လောကသား တို့ အလိုအားဖြင့် ချမ်းသာသည် ခံစားအပ်သော အရာအဖြစ် မုချရှိ၏။ ချမ်းသာကို ခံစားတတ်သော ငါ၊သူတပါး၊ ယောကျာ်း၊မိန်းမ၊ ပုဂ္ဂိုလ်၊သတ္တ၀ါသည် ရှိ၏။ ထိုအမြင်ကို အခြေခံ၍ လောကသား တို့သည် ချမ်းသာကို တောင့်တကြ၏။ တောင့်တ သည့် ချမ်းသာ ကိုကိုယ်တိုင် ကိုယ်ကျ ခံစားနိုင်ရန်လည်း ရှာဖွေ ကြရသည်။
အချို့အတွက် ချမ်းသာသည် စည်းစိမ်ဥစ္စာတည်း။ ထို့ကြောင့် စည်းစိမ်ဥစ္စာကို ရှာဖွေရသည်။ အချို့အတွက် ချမ်းသာသည် ရာထူး အာဏာ တည်း။ ထို့ကြောင့် ရာထူးအာဏာကို ရှာဖွေကြရသည်။ အချို့အတွက် ချမ်းသာသည် နာမည် ကျော်ကြားမှု တည်း။ ထို့ကြောင့် နာမည် ကျော်ကြားမှုကို ရှာဖွေကြရသည်။ အချို့အတွက် ချမ်းသာသည် သက်တောင့် သက်သာ နေရမှုတည်း။ ထို့ကြောင့် သက်သာမှုကို ရှာဖွေ ကြရသည်။ မိမိတို့ အလိုရှိသည့် ချမ်းသာကို အမျိုးမျိုး အဖုံဖုံ ရှာဖွေ ကြလေ့ ရှိသည်။ ရှာဖွေ သောအခါ ရသည်လည်း ရှိသည်။ မရသည်လည်း ရှိသည်။ ဆက်ကာဆက်ကာ ရသည် လည်းရှိသည်။ ဆက်ကာဆက်ကာ မရသည် လည်းရှိသည်။ ရတစ်ခါ မရတစ်လှည့် ဖြစ်သည် လည်းရှိသည်။
မိမိတို့ အလိုရှိသည့် ချမ်းသာကို ရရှိသည့်အခါ ၀မ်းသာရသည်။ မိမိတို့ အလိုရှိသည့် ချမ်းသာကို မရသည့်အခါ ၀မ်းနည်း ပူဆွေးရသည်။
ထို့ကြောင့် လောကသား တို့သည် ၀မ်းသာ သည့်အခါ ၀မ်းသာ၍ ၀မ်းနည်း သည့်အခါ ၀မ်းနည်းရသည်။ ဆက်ကာ ဆက်ကာ ၀မ်းသာ သည့်အခါ ၀မ်းသာ၍ ဆက်ကာ ဆက်ကာ ၀မ်းနည်း သည့်အခါ ၀မ်းနည်းရသည်။ ၀မ်းသာ တစ်ခါ ၀မ်းနည်း တစ်လှည့် ဖြစ်သည် လည်း ရှိသည်။
ချမ်းသာရန် ကြိုးပမ်းရင်း ကုသိုလ်တွေ ပြုမိသည်။ ထိုအခါ ချမ်းသာ ကြော၌ မျောလေသည်။ ချမ်းသာ ကြော၌ မျောရင်း အကုသိုလ် တွေ ပြုမိသည်။ ထိုအခါ ဆင်းရဲတွင်း၌ မြုပ်လေ၏။ ထို့ကြောင့် လောကသား တို့သည် ချမ်းသာ ကြော၌ မျောသည် လည်းရှိသည်။ ဆင်းရဲတွင်း၌ မြုပ်သည် လည်းရှိသည်။ ဆက်ကာ ဆက်ကာ ချမ်းသာကြော၌ မျောသည်လည်း ရှိသည်။ ဆက်ကာ ဆက်ကာ ဆင်းရဲတွင်း၌ မြုပ်သည်လည်းရှိသည်။ မျောတစ်ခါ မြုပ်တစ်လှည့် ဖြစ်သည် လည်း ရှိသည်။
ထို့ကြောင့် လောကသားတို့ ထင်မြင်ယူဆနေ သော ချမ်းသာ သည် ၀မ်းသာတစ်ခါ ၀မ်းနည်း တစ်လှည့်ချမ်းသာ၊ မြုပ်တစ်ခါ မျောတစ်လှည့် ချမ်းသာ သာ ဖြစ်သဖြင့် စစ်မှန် တည်မြဲ အားကိုးထိုက် သော ချမ်းသာဟု ယူဆရန် အကြောင်း မတွေ့ရပေ။ မစစ်မှန်၊ မတည်မြဲ၊ အားမကိုးထိုက် သောချမ်းသာဟု ယူဆရန် အကြောင်းကို သာ တွေ့ရ၏။
လောကမှ အလွန် (လောကုတ္တရာ)အရိယာ ပုဂ္ဂိုလ် များ၏ အမြင်သည် ကား လောကသား များနှင့် ဆန့်ကျင် နေသည်။ လောကသား များ ယုံကြည် တောင့်တနေ သော ခံစား အပ်သည့်ချမ်းသာ (သုခဝေဒနာ)ကို လောက အလွန်သားများက ဒုက္ခဟု မြင်သည်။ လောကသား များ ရှိသည်ဟု ထင်မြင် ယူဆနေသော ပုဂ္ဂိုလ် သတ္တ၀ါကို လောက အလွန်သား များက ရုပ်နာမ် ဓမ္မဟု မြင်သည်။ လောကသား တို့၏ အလို ရှိတတ်၊ တောင့်တ တတ်မှူ (တဏှာ)ကို လောက အလွန် သား များက ဆင်းရဲ ဖြစ်ခြင်း အကြောင်း (သမုဒယ)ဟု မြင်သည်။
သို့ဖြစ်၍ လောကသား တို့အတွက် တောင့်တအပ်သော သုခဝေဒနာ (ချမ်းသာ)နှင့်တကွ ရုပ်နာမ် ဓမ္မ သင်္ခါရ အလုံးစုံသည် လောက အလွန်သား တို့အတွက် မတောင့်တ အပ်သော ဒုက္ခသစ္စာ ဖြစ်သည်။ လောက သားတို့၏ တောင့်တ တတ်သော လောဘ သည် လောကအလွန် သား တို့အတွက် ဖြတ်တောက် ဖောက်ခွဲရမည့် သမုဒယသစ္စာ ဖြစ်သည်။ ထို့ကြောင့် လောကအလွန် သား များသည် သမုဒယကို အင်္ဂါ ရှစ်ပါးရှိ သော ပွားများ ခြင်းနည်း (မဂ္ဂသစ္စာ)ဖြင့် ဖြတ်တောက် ဖောက်ခွဲ သည်။ ဖြတ်တောက် ဖောက်ခွဲ ပြီးသဖြင့် စစ်မှန်သော ချမ်းသာ (နိဗ္ဗာန်)ကို ရရှိ ခံစားရလေသည် (နိရောဓသစ္စာ)။
ဤသို့ အားဖြင့် လောက သားနှင့် လောက အလွန်သား တို့သည် ချမ်းသာကို သိမြင်ခြင်း၊ ချမ်းသာကို ရှာဖွေခြင်း၊ ချမ်းသာကို ရရှိခြင်းတို့၌ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက် ရှိကြ ပါတော့သည်။

.....................
0 ( မှတ်ချက်ရေးချင်ရင် )