခါ ပိုင်ဆိုင်သမျှ အရာဝတ္ထုများ အတူတူလိုက်သေမည်လော။ မဟုတ်တန်ရာ။
လူဟူသည်မှာ ပိုးဖလံမျိုး မီးကိုတိုးနေကြခြင်းသာဖြစ်သည်။ တစ်နေ့တစ်နေ့ နေဝင်မိုးချုပ် အကုသိုလ်အလုပ်တွေနှင့် အချိန်ကုန်နေကြသည်။ အပျော်အပါးကိုလိုက်စားပြီး မိုက်မှားရင်း မိုက်မှားနေကြသည်။ အမှန်ဆိုရလျှင် လောကီ၊ လောကုတ် အကျိုးမယုတ်စေဖို့ ခုကတည်းက တရားဘာဝနာ အားထုတ်ရမည်။ သို့သော် ထိုသို့ မပြုမူ၊ မကျင့်ကြံကြ။ တရားအလုပ်ထက် အပုပ်ကိုယ်အနှံ့ အမွှေးနံ့သာဖြင့် လိမ်းကျံဖို့ကို ဦးစားပေးနေကြသည်။ ပြောခဲ့ပြီးသည့်အတိုင်း သည်လူ့ခန္ဓာကိုယ်သည် အချိန်မရွေး အပုပ်တွေသာ ထွက်ကျနေသည်။ မည်မျှပင် အလှဆင်ဆင် ဒေါင်းယောင်ဆောင်သော ကျီးမျှသာဖြစ်မည်။ အိုရမည်၊ နာရမည်၊ သေရမည်ကိုတော့ ကြောက်ကြသည်။ ခန္ဓာချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုသွားမည့်အရေး မတွေးမိကြ။ မဂ်လမ်း၊ ဖိုလ်လမ်းကိုတော့ လျောက်လှမ်းချင်ကြသည်။ တရားအလုပ် အားထုတ်ဖို့တော့ စိတ်ကူးမရ။ နည်းနည်းတော့ သဘာဝမကျချင်ပေ။ အ,ဝိဇ္ဇာကြောင့်ဟု ဆိုချင်သည်။ တဏှာကလည်း ပံ့ပိုးနေသေးသည်။ တွေးကြည့်လျှင် ရေးရေးပေါ်လာပါလိမ့်မည်။
ဘာရယ်မဟုတ်။ ကျွန်တော်တွေးနေမိခဲ့သည်။ အသက် (၂ဝ) ဝန်းကျင်သာရှိသေးသောကျွန်တော်….။ တရားသဘောတွင် နစ်မြောသွားခဲ့သည်။ ဖြေချင်းချက်တစ်ခုထွက်ကျလာသည်။ တရားအလုပ်ကို အားထုတ်မည်ဆိုလျှင် အသက်အရွယ်နှင့် လုံးလုံးမျှမဆိုင်။ စိတ်အားထက်သန်မှုသာလိုသည်။ သို့သော် ကျွန်တော်သည် တရားဘာဝနာဘက်ကို ခေတ္တမျှ အလည်သွားခြင်းသာဖြစ်သည်။ ထို့ကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကိုလည်း ဖြည်းဖြည်းချင်း နားလည်လာသည်။ တဒင်္ဂအတွင်း အမေ့ကို သံဝေဂယူမိခြင်းကြောင့်ဖြစ်သည်။ အမေပေးသော သံဝေဂဖြင့် ကျွန်တော့်စိတ်ကို တရားသဘောဘက်သို့ ယိမ်းယိုင်ညွတ်ကျသွားစေသည်။ ကျွန်တော်ထပ်ဆင့် တွေးမိသည်။ “ လာမည့် နွေသင်္ကြန်အတွင်း ချစ်သူငယ်ချင်းတွေနှင့် ကဲမည့်အစား ရွာရှိဘုန်းကြီးကျောင်းတွင် ဥပုသ်သီလဆောက်တည်ပြီး တရားဘာဝနာစီးဖြန်းလျှင် ကောင်းမည်လား ” ဟု……..။ ။


--


မှ
•*♥*• မာန်ယုကျော် ( ရွှေဝမြေ )•*♥*•

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Sunday 13 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု