MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

သူတော်ကောင်း ပုဂ္ဂိုလ် များသည် မိမိတို့ သိထား သော တရားကို ဟောပြော ရာ၌ ထင်ရှား ကျော်ကြား လိုခြင်း၊ ပစ္စည်း ဥစ္စာ ရရှိ လိုခြင်း၊ အခြွေအရံ ပေါများလိုခြင်း စသော အလိုဆိုးမျိုး နှင့် ဟောကြားခြင်း ပြုလေ့မရှိ။ တရားနာ သော ပုဂ္ဂိုလ်များ ချမ်းသာမှု ကို ရစေလို သော မေတ္တာ သက်သက် နှင့်သာ ဟောကြားလေ့ ရှိသည်။ တရားနာ သူများ ဆင်းရဲမှုမှ လွတ်စေလို သော ကရုဏာ သက်သက် နှင့်သာ ဟောကြားလေ့ ရှိသည်။ တရားနာသူ များ၏ ကုသိုလ် တရားများ ကို နှစ်လိုသော မုဒိတာ ဖြင့်သာ ဟောကြားလေ့ ရှိသည်။ တရားနာ သူများအပေါ် မငြိတွယ် မချည်နှောင် သော ဥပေက္ခာဖြင့် သာ ဟောကြားလေ့ ရှိသည်။ ဤကဲ့သို့သော အလိုဆိုး ကင်းတော်မူကြသော သူတော်ကောင်း များနှင့် ပေါင်းဖက် ရ၍လည်း အိုတတ်၊ နာတတ်၊ သေတတ် သော၊ တွေဝေ တတ်သော၊ မှားယွင်းစွာ ကျင့်တတ်သော သတ္တ၀ါများ သည် မအို မနာ မသေရာ မြတ်သော နိဗ္ဗာန် သို့ မျက်မှောက် ပြုနိုင်သည် အထိ ပညာဥာဏ် များ ရင့်ကျက် မြင့်တက် လာနိုင်ခြင်း ဖြစ်သည်။


မဟာ သက္ကရာဇ် (၁၀၃) ၀ါဆို လပြည့်နေ့ က ဖြစ်ခဲ့၏။ ခရီးရှည် ကို ကြွလှမ်း လာသော မြတ်ဘုရား သည် ဖန်ရည်ဆိုး သော သင်္ကန်းကို ရုံလျက်ပင် မိဂဒါဝုန် တောသို့ ၀င်တော် မူ၏။ ကိလေသာ ကင်းသဖြင့် အေးချမ်း တင့်တယ် သော မြတ်ဘုရား ကို အဘယ်သူ မကြည်ညို ပဲ နေနိုင်အံ့ နည်း။ ခရီးဦးကြို မပြုရန် တိုင်ပင်ထားသော ပဉ္စ၀ဂ္ဂီငါးပါးသည်ပင် ကတိ ကိုဖျက်၍ ခရီးဦးကြို ပြုကြရ၏။ ရှိခိုး ပူဇော် ကြရ၏။ ပြုစု နှုတ်ဆက် ကြရ၏။

ဆည်းဆာချိန် ဖြစ်၏။ နေမင်းသည် ၀င်လုဝင်ခင်။ လမင်းသည် ပြူစတစ်စ။ သူတော်ကောင်း ဓာတ်ကြောင့် မိဂဒါဝုန်သည် အေးမြ ရွှင်ပျနေ၏။ တော၏ ဆိတ်ငြိမ်ခြင်း တွင် သူတော်ကောင်း ဓာတ် ထပ်ပေါင်း၍ နှစ်လိုဖွယ် သဘောကို ဆောင်နေ၏။

မြတ်ဘုရား သည် ပဉ္စ၀ဂ္ဂီငါးပါးတို့ ရှေ့ဝယ် ထက်ဝယ်ဖွဲ့ ခွေ၍ ဘိက္ခဝေ(ရဟန်းတို့) ဟုခေါ်ဝေါ် နှုတ်ဆက်တော်မူ၏။ ဤကား တရားဆည်းလည်း၏ အစတည်း။

ပဉ္စ၀ဂ္ဂီ တို့ကား သီလ စင်ကြယ်ပြီး သူတည်း။ သဒ္ဓါ ဆန္ဒ ၀ီရိယ ပြည့်စုံပြီးသူ များတည်း။ သို့ဖြစ်၍ မြတ်ဘုရား၏ တရား ဆည်းလည်း လှုပ်တိုင်း လှုပ်တိုင်း ပဉ္စ၀ဂ္ဂီ တို့၏ ဓမ္မအမြင် သည် တိုး၍တိုး၍ လာချေ၏။

ရှေးဦးစွာ (ပဉ္စ၀ဂ္ဂီ တို့သည်) ဇာတိ ဇရာ မရဏ သည် လည်းကောင်း၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း သည် လည်းကောင်း၊ ခန္ဓာငါးပါး သည် လည်းကောင်း ဒုက္ခသစ္စာ ဟူ၍ (တရားတော် ကို) ကြားနာခြင်း အားဖြင့် လည်းကောင်း (မိမိတို့ ကိုယ်တိုင် ဆက်လက်၍) တွေးခေါ်ခြင်း အားဖြင့် လည်းကောင်း သိရှိ လက်ခံ ကြ၏။ ဒုက္ခသစ္စာ ၏ အကြောင်းကား ဘ၀ကို လိုချင်သော တဏှာ၊ ရပြီးသား ဘ၀ကို တည်မြဲ စေလိုသော တဏှာ၊ ရပြီးသား ဘ၀ကို မကျေနပ် မနှစ်ချိုက်ဘဲ အသစ် အသစ် ကို မျှော်လင့်သော တဏှာ များသာတည်း ဟူ၍ ကြားနာခြင်း အားဖြင့် လည်းကောင်း၊ တွေးခေါ်ခြင်း အားဖြင့် လည်းကောင်း သိရှိ လက်ခံ ကြ၏။

ဤ တဏှာ၏ အကြွင်းမဲ့ ချုပ်ဆုံးခြင်း သည်ပင်လျင် နိရောဓ သစ္စာ တည်း ဟူ၍လည်း ကြားနာခြင်း အားဖြင့် လည်းကောင်း၊ တွေးခေါ်ခြင်း အားဖြင့် လည်းကောင်း သိရှိ လက်ခံ ကြ၏။ သမုဒယ ကို ပယ်နိုင်ရန် အတွက် မိမိတို့ခန္ဓာ ရှိ ဖြစ်ခိုက် ရုပ်နာမ် များကို အင်္ဂါ ရှစ်ပါး ရှိသော မဂ္ဂင် ဇောဖြင့် ရှုမှတ် ရမည် ဟူ၍လည်း ကြားနာခြင်း အားဖြင့် လည်းကောင်း၊ တွေးခေါ်ခြင်းအား ဖြင့် လည်းကောင်း သိရှိ လက်ခံ လာကြသည်။

မြတ်ဘုရားက တရားစကြာကို ဆက်လက်၍ လှည့်တော်မူ၏။ တရား ဆည်းလည်း ကို ဆက်လက်၍ လှုပ်ခတ်တော်မူ၏။ ပဉ္စ၀ဂ္ဂီတို့က ခန္ဓာ ဥာဏ်စိုက် ၍ ဆက်လက် ခံယူ နေကြ၏။

ထိုအခါ ဤသို့ တွေ့ကြ ရ၏။ မျက်စိနှင့် အဆင်း တိုက်မိ သောအခါ မြင်သိမှု ဖြစ်၏။ ထိုမြင်သိမှု တွင် မျက်စိသည်ကား ရူပက္ခန္ဓာတည်း။ မြင်၍လှမလှ ခံစားမှု သဘော သည်ကား ဝေဒနာက္ခန္ဓာ တည်း။ မြင်၍ မှတ်သားမှု သဘော သည်ကား သညာက္ခန္ဓာ တည်း။ မြင်သိမှု ပြီးအောင် ကြောင့်ကြ စိုက်၍ နှလုံးသွင်းမှု သည်ကား သင်္ခါရက္ခန္ဓာ တည်း။ မြင်သိရုံမျှ သဘောလေး သည်ကား ၀ိဥာဏက္ခန္ဓာ တည်း။ အကယ် စင်စစ် မိမိတို့၏ ခန္ဓာတွင် ဤ အပေါင်း အစု ငါးပါးသာ ရှိ၏။ မိမိတို့၏ ဘ၀သည်ကား ခန္ဓာ ငါးပါး၏ အစု အဝေး မျှသာတည်း။ အတ္တ သည် ထင်ရှားမရှိ။ ဤ ခန္ဓာငါးပါး ကို စွဲလန်း ခြင်းကြောင့် ထွက်ပေါ် လာသော အထင်မှားမှု သာတည်း။ အတ္တ သည် အရှိ တရား မဟုတ်။ အဖြစ် တရား သာတည်း။

ကြားသိမ၊ှု နံသိမှု၊ စားသိမှု၊ ထိသိမှု၊ ကြံတွေးမှု တို့၌လည်း အလားတူ ဖြစ်ကြောင်း တွေ့ရှိ ရလေ၏။ ဤသို့ တွေ့ရှိမှုကား ကြားနာခြင်း၊ တွေးတောခြင်း နှင့် မိမိ တို့ ခန္ဓာကိုယ်ကို မဂ္ဂင်ရှစ်ပါးနှင့် စောင့်ကြည့် ခြင်းမှ ထွက်ပေါ် လာသော ပညာတည်း။

မြတ်ဘုရားက တရားကို ဆက်၏။ ပဉ္စ၀ဂ္ဂီတို့ ကလည်း ခန္ဓာဥာဏ် စိုက်၍ ဆက်လက် နာယူ ကြ၏။

ပဉ္စ၀ဂ္ဂီ ငါးပါးသည် မိမိတို့ ခန္ဓာကို ပိုမို အသေးစိတ် ၍ မြင်လာ ရသည်။ ထိုအခါ မြင်သိခိုက် ၌ မရှုမှတ် နိုင်လျင် "ငါက မြင်ရ တာပဲ၊ ငါ မြင်ရတာ ပုဂ္ဂိုလ် သတ္တ၀ါ ပဲ" ဟု စွဲလန်း တတ်သော "တဏှာ၊ ဥပါဒါန်" ၏ သဘော ကိုပါ သိမြင် လာရသည်။ ထို့အတူ ကြားသိခိုက် ၌ မရှုမှတ် နိုင်လျင် လည်းကောင်း၊ နံသိခိုက်၊ စားသိခိုက်၊ ထိသိခိုက်၊ ကြံသိခိုက် ၌ မရှုမှတ် နိုင်လျင် လည်းကောင်း "ငါက ကြားသည်၊ နံသည်၊ စားသည်၊ ထိသိသည်၊ ကြံစည်သည်" ဟု စွဲလန်း တတ်သည်ကို တွေ့ရ၏။ စွဲလန်းမှု ကြောင့် ကုသိုလ် အကုသိုလ် ကို ဖြစ်စေသော ဇော စေတနာ(ကံ)တွေ ဖြစ်ပေါ် လာကြောင်း တွေ့ရ၏။

မြင်တိုင်း ကြားတိုင်း ၌ ရှုမှတ်လျင် ထိုသို့ စွဲလန်းမှု ကင်းသည်ကို တွေ့ရသည်။ ကုသိုလ် အကုသိုလ်ဇော များအစား ၀ိပဿနာ ဇောစိတ် များသာ ဖြစ်နေကြောင်း တွေ့ရသည်။ ခန္ဓာ ငါးပါးသည် မြဲသော တရားမဟုတ်၊ မမြဲသော တရားသာ ဖြစ်သည်ဟု အမှန်အတိုင်း သိ၏။ မမြဲသဖြင့် ဆင်းရဲသော တရား ဖြစ်သည်ဟု အမှန်အတိုင်း သိ၏။ ခန္ဓာငါးပါး သည် အတ္တမဟုတ်။ အကြောင်း တိုက်ဆိုင်၍ ဖြစ်ပေါ် လာသော သဘော တရား များမျှသာ တည်း ဟူ၍ အမှန်အတိုင်း သိ၏။ မမြဲ၊ ဆင်းရဲ၊ အတ္တ မဟုတ်သော တရားများ သာလျင် ဖြစ်သဖြင့် ဒုက္ခသစ္စာ သာတည်း ဟုလည်း အမှန်အတိုင်း သိ၏။

ဤသို့ ကိုယ်ပိုင်ဥာဏ်ဖြင့် အကဲခတ် ရှုမှတ်နေစဉ် တွင် မြတ်ဘုရားက မဂ္ဂသစ္စာကို ဟောတော်မူ၏။

ပဉ္စ၀ဂ္ဂီ ငါးပါးသည် မိမိတို့ ရှုမှတ်နေ သော ၀ိပဿနာ ကို မြတ်ဘုရား၏ အထိန်း တရားနှင့် ချိန်ညှိခွင့် ရ၏။ ထိုအခါ မိမိတို့သန္တန်၌ "ဤသို့သော တရားများ ကို တွေ့ရပြီး ဤသို့သော တရားများကို ထပ်မံ ဖြည့်စွက် အပ်၏။ ဤသို့သော တရားများကို ထိန်းသိမ်း အပ်၏" ဟူ၍ ညှိနှိုင်း ကြကုန်၏။

မြင်သိ စသည်တိုင်း ၌ ကြောင့်ကြ စိုက်၍ ရှုမှတ် ရသည်ကား သမ္မာ ၀ါယာမ တည်း။ မြင်သိ စသော အာရုံ၌ ကပ်လျက် တည် သည်ကား သမ္မာသမာဓိ တည်း။ မြင်သိ စသည်ကို မလွတ်တမ်း ရှုမှတ်နိုင်အောင် ထိန်းသိမ်း ပေးရသည်ကား သမာသတိ တည်း။ မြင်သိ စသည်ကို ဒုက္ခသစ္စာ ဟု အမှန်အတိုင်း သိမြင်သည်ကား သမ္မာဒိဋ္ဌိတည်း။ ထိုသို့ အမှန်အတိုင်း မြင်အောင် ညွှတ်ပေးခြင်း သည်ကား သမ္မာသင်္ကပ္ပ တည်း ဟူ၍ မိမိတို့ သန္တန်ရှိ ၀ိပဿနာ ဥာဏ်များ ကို သိလည်း သိကြ ကုန်၏။ ညှိလည်း ညှိကြ ကုန်၏။

ဤသို့ ရှုမှတ်ဆဲ ခဏ ၌ ပဉ္စ၀ဂ္ဂီငါးပါး တို့တွင် မိစ္ဆာဝါစာ သည် လည်းကောင်း၊ မိစ္ဆာအာဇီဝ သည် လည်းကောင်း၊ မိစ္ဆာကမ္မန္တ သည် လည်းကောင်း ဖြစ်ခွင့် မရသဖြင့် သမ္မာဝါစာ၊ သမ္မာအာဇီဝ၊ သမ္မာကမ္မန္တ မဂ္ဂင်တို့သာ ဖြစ်ပေါ်ခွင့် ရနေချေ၏။

ဤသို့ အားဖြင့် မဂ္ဂင်ရှစ်ပါး စုံလင်သည်ကို တွေ့ရ၏။

ဤသို့ ဖြစ်ပေါ် နေသော ၀ိပဿနာ မဂ္ဂင်ကို အကြိမ်ကြိမ် ပွားများ စေသဖြင့် ဥာဏ်များ အဆင့်ဆင့် ရင့်ကျက် မြင့်တက် လာချေ၏။ ဤသို့ ၀ိပဿနာ မဂ္ဂင်ကို ပွားများ နေခြင်း သည်သာ ဘ၀ကို အကျိုးရှိစွာ အသုံးချခြင်း မည်ကြောင်းလည်း သိရှိ လာရပေ၏။ ဤသို့ ၀ိပဿနာ မဂ္ဂင်ကို ပွားများခြင်း သည်သာ ချမ်းသာစစ်ကို ရှာဖွေနေခြင်း မည်ကြောင်း လည်း သိရှိ လာရ ပေ၏။

ဤသို့ ၀ိပဿနာ မဂ္ဂင်ကို ပွားများ သဖြင့် မကြာမီ ပင် ကောဏ္ဍည မထေရ် မြတ်နှင့် နတ်ဗြဟ္မာ ကုဋ္ဋေကုဋ္ဋာ တို့သည် နိဗ္ဗာန်ကို မျက်မှောက် ပြုရတော့မည်လည်း ဖြစ်၏။ မကြာမီ ကျန်ရှိ နေသော ပဉ္စ၀ဂ္ဂီများနှင့် ပါရမီ ရင့်ကျက်သော နတ်ဗြဟ္မာ များသည်လည်း နောက်နောက် ရက်များ၌ နိဗ္ဗာန်ကို မျက်မှောက် ပြုတော့မည် ဖြစ်သည်။ ပါရမီ မပြည့်ဝ သေးသော နတ်ဗြဟ္မာများ သည်လည်း ပါရမီ ကုသိုလ်များ ဖြစ်ခွင့် ရလျက် အကြင် ဘ၀ တစ်ခုခု၌ နိဗ္ဗာန်ကို မျက်မှောက် ပြုရ တော့မည် ဖြစ်၏။

"ရဟန်းတို့..စိတ်အလိုကျ လွှတ်ထားသော ကာမသုခလ္လိကာ နုယောဂါလမ်း ကို လည်းကောင်း၊ ပင်ပန်းရုံမျှ ဖြစ်သော ကိုယ်နှင့် စိတ်ကို ညှဉ်းဆဲရုံမျှ ဖြစ်သော အတ္တကိလမထာ နုယောဂါလမ်း ကို လည်းကောင်း ပယ်ကြ လော့။ ခန္ဓာငါးပါးကား ဒုက္ခသစ္စာ တည်း။ တဏှာကား သမုဒယသစ္စာ တည်း။ တဏှာ ချုပ်ငြိမ်းခြင်းကား နိရောဓသစ္စာ တည်း။ တဏှာ ချုပ်ငြိမ်း စေသော လမ်းကား မဂ္ဂသစ္စာ တည်း။"

မိဂဒါဝုန်မှ ဆည်းလည်း သံသည် တငြိမ့်ငြိမ့် ဆက်လက် ထွက်ပေါ် နေ၏။ ထို မိဂဒါဝုန် တော၌ကား သူတော်ကောင်း တစ်စုသည် ဘ၀ အဆက်ဆက် စိုးမိုး လာခဲ့သော တဏှာ လက်သည် ကို ဆန့်ကျင်၍ မြင့်မားသော သစ္စာလေးပါး ကို သိခြင်း ဥာဏ်(သစ္စဥာဏ်)၊ သိသော သစ္စာအတိုင်း တဏှာကို ပယ်စေခြင်း ဥာဏ်(ကိစ္စဥာဏ်)၊ တဏှာကို ပယ်စေပြီး၍ မဂ်ဥာဏ်ကို ဖြစ်စေပြီး နောက် ဆင်ခြင်သော ဥာဏ်( ကတဥာဏ်)တည်းဟူသော ဥာဏ်ရေ အဟုန်တို့ကို တသွင်သွင် စီးဆင်း နေစေ၏။

ဤ ဆည်းလည်းသံ သည်ကား အဆိုပါ သူတော်ကောင်း များ အတွက် ဘ၀ ကုဋ္ဋေ ကုဋ္ဋာ စောင့်ဆိုင်း ပြီးမှ ကြားနာ ရသော အတုမရှိ မြင့်မြတ် တန်ဖိုး ကြီးမား လှသည့် ဓမ္မစကြာ ဆည်းလည်းသံ ပင် ဖြစ်ပါတော့ သတည်း။




ကိုးကား
ဓမ္မစကြာတရားတော်- မဟာစည်ဆရာတော်
ဘ၀အကျဉ်းသား-ဦးရွှေအောင်
.....................

အလှတရား ဘလော့မှ

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Wednesday 16 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု