ရခိုင်ပြည်နယ် အလံနှင့် အမျိုးသား ၀တ်စုံကို ပြန်လည် ပြင်ဆင်ရန် ကြံ့ဖွံ့ ပါတီမှ ကြိုးပမ်း ဆောင်ရွက်နေမူ အပေါ် အများက လက်ခံနိုင်ဖွယ် မရှိသဖြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ကန့်ကွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ရတပပါတီ ဗဟိုရုံးတွင် မတ်လ ၃၁ ရက်နေ့က ဆွေးနွေးနေကြစဉ်။( ဓါတ်ပုံ- နိရဉ္စရာ)
" အများစုက ခုလို ကြံ့ဖွံ့ ပါတီက ပြည်နယ် အလံနဲ့ အမျိုးသား ၀တ်စုံ ပြင်ဆင်ရေးအတွက် လုပ်ဆောင်လာတာကို မကြိုက်ကြဘူး။ ဒီကိစ္စက ရခိုင်တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စမို့ ပြည်သူတွေ သဘောထားမရဘဲ အခုလို လုပ်တာကို သဘောမတူကြဘူး။ ဒါကြောင့် ရခိုင်တိုင်းရင်းသားများ ပါတီက ကန့်ကွက်မူတွေ ဆက်လုပ်မယ်။ များမကြာခင်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေညာချက် ထုတ်မယ်လို့ သိရပါတယ်" ဟု ပြောသည်။
ဆွေးနွေးပွဲ အခမ်းအနားကို မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် စတင်ခဲ့ပြီး သဘာပတိ အဖြစ် ဆရာကြီးမောင်ဘသိန်း (သမိုင်းသုတေသီ)မှ ဆောင်ရွက်ပြီး ဦးကျော်သန်းမှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ အခမ်းအနားသို့ ရတပမှ ပြည်နယ် ၀န်ကြီး ဦးသာလူချေ၊ ဦးကျော်သိန်း၊ ဦးအောင်သန်းတင်တို့အပါအ၀င် လူပေါင်း (၅၀) ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ရတပမှ ပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ် ၀န်ကြီး သုံဦး ဖြစ်ကြသည့် ဦးသာလူချေ၊ ဦးကျော်သိန်း၊ ဦးအောင်သန်းတင်တို့သည် မတ်လ ၂၉ ရက်နေ့က လွှတ်တော်တွင် မဲခွဲရာ ကြံ့ဖွံ့ ကိုယ်စားလှယ် ဦးသာညွှန့်၏ ခေတ်မလျော်ညီ၍ အလံနှင့် အမျိုးသား ၀တ်စုံကို ပြင်ဆင်ရန် အဆိုကို ထောက်ခံ ခဲ့ကြသည်ဟု သိရသည်။
" ပြည်နယ် လွှတ်တော်မှာ မဲခွဲတဲ့ အခါ ရတပ ပါတီက ၀န်ကြီး ၃ ဦးက ပါ မာန်အောင်မြို့နယ် ပြည်နယ် လွှတ်တော် အမတ် တင်ပြတဲ့ ပြည်နယ် အလံ ရိုးရာ အမျိုးသား ၀တ်စုံ ပြုပြင်ရေးကို ထောက်ခံ ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့ပြင် မင်းပြားမြို့နယ် ရတပ ပြည်နယ် လွှတ်တော် အမတ် ဦးမောင်ကျော်ဇံကလည်း ကြားနေခဲ့တယ်။ ဒါကြောင့် မဲခွဲတဲ့ အခါ ကြံ့ဖွတ်အဆိုက ၂၈ မဲ၊ ကန့်ကွက်တဲ့ ရတပပါတီက ၁၄မဲ၊ ကြားနေမဲ တစ်မဲ ဖြစ်သွားပြီး အဆိုကို ကန့်ကွက်တဲ့ ဘက်က ရှုံးသွားခဲ့တာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။
ပြည်နယ် အလံနှင့် ရခိုင်အမျိုးသား ၀တ်စုံ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ဆက်လက် ကျင်းပမည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် အကြိတ်အနယ် ဆွေးနွေးကြရန် အစီအစဉ် ရှိနေကြသည်ဟု သိရသည်။
စစ်တွေမြို့ လမ်းမတော် တောင်ရပ်ကွက် ရတပ ပါတီ ဗဟိုရုံးချုပ်တွင် ကြံ့ဖွံ့ ပါတီမှ ပြည်နယ် အလံနှင့် အမျိုးသား ၀တ်စုံ ပြင်ဆင်ရေး စီစဉ် ဆောင်ရွက်နေမူနှင့် ပတ်သက်ပြီး ရခိုင် အသိပညာရှင် အတတ်ပညာရှင်များမှ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု မြန်မာနိုင်ငံ၏ အကျိုးစီးပွား အပါအ၀င် ရခိုင်ပြည်နယ်နှင့် ရခိုင် လူမျိုးတို့၏ အကျိုးစီးပွားအား တစ်စုံတစ်ရာ ထိခိုက်မူ မရှိဘဲ ယခုကဲ့သို့ ကြံ့ဖွတ်ပါတီမှ ရခိုင်ပြည်နယ် အလံနှင့် အမျိုးသား ၀တ်စုံများကို ပြန်လည် ပြင်ဆင်ရန် စီစဉ်လာခြင်းမှာ နောက်ကွယ်တွင် ထူးခြား လေးနက်သော အကြောင်းအရာများ ရှိနိုင်ကြောင်း လူကြီးများက သုံးသပ် ပြောဆို ခဲ့ကြသည်ဟု သိရသည်။
-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း
0 ( မှတ်ချက်ရေးချင်ရင် )