ရေကန် ကို မြင် သော အခါ ဓားပြ သည် ပစ္စည်းဝှက် ရမည့် နေရာကို မြင်သည်။ တံငါသည် ငါးဖမ်း ကောင်းမည့် နေရာကို မြင်သည်။ မုဆိုးသည် သားကောင် ရေသောက်ဆင်း မည့်နေရာ ကို မြင်သည်။ ဤအမြင်များ ကို လောက အမြင်များ ဟု ခေါ်သည်။ မိမိ စွဲလန်းရာ အတိုင်း မြင်လေ့ရှိ သဖြင့် ပပဉ္စ အမြင်များ ဟုလည်း ခေါ်သည်။
အစွဲကို ပါဠိလို ဥပါဒါန် ဟုခေါ်သည်။ လောကတွင်း လူသားများ သည် ဤအစွဲ ဥပါဒါန်နှင့်သာ နေကြသည် များသည်။ သာမန် အားဖြင့် (တမင် အားထုတ် မှု မပြုဘဲ နေလျှင်) မိမိ၏ ကိုယ်ပိုင် အစွဲအလန်းကို ပျောက်ကင်း အောင် ပြုဖို့ မဖြစ်နိုင်။
လူ၏ ဥပါဒါန် အစွဲ အလန်း သည် လူ၏ အမှန်တရား သိမြင်မှု ကို တိုက်ရိုက် ချုပ်ခြယ် သည်။ ထို့ကြောင့် အမှန်တရား မြတ်နိုး သူများသည် အစွဲ ကင်းအောင် နေလေ့ ရှိကြသည်။ သို့မဟုတ် အမှန်တရားကို ရှာဖွေသော ကာလ၌ အစွဲ ကင်းအောင် နေဖို့ ကြိုးစား ကြရ သည်။ ဖွင့်ထားသော စိတ်ဖြင့် လောကကို သုံးသပ်ရန် ကြိုးပမ်း ကြ ရသည်။
သမိုင်း ဆရာ သည် သမိုင်းကို လေ့လာ သော အခါ၌ လည်းကောင်း၊ သိပ္ပံ ပညာရှင် သည် သိပ္ပံ စမ်းသပ်မှု များပြုသော အခါ ၌ လည်းကောင်း၊ ဆရာဝန် သည် ဆေးကုသမှု ပြုသော အခါ၌ လည်းကောင်း မိမိ၏ ရာထူး ဂုဏ်အင်၊ လူမျိုး၊ နိုင်ငံကို ဘေးချိတ် ၍ အမှန်တရား ရှာဖွေသူ သာမန် လူသား၏ မျက်လုံးဖြင့် ကြည့်ရ သည်။ ၎င်းကို အင်္ဂလိပ် လို (open mind) ဟူ၍ လည်းကောင်း၊ မြန်မာလို ဖွင့်ထားသော စိတ် ဟူ၍ လည်းကောင်း ပါဠိလို ယထာဘူတ ဥာဏ် ဟူ၍ လည်းကောင်း ခေါ်ဆို ကြသည်။ လောက အလယ် ၌ သမိုင်းအမြင် များ၊သိပ္ပံ အမြင်များ ကို ချပြသည့်အခါ အစွဲများ ဘေးချိတ်၍ အရှိအတိုင်း သုံးသပ် ပြနိုင်မှသာ အရာရောက် သည်။
တဖန် သမိုင်းဆရာ ၏ အစွဲကင်းမှု သည် လည်းကောင်း၊ သိပ္ပံ ပညာရှင် ၏ အစွဲ ကင်းမှု သည် လည်းကောင်း ဆရာဝန်၏ အစွဲ ကင်းမှု သည် လည်းကောင်း ရုပ်တရား နာမ်တရား တို့ အပေါ် ၌ ငါဟု စွဲလန်းခြင်း ကား မကင်းသေး သဖြင့် ခိုင်မြဲ တည်ကြည် သော အစွဲ ကင်းမှု ဟူ၍ကား အပြတ် မပြောနိုင် သေး။ တစုံတရာ သော အကြောင်း ကြောင့် မူလဘူတ အခြေခံ ခဲ့သော အမှန် လမ်းမှ သွေဖယ် နိုင်သေး သည်။
ဘုရား၊ ရဟန္တာ၊ အရိယာ ပုဂ္ဂိုလ်များ သည်ကား ရုပ်တရား နာမ်တရားတို့ အပေါ်၌ ငါ ဟု စွဲလန်းခြင်း အလျှင်းကင်း ပျောက်သဖြင့် လောက၌ အခိုင်မြဲ အတည်ကြည် ဆုံးသော အစွဲကင်းသူများ ဖြစ်ကြ ပေတော့ သည်။ ဘာသာစွဲ၊ လူမျိုးစွဲ မရှိသဖြင့် သမာသမတ် အကျဆုံး တရားသူကြီးများ ဖြစ်ကြ ပေတော့ သည်။ လောဘစွဲ၊ ဒေါသစွဲ၊ မောဟစွဲ မရှိသဖြင့် အနက်ရှိုင်း ဆုံးသော ငြိမ်းချမ်းရေး သမားကြီးများ ဖြစ်ကြ ပေတော့ သည်။
မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရား.. သံသရာ တစ်ခွင် ကြဉ်လည် သမျှ ဘုရား တပည့်တော် ၏ စိတ်နှလုံးကို လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တရားများဖြင့် သော့ခတ် မထားဘဲ ဖွင့်ထားသော စိတ်နှလုံး ဖြင့်သာ လောက အကျိုးကို သယ်ပိုး နိုင်သော သူ ဖြစ်ရ ပါလို၏။ အဆုံးစွန် သောဘ၀၌ ရုပ်တရား နာမ်တရား တို့၏ တုပ်နှောင် ချည်ထုံး တတ်သော အနှောင် အထုံးကို ဖြတ်တောက် ၍ မြတ်သော နိဗ္ဗာန်သို့ မျက်မှောက် ပြုရပါ လို၏ ဘုရား...

.....................
0 ( မှတ်ချက်ရေးချင်ရင် )