TOEFL စာမေးပွဲလို့ခေါ်တဲ့ (Test of English as Foreign Language) ကို အင်္ဂလိပ်စာ လိုက်စားတဲ့ သူတွေ၊ နိုင်ငံတကာမှာ အမျိုးမျိုးသော ဘွဲ့တွေ၊ သင်တန်းတွေ အတွက် ကျောင်းသွား တက်ချင်တဲ့သူတွေ၊
တက်ဖို့ ကြိုးစား နေတဲ့သူတွေ အားလုံး သိပြီးသား စာမေးပွဲတစ်ခုပါ။ အမေရိကန်နိုင်ငံ၊ နယူး ဂျာစီပြည်နယ်၊ ပရင်စတန်မြို့ အခြေစိုက် ETS လို့ခေါ်တဲ့ အစိုးရ မဟုတ်တဲ့ ပညာရေးအဖွဲ့ ကြီးကနေ စစ်ပေးတဲ့ စာမေးပွဲတွေ ထဲကမှ နိုင်ငံတကာကျောင်း ၀င်ခွင့်လျှောက်ရာမှာ လိုအပ်တဲ့ အင်္ဂလိပ်စာ အရည်အချင်းအတွက် စစ်ပေး တဲ့ စာမေးပွဲတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ TOEFL စာမေးပွဲနဲ့အပြိုင် ကျောင်းဝင်ခွင့်အတွက် လိုအပ်တဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ နောက်တစ်ခုကတော့ ဗြိတိသျှကောင်စီကနေ တာဝန်ယူပြီး စစ်ပေးနေတဲ့ IELTS စာမေးပွဲဖြစ်ပါတယ်။ စာမေးပွဲနှစ်ခုလုံးဟာ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုကို စစ်ပေးကြပေမယ့် စစ်ဆေးပုံ နည်းစနစ်ကတော့ အစစ လုံးဝ ကွဲပြားခြားနားကြပါတယ်။ စာမေးပွဲ နှစ်ခုလုံးရဲ့ ရမှတ် (Score) တွေကိုတော့ နိုင်ငံတကာက တက္ကသိုလ်တိုင်း လိုလိုက ၀င်ခွင့် အရည်အချင်းအတွက် လက်ခံပေးပါတယ်။ ဒီတစ်ခါတော့ TOEFL စာမေးပွဲအကြောင်းနဲ့ ဒီစာမေးပွဲနဲ့ ပတ်သက်တဲ့ သိကောင်းစရာလေးတွေ အကြောင်း ပြောပါရစေ။
TOEFL စာမေးပွဲပုံစံကတော့...
ဘယ်စာမေးပွဲပဲဖြေဖြေ၊ စာမေးပွဲတစ်ခုကို ဖြေမယ်ဆိုရင် ပထမဦးဆုံး လုပ်ရတဲ့အလုပ်က စာမေးပွဲစစ်တဲ့ ပုံစံနဲ့ သဘောသဘာဝ တွေကို ဦးစွာ နားလည်ထားဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာမှာ TOEFL စာမေးပွဲတွေကို ဖြေဆိုရာမှာ Internet Based Test (iBT), Computer Based Test နဲ့ Paper Based Test ဆိုပြီး ပုံစံသုံးမျိုးနဲ့ စစ်ပြီးတော့ မြန်မာနိုင်ငံမှာတော့ Paper Bast Test တစ်မျိုးပဲ ရပါတယ်။ မြန်မာနိုင်ငံ အပါအ၀င် Paper Bast Test ဖြေလို့ရတဲ့ နိုင်ငံတွေ အချို့အတွက်ကတော့ ၂၀၀၈-၀၉ ခုနှစ်အတွင်းမှာ စာမေးပွဲ ငါးကြိမ် ရှိပါတယ်။ Internet Based Test (iBT), Computer Based Test ကတော့ ကွန်ပျူတာကို အခြေခံပြီးစစ်တဲ့ စာမေးပွဲ ဖြေတဲ့အတွက် မေးခွန်းမေးတာရော၊ ဖြေတာရော ကွန်ပျူတာပေါ်မှာပဲ ဖြေရတဲ့ စနစ်ပါ။
မြန်မာနိုင်ငံမှာ ဖြေလို့ရတဲ့ Paper Based Test စာမေးပွဲကတော့ မေးခွန်းကို စာရွက်နဲ့ လာပြီးတော့ အဖြေလွှာကို ခဲတံနဲ့ ဖြေပြီး ပြန်ပေးလိုက်ရတဲ့ စနစ်ပါ။ အခြား စနစ်နှစ်ခုဖြစ်တဲ့ စာမေးပွဲ စစ်ပုံချင်း ကွဲပြားခြားနားတာနဲ့အမျှ အမှတ်ပေးပုံ Scoring System ကလည်း ကွဲပြားသွားပါတယ်။
TOEFL စာမေးပွဲဖြေနိုင်မယ့်အချိန်များ...
Paper Based Test စာမေးပွဲကို အဓိက ဖြေလို့ရတဲ့ မြန်မာနိုင်ငံအတွက် ဇန်န၀ါရီ၊ မတ်လ၊ မေလ၊ သြဂုတ်နဲ့ နိုဝင်ဘာလတွေမှာ ဖြေလို့ရနိုင် ပါတယ်။ စာမေးပွဲအတွက် အချိန်တွေ သတ်မှတ်ထားတာကြောင့် ကျောင်းဝင်ခွင့် ကိုယ်လျှောက်မယ့် နောက်ဆုံးရက်ရယ်၊ ကိုယ့်အနေနဲ့ အကောင်းဆုံး ပြင်ဆင်နိုင်မယ့် အချိန်တွေနဲ့ ချိန်ထိုးပြင်ဆင်သင့်ပါတယ်။ မြန်မာနိုင်ငံက TOEFL စာမေးပွဲတွေကို USIS က ဦးစီးဆောင်ရွက်ပေးပေမယ့် စာမေးပွဲကြေး ဒေါ်လာ ၁၅၀ ကိုတော့ IELTS စာမေးပွဲကြေးလို ရန်ကုန်မှာ သွင်းလို့မရဘဲ သတ်မှတ် ထားတဲ့ နည်းလမ်းအတိုင်း အမေရိကန်နိုင်ငံ၊ နယူးဂျာစီ ပြည်နယ်၊ ပရင်စတန်မှာ ရှိတဲ့ ETS ကို တိုက်ရိုက် ပေးသွင်းရမှာ ဖြစ်ပါတယ်။ စာမေးပွဲဖြေတဲ့ အချိန်ကနေ အနည်းဆုံး နှစ်ပတ်လောက်ကြာတဲ့ အချိန်ကျမှ ကိုယ့်ရဲ့ Score ကို ကိုယ်လျှောက်တဲ့ ကျောင်းကို ပို့ပေးတဲ့ စနစ်ဖြစ်လို့ ၀င်ခွင့်အတွက် လိုအပ်တဲ့ Score ရောက်မယ့် အချိန်ရယ်၊ ကျောင်း ၀င်ခွင့် လျှောက်လွှာတင်ရမယ့် နောက်ဆုံးရက်နဲ့ ရယ်ကို ချိန်ထိုးပြင်ဆင်ဖို့ လိုအပ်ပါတယ်။
မေးခွန်းပုံစံကတော့...
ဒါက ပိုပြီး အရေးကြီးတဲ့အပိုင်းလို့ ဆိုနိုင်ပါတယ်။ ကိုယ်ဖြေမယ့် စာမေးပွဲက ဘယ်လို ပုံစံမေးတာလဲ၊ ဘယ်နှပိုင်းရှိသလဲ၊ သတ်မှတ် အချိန် ဘယ်လောက်လဲ စတာတွေကို သိဖို့ လိုအပ်ပါတယ်။ TOEFL စာမေးပွဲဟာ သာမန် အားဖြင့် အရေး၊ အဖတ်၊ နားထောင်စွမ်းရည် တွေအပြင် အင်္ဂလိပ်စာ သဒ္ဒါတွေကို မေးခွန်း အပိုင်းလိုက် မေးတဲ့စနစ်နဲ့ ကျင့်သုံးပါတယ်။ ပထမအပိုင်းက အချိန်နာရီဝက်ပေးပြီး ခေါင်း စဉ်တစ်ခုပေးပြီး စာစီစာကုံးပုံစံမျိုးရေးရတဲ့ Test of Written English (TWE) လို့ဆိုတဲ့ ရေးဖြေ အပိုင်းကို ဖြေရပါတယ်။
ပြီးမှ TOEFL စာမေးပွဲ အဓိကအပိုင်းကို ဆက်ဖြေကြပါတယ်။ တစ်ခါတစ်ရံလည်း TWE စာမေးပွဲကို နောက်မှ ဖြေရပြီး အဓိက အပိုင်းကို နောက်မှ ဖြေရတာလည်း ရှိပါတယ်။ ဒီအပိုင်းမှာ ပထမဦးဆုံး နားထောင် တဲ့အပိုင်း (Listening) ကို အရင်ဖြေရပါတယ်။ မေးခွန်း စုစုပေါင်း ၅၀ အတွက် ဖြေဆိုချိန် မိနစ် ၃၀-၄၀ လောက်ရှိပြီးတော့ အပိုင်းသုံးပိုင်း ခွဲမေးထားပါတယ်။ ဒုတိယ အပိုင်းကတော့ သဒ္ဒါနဲ့ စကားလုံး အသုံးအနှုန်း တွေကိုစစ်တဲ့ (Structure and Written Expre ssion) အပိုင်းဖြစ်ပြီး မေးခွန်း ၄၀ အတွက် ဖြေဆိုချိန် ၂၅မိနစ်ပေးထားတာ တွေ့ရပါတယ်။ နောက်ဆုံးအပိုင်းကတော့ အဖတ်စွမ်းရည်ကိုစစ်တဲ့ (Reading Comprehension) အပိုင်းပါ။ စာပိုဒ် အတို ငါးပုဒ်အတွက် မေးခွန်းပေါင်း ၅၀ ဖြေရပြီး ဖြေဆိုချိန် ၅၅ မိနစ် သတ်မှတ်ပေးထားပါတယ်။ ဒါကြောင့် ဖြေဆိုချိန် စုစုပေါင်း ၂း၃၀ နာရီလောက်ကြာပါတယ်။ မြန်မာနိုင်ငံမှာဖြေရတဲ့ TOEFL အနေနဲ့ Speaking Test မရှိသေးတဲ့ အတွက် ဒါနဲ့ပတ်သက်ပြီးဖြေဖို့ မလိုပါဘူး။
အမှတ် Score ဘယ်လောက်ရဖို့ လိုအပ်သလဲ...
နောက်တစ်ဆင့်ကတော့ ကိုယ်လျှောက်မယ့် ကျောင်းအတွက် အနည်းဆုံးလိုအပ်တဲ့ TOEFL Score က
ဘယ်လောက်လဲဆိုတာ သိဖို့ပါပဲ။ ဒါမှလည်း ကိုယ့်အနေနဲ့ ဘယ်အတိုင်းအတာအထိ
အားစိုက်ထုတ် ပြင်ဆင်ဖို့ လိုအပ်မလဲ ဆိုတာ သိနိုင်မှာပါ။
ဘွဲ့ကြိုသင်တန်းတွေမှာ တောင်းတဲ့ Score က ဘွဲ့လွန်သင်တန်းအတွက် တောင်းတဲ့
Score ထက် နည်းနေလေ့ ရှိတယ်လို့ အကြမ်းဖျင်း ဆိုနိုင်ပေမယ့်လည်း
ကျောင်းအလိုက်၊ ကိုယ် တက်မယ့် ဘာသာရပ်အလိုက် Score လိုအပ်ချက်တွေကတော့
အနည်းနဲ့ အများ ကွာခြားလေ့ ရှိပါတယ်။ ဘွဲ့ကြို သင်တန်းတွေဆိုရင် Paper
Based Test အတွက် လိုအပ်တဲ့ Score အနေနဲ့ ဘာသာရပ်အလိုက်၊ ကျောင်းအလိုက်
၅၅၀ ကနေ ၆၀၀ အတွင်းမှာ တောင်းလေ့ရှိပြီး ဘွဲ့ လွန်သင်တွေအတွက်ကတော့ ၅၈၀
နဲ့ ၆၀၀ အထက်ကို တောင်းလေ့ရှိပါတယ်။ အခြား TOEFL တွေ ဖြစ်တဲ့ IBT နဲ့ CBT
တွေအတွက် ကတော့ မြန်မာနိုင်ငံကနေ ဖြေမယ့်သူတွေနဲ့ အကျုံးမ၀င်လို့
မပြောတော့ပါဘူး။ ကျောင်းတွေ အနေနဲ့ကတော့ TOEFL Score အပြင် Writing Skills
စာမေးပွဲရလဒ်ဖြစ်တဲ့ TWE ရလဒ်တွေကို လည်း အလေးထားကြည့်လေ့ ရှိတာကြောင့်
TOEFL ဖြေသူတွေအနေနဲ့ စာမေးပွဲအတွက် ပြင် ဆင်ရာမှာ Essay ပုံစံမျိုး
ရေးရတဲ့ TWE စာမေး ပွဲကိုလည်း အလေးထားဖို့ လိုပါတယ်။
ဘယ်လိုအင်္ဂလိပ်စာမျိုးတွေကို လေ့လာရမလဲ...
TOEFL စာမေးပွဲရဲ့ မူလ ရည်ရွယ်ချက်ကိုက ပညာရေးအတွက် ရည်ရွယ်ပါတယ်။ နိုင်ငံတကာမှာ
ကျောင်းတက်မယ့် သူတွေအတွက် ကျောင်းတက်တဲ့အခါမှာ လိုအပ်တဲ့ အင်္ဂလိပ်စာ
အရည်အချင်း စစ်ဆေးတဲ့ စာမေးပွဲဖြစ်တဲ့ အတွက် မေးတဲ့ မေးခွန်းတွေမှာ
ပညာရေးနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို မူတည်ပြီး မေးထားတာကို တွေ့ရပါတယ်။
မေးခွန်းတွေ အနေနဲ့ကတော့ အင်္ဂလိပ်ဘာသာရပ် တတ်ကျွမ်းမှုကို ဦးတည်စစ်တဲ့
စာမေးပွဲဖြစ်ပေမယ့် အကြောင်းအရာတွေက ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေ
ဖြစ်လေတော့ ကိုယ့်အနေနဲ့ ပညာရပ်ဆိုင်ရာ အင်္ဂလိပ်စာ နဲ့ အကျွမ်းတ၀င်
မရှိဘူးဆိုရင်တော့ တစ်ပန်း ရှုံးတယ်လို့ ဆိုနိုင်ပါတယ်။
အထူးသဖြင့် နားထောင်တဲ့ စွမ်းရည် (Listening) နဲ့ အဖတ် စွမ်းရည် (Reading) မှာ
မေးတဲ့မေးခွန်းတွေမှာ ပြောတဲ့အကြောင်းအရာတွေ၊ ပေးထားတဲ့ အကြောင်းအရာတွေ
ဘာသာ ရပ်ဆိုင်ရာ အကြောင်းအရာတွေ ဆိုတာကို သိသိ သာသာကို တွေ့ရပါတယ်။
ဒါကြောင့် TOEFL ဖြေမယ့်သူ တစ်ယောက်အနေနဲ့ စာမေးပွဲအတွက် အင်္ဂလိပ်စာ
ပြင်ဆင်ရာမှာ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ သဒ္ဒါအပါအ၀င်အခြားလိုအပ်တဲ့ စကားလုံး
အသုံးအနှုန်းပိုင်းတွေနဲ့ နားထောင်တဲ့ အပိုင်းတွေကိုလေ့ကျင့်ထားရမှာ
ဖြစ်သလို ပညာရပ် ပိုင်းဆိုင်ရာ အင်္ဂလိပ်စာ အရေးအသားတွေလည်း တတ်နိုင်သလောက်
ရှာဖွေ ဖတ်ရှုထားနိုင်ရင် အတော်လေး အထောက်အကူပြုပါမယ်။
အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ စွယ်စုံ ကျမ်းတွေ၊ ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာအုပ်တွေ၊ သုတေသန
ဆောင်းပါးတွေ၊ ဂျာနယ်တွေ၊ စာတမ်းတွေကို ဖတ်တဲ့ အလေ့အထလေး ရှိသင့်ပါတယ်။
ဒါဆိုရင် ပညာရပ်ဆိုင်ရာ အင်္ဂလိပ်စာကို အခြေခံပြီး မေးတတ်တဲ့ TOEFL
စာမေးပွဲနဲ့ ပတ်သက်ပြီး အစိမ်းသက်သက် မဖြစ်တော့ဘူးပေါ့။
ပွဲမ၀င်ခင် အရင်ကျင်းပဖို့...
TOEFL စာမေးပွဲရဲ့ မေးခွန်းပုံစံဟာ ကျွန်တော်တို့ မြန်မာကျောင်းသားတွေ အပေါ်
ဓမ္မဓိဋ္ဌာန် မေးခွန်းလို့ခေါ်တဲ့ Objective Type ဖြစ်ပါတယ်။ မှားမှန်ရောထွေး
အမှန်ရွေးပုံစံမျိုးပါ။ ဒါကြောင့်လည်း TOEFL စာမေးပွဲကို ဖြေဆိုဖို့
ပြင်ဆင်ရာမှာ သင်တန်းတက်တာအပြင် ကိုယ်တိုင်လည်း လေ့ကျင့်လို့ ရနိုင်ပါတယ်။
လေ့ကျင့်ဖို့နဲ့ ပတ်သက်လို့လည်း ကုမ္ပဏီမျိုးစုံက ထုတ်တဲ့ စာအုပ်စာတမ်းတွေ
ပေါင်းစုံအပြင် စီဒီတွေကိုပါ စာအုပ်ဆိုင်တွေမှာ ဈေးအသင့် အတင့်နဲ့
အလွယ်တကူ ၀ယ်လို့ရနိုင်ပါတယ်။ TOEFL စာမေးပွဲဖြေမယ့်သူတွေအနေနဲ့
ကိုယ်တိုင် လေ့ကျင့်ရာမှာ စာမေးပွဲမှာ သတ်မှတ်ထားတဲ့ အချိန်အတိုင်း
လေ့ကျင့်ရင် အကောင်း ဆုံးပါပဲ။ တစ်နည်းအားဖြင့် သာမန်လေ့ကျင့်ခန်းတွေ
လုပ်တာမျိုးထက် စာမေးပွဲမှာလို အချိန် သတ်မှတ်ပြီး စာမေးပွဲ
ဖြေကြည့်ခြင်းအားဖြင့် စာမေးပွဲနဲ့ ကိုယ်နဲ့ အကျွမ်းတ၀င် ဖြစ်ပြီးသား
ဖြစ်သွားနိုင်ပါတယ်။ ဒီလိုလေ့ကျင့်ရာမှာ စာအုပ်ကို အစဉ်လိုက်
လေ့ကျင့်တာထက် အခက်ဆုံးလို့ ထင်တဲ့အပိုင်းကို ရွေးပြီး ဖြေနိုင်ရင်
ပိုကောင်းပါတယ်။ တစ်ဆက်တည်းမှာပဲ စာရေးသူ အတွေ့အကြုံအရ အကြံပေးချင်တာကတော့
လေ့ကျင့်ခန်းလုပ်တဲ့ TOEFL စာမေးပွဲတွေ တစ်ခါတစ်ရံမှာ အမှန်တကယ်ဖြေရတဲ့
TOEFL စာမေးပွဲထက် ပိုလွယ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်
လေ့ကျင့်ရာမှာလည်း စာအုပ်တစ်မျိုး တည်း ဦးတည်ပြီး လေ့ကျင့်တာထက်
ဖြစ်နိုင်ရင် ရနိုင်သလောက် စာအုပ်များများကို လေ့ကျင့် နိုင်ရင်
ပိုအကျိုးရှိတယ်လို့ ဆိုပါရစေ။
သင်တန်းကောင်းကောင်းတက်နိုင်ရင်...
TOEFL စာမေးပွဲဆိုတာက တကယ်တော့ အင်္ဂလိပ်စာ ဘာသာရပ် ကျွမ်းကျင်မှုကို စစ်ဆေးတာ မှန်ပေမယ့် Score အကောင်းဆုံး
ရဖို့အတွက် အင်္ဂင်္လိပ်စာ အရည်အချင်းကောင်း ရှိဖို့လိုတဲ့ အပြင် စာမေးပွဲနဲ့
ပတ်သက်တဲ့ ချဉ်းကပ်ပြင်ဆင်မှု (Exam Approach) ကလည်း လိုအပ်ပါတယ်။
စာမေးပွဲအထာနဲ့ အကျွမ်းတ၀င် ရှိနိုင်ဖို့ရာမှာ TOEFL စာမေးပွဲအတွက်
စနစ်တကျနဲ့ သင်ပေးနိုင်တဲ့ အင်္ဂလိပ်စာ ဆရာတွေထံမှာ သင်တန်း တက်နိုင်ရင်
ပိုကောင်းပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ကျောင်းသားတွေနဲ့ သိပ်ပြီး
အကျွမ်းတ၀င် မဖြစ်တဲ့ စာမေးပွဲစနစ် ဖြစ်လေတော့ စာမေးပွဲနဲ့ ပတ်သက်လို့
စနစ်တကျ သင်ပေးနိုင်တဲ့သူဆီမှာ သင်တန်းတက်တာဟာ ကိုယ့် အတွက် အထောက်အကူ
ကောင်းကောင်း ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ
သိချင်တာ ရှိတာတွေ၊ ကိုယ်ကိုယ်တိုင် အဖြေရှာလို့ မရတာတွေကို ကျွမ်းကျင်တဲ့
ဆရာတွေဆီမှာ မေးမြန်းခြင်းအားဖြင့် အချိန်ကုန် သက်သာပါတယ်။ တစ်ခါတလေ
စာမေးပွဲမှာ သိသင့်တဲ့ အထာလေးတွေ၊ လုပ်သင့်တာလေး တွေကိုလည်း သိနိုင်တာမို့
ဘာပဲဖြစ်ဖြစ် အကျိုး ရှိသွားတာ လေးတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း
ဒီနေရာမှာ တွေ့ရတာလေးကို ပြောရရင် မြန်မာနိုင်ငံက ဖြေတဲ့သူ အတော်များများက
ကိုယ်တိုင်ကြိုးစားဖို့ထက် ဆရာတွေကို အားကိုးလွန်းပြီး ကျူရှင်တွေ
တစ်ခုပြီး တစ်ခုလိုက် တက်ရင်းနဲ့ပဲ လိုအပ်တဲ့ Score မရနိုင်ဘဲ ဖြစ်နေ
သူတွေလည်း အတော်အတန် ရှိနေပါတယ်။
မေးခွန်းတိုင်းကို ဖြေပါ...
မေးခွန်းအမျိုးအစားက ဆိုခဲ့သလိုပဲ မှားမှန် ရောထွေး အမှန်ရွေးဆိုတော့ အဖြေက ပေးထားပြီးသားပါ။
အဖြေမှန်တစ်ခုနဲ့ မမှန်တဲ့ အဖြေ သုံးခု ရောထားတဲ့ သဘောပါပဲ။ ဒါကြောင့်
စာမေးပွဲ ဖြေတဲ့အခါမှာ ကိုယ်ဖြေနိုင်တာတွေကို ဖြေသလို မဖြေနိုင်တာ၊ မသိတာ၊
မသေချာတာ တွေကိုလည်း အကောင်းဆုံးမှာ မှန်းပြီး ထည့်လိုက်စေချင်ပါတယ်။
အဖြေမှားတွေအတွက် မှန်လို့ရတဲ့ ရမှတ်ထဲကနေ အမှတ် မလျှော့ပါဘူး။
မှန်းထည့်လိုက်တဲ့ အဖြေက မှန်နေရင်လည်း အမြတ်ပေါ့။ ဒီလိုမဟုတ်ဘဲနဲ့ မရတဲ့
မေးခွန်း တွေကို ချန်ထားလိုက်ရင် အဲဒီအတွက် လုံးဝ အမှတ်မရဘဲ ဖြစ်သွားမှာပါ။
ဖြေရမယ့်မေးခွန်းများနဲ့ ပတ်သက်လို့...
မေးခွန်းတွေနဲ့ ပတ်သက်လို့ ပထမဦးဆုံး နားထောင်မှုစွမ်းရည် (Listening) ကိုစစ်တဲ့
မေးခွန်းအကြောင်းလေး ပြောပါရစေ။ အခြေအနေ တစ်ခုမှာ ပြောနေတဲ့ Dialogue
ဖွင့်ပြပြီးတော့ အဖြေလွှာပေါ်မှာ မေးထားတဲ့ မေးခွန်းအတွက် အမှန်ဆုံးအဖြေကို
သတ်မှတ်အချိန်အတွင်း ရွေးရပါတယ်။ သတ်မှတ်ချိန် ပြည့်သွားရင်
နောက်မေးခွန်းတစ်ခုအတွက် Dialogue တစ်ခု ထပ်ထွက် လာပါတယ်။ ဒီမေးခွန်းကို
ဖြေဆိုရာမှာ ဖြစ်နိုင်ရင် Dialogue မစခင် (လေးငါးစက္ကန့်လောက်
ရှိမယ်ထင်တယ်) အချိန်တိုလေးအတွင်းမှာပဲ မေးထားတဲ့ မေးခွန်းနဲ့ပေးထားတဲ့
အဖြေတွေကို ဖတ်ထားနိုင်ရင် အတော်လေး အဆင်ပြေပါတယ်။ ဒီကနေတစ်ဆင့် Dialogue
က ဘယ်လို အခြေအနေမျိုးကို မေးမှာလဲ ဆိုတာမျိုးကို မှန်းကြည့်လို့
ရနိုင်ပါတယ်။ ဒါမှလည်း Dialogue ဖွင့်ပြီးတဲ့အခါမှာ အနီးစပ်ဆုံး အဖြေကို
မှန်းကြည့်လို့ ရနိုင်မှာပါ။
ကိုယ်တိုင်လေ့ကျင့်တဲ့ အခါမှာလည်း ကက်ဆက်ကို စာမေးပွဲမှာလိုပဲ တစ်ခေါက်ပဲဖွင့်ပြီး အခုပြောခဲ့တဲ့ အဖြေရှာတဲ့
ပုံစံမျိုးကို သေသေ ချာချာ လေ့ကျင့်ထားနိုင်ရင် အတော်အဆင် ပြေနိုင်ပါတယ်။
Listening မေးခွန်းတွေကို ဖြေရာမှာ အရေးကြီးတာတစ်ခုကတော့ မေးခွန်း
တစ်ခုရဲ့ အဖြေကို ကိုယ်က စဉ်းစားလို့ မပြီးခင်မှာ နောက်မေးခွန်းတစ်ခုကို
တစ်ခုအတွက် Dialogue ဖွင့်ပြပြီဆိုရင်တော့ လက်ရှိ စဉ်းစား လက်စကို
သံယောဇဉ်ဖြတ်ပြီး နောက် မေးခွန်း အတွက် အာရုံစိုက်ပေတော့ပဲ။
အဲဒီလိုမဟုတ်ရင်တော့ မေးခွန်းတွေ အကုန်လွတ်ကုန်ပြီး သေသေချာချာ
မဖြေနိုင်တော့ဘဲ ဖြစ်တတ်ပါတယ်။
TOEFL ဖြေတဲ့သူတွေအတွက် Listening အပိုင်းပြီးရင် ဖြေရတဲ့အပိုင်း ကတော့ Structure and Written Expression
အပိုင်းပါ။ ဒီအပိုင်းမှာ အများ အားဖြင့် အမှတ်လျော့လေ့ ရှိတယ်လို့
ဆိုပါတယ်။ ဖြေတဲ့သူ အတော်များ များကလည်း အခက်ဆုံးလို့ ပြောလေ့ရှိပါတယ်။
ဒီအပိုင်းနဲ့ ပတ်သက်လို့ ၀ါရင့် TOEFL သင်တဲ့ ဆရာ တစ်ဦးပြောဖူးတာကတော့
အင်္ဂလိပ်စာ သဒ္ဒါနဲ့ အသုံးတွေကို ကြေညက်အောင် လေ့လာတာရယ်၊
လေ့ကျင့်ခန်းများများ လုပ်တာကလွဲရင် အခြား နည်းမရှိလို့ ဆိုပါတယ်။
MMSA ဘလော့စည်းမျဉ်းများ
* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ပို့စ်တင်သူ ။.............။
လခြမ်းမြီ
on
Sunday, 20 March 2011
0 ( မှတ်ချက်ရေးချင်ရင် )