ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွင် အစိုးရတွေ စမတ်ကျရေး၊ ခေတ်မှီရေးသည် အမျိုးသား နိုင်ငံတွေ၏ ရေရှည်အကျိုးစီးပွားနှင့် တိုက်ရိုက်အချိုးကျနေသည်။ သို့မဟုတ်ပါက ကမ္ဘာလုံးချီ ပြိုင်ပွဲကြီးတွင် နောက်ကောက်ကျပြီး၊ ပြည်သူတွေ မွဲသထက်မွဲဖို့သာ ရှိသည်။
အတိအကျဆိုရင်လျှင် ကမ္ဘာလွှမ်းခြုံ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြောင့် နိုင်ငံများ၏ စီးပွားရေး ဖြစ်စဉ်တွင် အဆက်အစပ် ရှိနေသည်။ ဒေသအဆင့်ကိုပင် ကျော်ခဲ့ပြီဟု ဆိုရမည်။ ဥပမာ အမေရိကား၏ စီးပွားရေး ဂယက်သည် တကမ္ဘာလုံးကို ရိုက်ခတ်သွားသည်ကို ကြည့်ပါ။ အလားတူ တရုတ်၊ အိန္ဒိယ တို့က စီးပွားရေးဂယက်သည်လည်း မဟာစီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကားလို နိုင်ငံများကို အလွတ်ပေးမည်မဟုတ်ပါ။
သို့အတွက် နိုင်ငံတွေ တံခါးပိတ်၊ ခေါင်းမြီးခြုံပြီး ကိုယ်ထီးကိုယ်နန်းလုပ်နေလျှင် ကြာလေဆိုးလေ ဖြစ်ဖွယ်သာရှိသည်။ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းက အကျိုးများသည့်ကိစ္စများရှိသည်။ ဥပမာ အင်တာနက်၊ မိုဘိုင်းတယ်လီဖုန်း တို့လို ခေတ်မှိနည်းပညာတွေ အလျင်အမြန် ပျံနှံသွားခြင်း မျိုးဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် စီးပွားရေး ဖွံ့ဖြိုးစနိုင်ငံများတွင် ဆင်းရဲမှုသိသိသာ လျော့ကျသွားသည်။ ထိုတချက်တည်းနှင့်ပင် ကမ္ဘာ့ စီးပွားရေးတွင် ဆက်ဖွင့်ထားဖို့၊ အပြန်အလှန် ချိတ်ဆက်ထားဖို့ သင့်သည်ဟု ယတိပြတ်ပြော နိုင်ပါသည်။
တဖက်တွင် အမျိုးသားအကျိုးစီးပွားအတွက် ဂလိုဘယ်လိုက်ဇေးရှင်း၏ ပင်မပြဿနာများကိုလည်း မျက်ခြေမပြတ်ရန် လိုပါသည်၊ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အထူးသဖြင့် နိုင်ငံပေါင်းစုံမှာ ဖြန့်ကျက်ထားသည့် ကုမဏီကြီးတွေ Multinational Companies အတွက် အခွန်ရှောင်စရာ နယ်ပယ် ပိုဝန်းသထက် ကျယ်လာသည်၊ ပေးသင့်ပေးထိုက်သော အခွန်အခတွေကို မပေးဖို့၊ အခွန်ရှောင်ဖို့ အခွင့်အလမ်းတွေ ပိုများသထက် များလာသည်။
ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ၀င်ငွေ အဆင့်မြင့်မားသည့် အမေရိကား၊ အီးယူ၊ ဂျပန်၊ တို့တွင်ပင် နိုင်သူနှင့် ရှုံးသူ ဟူ၍ ပေါ်လာသည်၊ ဖွံ့ဖြိုးစနိုင်ငံတွေက ပညာတတ်ပြီး ဈေးပေါသော အလုပ်သမားများနှင့် မယှဉ်နိုင်သော ပညာတတ်များ အရှုံးကြီး ရှုံးသွားကြသည်။ (မှတ်ချက် - မြန်မာလူငယ်များ၏ ပရောဂမပါဝင်ပါ) သူတို့ထက် ပိုပြီး အထိနာသူများမှာ ချမ်းသာသော တိုင်းပြည်များက ကော့လိပ် ပညာမတတ်သူများဖြစ်သည်၊ သန်းနှင့်ချီပြိး အလုပ်လက်မဲ့ဖြစ် ကုန်ကြသည်။ အလုပ်မပြုတ်သူများလည်း ၀င်ငွေကျဆင်း ကုန်သည်။
ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်က တနွယ်ငင်တစင်ပါ ကိစ္စဖြစ်လာသည်၊ ၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်းသည် ဝေါစထရိက (အမေရိကား) မှ စသည်၊ တကမ္ဘာလုံးကို အလျင်အမြန် ပျံ့နှံ့သွားသည်။ ကမ္ဘာလုံး ၀ိုင်းဝန်းဖြေရှင်းဖို့ လိုအပ်လာသည်၊ ဘဏ်စနစ်တွေ၊ ငွေကြေးစနစ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာသည့် သဘောပင်။
ထို့အတူပင် ကမ္ဘာရာသီဥတုပြောင်းလဲမှု၊ ကူးစက်ရောဂါ၊ အကြမ်းဖက်ဝါဒ၊ တခြား ရောဂါဘယတွေလည်း နယ်စပ်မျဉ်းတွေကို အလွယ်တကူ ဖြတ်ကျော်နေသည်၊ စီးပွားရေးရောဂါကို ၀ိုင်းဝန်းကုစားသလို ကုစားမှုမျိုးကို တောင်းဆိုနေသည်။
ဂလိုဘယ်လိုက်ဇေးရှင်း၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ဖို့ ယနေ့ခေတ် အစိုးရများသည် ယခင်အစိုးရများထက် ပိုပြီး စမတ်ကျသော ပေါ်လစီများကို ချမှတ်ဖို လိုအပ်လာ သည်၊ ရေရှည် အကျိုးစီးပွားအတွက် အရေးအကြီးဆုံးက ပညာရေးတွင် အလုံးအရင်းနှင့် ရင်းနှီးမြှုပ်နှံဖို့ဖြစ်သည်။
ကမ္ဘာလုံးချီ ပြိုင်ပွဲတွင် ကိုယ်နိုင်ငံက လူငယ်များ နလဗိန်းတုံးများ မဖြစ်ဖို့ လိုအပ်လာသည်။ သိပံနှင့် နည်းပညာကို အားပေးရမည်၊ ကမ္ဘာတ၀ှမ်းလုံးက အစိုးရတွေ ဘဏ္ဍာရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ လိုအပ်လာသည်။
အစိုးရတွေ ထိရောက်ဖို့၊ ထက်မြတ်ဖို့ လိုအပ်လာသည်၊ သေချာပါသည်။ ကမ္ဘာလုံးချီ ဆက်စပ်ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့်အရေးတွင် ခေတ်မီဖို့ လိုအပ်လာသည်။ ထို့ကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် နိုင်ငံအစိုးရတွေရဲ့ အခန်းကဏ္ဍသည် ယခင်ကထက် ပိုပြီး အရေးပါလာသည်၊ အစိုးရတွေရဲ့ အခန်းကဏ္ဍပို၍ တွင်ကျယ်၊ ပို၍ လိုအပ်လာပေပြီ။
၁၉၇၀ ပြည့်လွန် နှစ်တွေက အမေရိကားတွင် အစိုးရက ဂလိုဘယ်လိုက်ဇေးရှင်းအပေါ် နားလည်မှုလွဲပြီး လမ်းကြောင်းအမှားကို လိုက်ခဲ့သည်၊ ဂလိုဘယ်လိုက်ဇေးရှင်း၏စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ အစိုးရက ပညာရေး၊ အခြေခံအဆောက်အအုံ၊ နည်းပညာတို့တွင် ရင်းနှီးမြှုပ်နှံမှုမလုပ်ဘဲ အစိုးရအသုံးစရိတ်ကို လျှော့ချမယ်၊ အခွန်လျှော့ချပေးမယ် စသော လူဗြိန်းကြိုက် ကတိတွေပေးခဲ့သော ရောနယ်ရေဂင်ကို ၁၉၈၀ ပြည့်နှစ်တွင် သမ္မတအဖြစ် ရွေးချယ်ခဲ့သည်၊
နောက်ထပ်အနှစ် ၃၀ လည်း အမေရိကန်အစိုးရအဆက်ဆက်က လမ်းလွဲလိုက်ခဲ့ကြသည်၊ ပြည်တွင်း စီးပွားရေးတွင် ရင်းနှိးမြှုပ်နှံမှုတွေ များများလုပ်ဖို့၊ စီးပွားရေးလုပ်ငန်းနှင့် အလုပ်အင်အားစုကို ခေတ်မှီအောင်လုပ်ဖို့ မစဉ်းစားဘဲ ယင်းကဏ္ဍများတွင် အစိုးရ၏ ပါဝင် ပတ်သက်နေမှု (အစိုးရအခန်းကဏ္ဍ) ကို လျှော့ချပြီးရင်း လျှော့ချခဲ့သည်၊
အခွန်တွေ လျှော့ချသဖြင့် ရေတိုတွင် သူဌေးတွေပဲ ပိုလို့ချမ်းသာသွားပြီး၊ အစိုးရဌာနများတွင် အလုပ်လုပ်သော ဆင်းရဲသားများ အလုပ်ပြုတ်ကုန်ကြသည်။ စီးပွားရေးမညီမျှမှုတွေ ကြီးမားသထက် ကြီးမားလာသည်။ သူဌေးတွေက သူတို့ ဓနကိုသုံးပြီး အစိုးရတွေကို ကြိုးကိုင်လာသည်။ အကုန်အကျများသော ရွေးကောက်ပွဲတွေအတွက် သူဌေးတွေက အရင်းအနှီးမတည်ပေးသည်။
အာဏာရလာသောအခါ သမ္မတတွေနှင့် အမတ်တွေက သူဌေးတွေကို ပိုပြီး ကြီးပွားအောင် ကျေးဇူးဆပ်ကြရရှာသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံအများစု၊ ယင်းလမ်းကြောင်းလိုက်ကြသဖြင့် စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင် နေရပေပြီ။
ယနေ့ ကမ္ဘာပေါ်တွင် အောင်မြင်နေသော နိုင်ငံများကို ပြပါဆိုလျှင် စကင်ဒီနေးဗီယားနိုင်ငံများ Scandinavia ကို ပြရမည်။ အစိုးရက များများသုံးနိုင်ဖို့ အခွန်များများကောက်သည်။ ထိုကြောင့် ဆင်းရဲချမ်းသာကွာဟမှု၊ လူမှုရေး မညီမှုတွေကို ညှိယူနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မဖြစ်အောင်လည်း ထိန်းသိမ်းထားနိုင်သည်။
ယင်းသည် ဂလိုဘယ်လိုက်ဇေးရှင်းခေတ် စီးပွားရေးတွင် ဟန်ကျပန်ကျနေထိုင်ရေးအတွက် အရေးကြီးသည့် သော့ချက်ဖြစ်သည်၊ အထူးသဖြင့် လူငယ်တွေအနေဖြင့် လမ်းကြောင်းသစ် ဖြစ်လာနေသော အရှိတရားကို နားလည် လက်ခံကြရန် အရေးကြီးသည်၊
မြန်မာပြည်တွင် သမ္မတဦးသိန်းစိန်အစိုးရ၏ ကတိက၀တ် သို့မဟုတ် ကြွေကြော်သံသည် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရဖြစ်ရေးဟု ဆိုသည်၊ ကောင်းသော အစပျိုးမှုပင်၊ ထို့အတူ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ထဲထဲဝင်ဝင်ဖြစ်ဖို့ ကြိုးစားလာသည့် အရိပ်လက္ခဏာများ တွေ့လာရသည်။
ရေရှည် ကမ္ဘာလုံးချီ ပြိုင်ပွဲတွင် ကိုယ့်နိုင်ငံ၏ ကိုယ်ခံအား၊ အရင်းအမြစ်တွေ ခေတ်မှီသန်စွမ်းဖို့ လိုသည်။ အခွန်ကိစ္စ၊ တိုင်းပြည်၏ အခြေခံအဆောက်အအုံတွင် အစိုးရ၏အသုံးစရိတ် ခွဲဝေမှု တို့တွင် ပြုပြင်ရန်လိုအပ်နေသည်၊ မတိုးနိုင်သည့်တိုင်အောင် လက်ရှိအသုံးပြုနေသည့် အသုံးစရိတ်တွေထဲက လျှော့သင့်တာကို လျှော့၍ တိုးသင့်တာကို တိုးရမည်၊ ဥပမာအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် စစ်ရေး အသုံးစရိတ်အဆမတန် ကွာဟချက်မျိုးဖြစ်သည်။
လက်တွေ့တွင် ယင်းအတိုး အလျှော့အတွက် နိုင်ငံရေးအရ လုပ်ဆောင်ရမှာတွေ၊ အင်စတီကျူးရှင်းအရ ပြုပြင်ရမှာတွေရှိနိုင်သည်။ အမျိုးသားအကျိုးစီးပွားအတွက် မဖြစ်မနေလုပ်ကို လုပ်ရမည်ဟု ထင်သည်။ အကြောင်းကတော့ ဂလိုဘယ် လိုက်ဇေးရှင်းခေတ်၏ စိန်ခေါ်မှုတွေက ပတ်ချာဝိုင်းပြီး ချီတက်လာနေပေပြီ။ တမျိုးသား လုံးကျောချင်းကပ် ရင်ဆိုင်ဖြေရှင်းရုံမှ တပါး တခြားမရှိနိုင်တော့။
ညီစောလွင်
၁၈၊ ဇန်န၀ါရီ၊ ၂၀၁၂
ရည်ညွန်း၊ ၊ Globalization’s Government by Jeffrey D. Sachs
http://www.maukkha.org
0 ( မှတ်ချက်ရေးချင်ရင် )