MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

အကုသိုလ် နှင့် ပန်းတိုင် - ရဝေနွယ်(အင်းမ)

တစ်ခါတုန်းက အလွန်လှတဲ့ ဗာရာဏသီမင်းတစ်ပါး ရှိပါတယ်။ သူ့ကိုမြင်လိုက်ရ တဲ့သူတွေဟာ ထပ်ခါထပ်ခါ ပြန်ကြည့်ချင်စိတ် ဖြစ်ကြရပါတယ်တဲ့။ တစ်နေ့တော့ ဗာရာဏသီမင်းဟာ မြို့ထဲကို လှည့်လည် ပါတယ်။ တစ်နေရာ အရောက်မှာတော့ သူဋ္ဌေး တစ်ယောက်ရဲ့ မယားက လေသာ ပြတင်းပေါက်ကနေ မင်းကို ရပ်ကြည့် နေပါတယ်။ မင်းလည်း ရပ်ကြည်နေတဲ့ အမျိုးသမီးကို မြင်ပြီးတပ်မက်တဲ့ ရာဂစိတ် တွေဖြစ်သွား ပါတယ်။ ဒီတော့ အမတ်တစ်ယောက်ကို ခေါ်ပြီး “အဲဒီမိန်းမမှာ ယောက်ျား ရှိမရှိ” စုံစမ်း ခိုင်းပါတယ်။ အမတ်ကလည်း စုံစမ်းပြီး ယောက်ျားရှိကြောင်း ပြန်လျှောက်ပြပါတယ်။ မင်းဟာဖြစ်နေတဲ့ တပ်မက်စိတ်တွေကို ကြည့်ပြီး “ငါဟာ နတ်သမီးတွေလို လှနေတဲ့ မောင်းမမိဿံ နှစ်သောင်း အလယ်မှာ တစ်ယောက်တည်း အလိုရှိသလို ပျော်မွေ့နေတယ်။ ဒီမိန်းမ နှစ်သောင်းနဲ့ ရောင့်ရဲခြင်း မရှိဘဲ သူတစ်ပါး မယားအပေါ်မှာ ရာဂစိတ်တွေ ဖြစ်လိုက် သေးတယ်၊ ဒီတဏှာ ရာဂဟာ အပါယ်ကို ဆွဲချလိမ့်မယ်” လို့ တဏှာရာဂ အပြစ်ကို ဉာဏ်နဲ့ ကြည့်ပါတယ်။ ဗာရာဏသီမင်းက ဆက်ပြီး “ငါ ဒီတဏှာရာဂကို အခုပဲရှင်းပစ် မယ်” ဆိုပြီး မင်းအဖြစ်ကိုစွန့်ပြီး ရဟန်းပြု လိုက်ပါတယ်။ ရဟန်းဘဝနဲ့ပဲ ဝိပဿနာတရား ကိုကြိုးကြိုးစားစား အားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွား ပါတော့တယ်။
သုတ္တနိပါတ်အဋ္ဌကထာ ပထမတွဲ
ခဂ္ဂဝိသာဏသုတ်၊ စာမျက်နှာ ၁၁၁၊၁၁၂။
ဗာရာဏသီမင်း ဖြစ်လိုက်တဲ့ ရာဂစိတ်က တကယ်ဆို အကုသိုလ်ပါ။ ဒါပေမယ့် ဗာရာဏသီ မင်းကတော့ အဲဒီ အကုသိုလ်စိတ်ကိုပဲ အမှီပြုပြီး လမ်းဆုံးပန်းတိုင် တစ်ခုဆီ အရောက်လှမ်းနိုင် ခဲ့ပါတယ်။ ဒီတော့ အကုသိုလ် ဖြစ်တိုင်းလည်း ကြောက်စရာ မလိုပါဘူး။ အကုသိုလ်ကနေ ကုသိုလ်ဖြစ်အောင် ပြန်လုပ်ယူရမှာပါ။ ပြန်လုပ်ယူနည်း တွေလည်း မြတ်စွာဘုရားကဟောပြထားတာပါ။ အကုသိုလ် ဖြစ်တိုင်း စိတ်ဆင်းရဲ နေရမယ်ဆိုရင် တစ်သက်လုံး စိတ်ဆင်းရဲနေ ရတော့မှာပါ၊ သာသနာဟာ အားလုံးရဲ့ ထောက်ရာ တည်ရာ အားကိုးရာပါ။ ကိလေသာ မကင်းသေးတဲ့ ပုထုဇဉ်ဘဝမှာ အကုသိုလ်ကတော့ ပြုမိကြမှာပါပဲ။ ဒါပေမယ့် ပြုမိတဲ့ အကုသိုလ်ကို အမှီပြုပြီး စီးပွားရေး စကားနဲ့ ပြောရမယ် ဆိုရင်တော့ ဖြစ်လာတဲ့ အကုသိုလ်ကိုပဲ အရင်းအနှီး လုပ်ပြီး ကုသိုလ်ကုန်ချော ပြန်ထုတ် ယူရမှာပါ။ တစ်ဆင့် မြှင့်ပြီး ပြောရရင် ဝိပဿနာ ကုန်ချောအထိ ဖြစ်အောင် ကြိုးစားကြရမှာပါ။ ဗာရာဏသီ မင်းဟာ ဖြစ်ပေါ်လာတဲ့ အကုသိုလ် ကိုပဲ အရင်းအနှီး လုပ်ပြီး ပစ္စေက ဗုဒ္ဓါ ဖြစ်သွားတာပါ။ မနက်အိပ်ရာက နိုးရင်မထသေးဘဲ ကိုယ့်ကိုယ်ကို တိုးတိုးလေး ပြန်မေးသင့်တဲ့ မေးခွန်း တစ်ခုရှိပါတယ်။
လူ့ဘဝ ရောက်လာတာ ဘာလုပ်ဖို့လဲ?
အဖြေကတော့ လမ်းသုံးသွယ်ကို အာရုံပြုကြည့်ရမှာပါ။
လမ်းသုံးသွယ် ရှိပါတယ်။ ကံလမ်းရယ်၊ ဈာန်လမ်းရယ်၊ ဉာဏ်လမ်း ရယ်ပါ။ ဒါန သီလတွေ ပြုတာက ကံလမ်းက သွားတာပါ။ ကံလမ်းက သွားရင် လူ့ပြည်၊ နတ်ပြည်ကို ရောက်ပါတယ်။ သမထ တရားတွေ ပွားများအားထုတ် တာက ဈာန်လမ်းက သွားတာပါ။ ဈာန်လမ်းက သွားရင်ဗြဟ္မာ့ပြည်ကို ရောက်ပါတယ်။ ဝိပဿနာ တရားတွေ ပွားများ အားထုတ်တာက ဉာဏ်လမ်းက သွားတာပါ။ ဉာဏ်လမ်းကသွားရင် နိဗ္ဗာန်ကို ရောက်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန် ရောက်ဖို့ အတွက် ဉာဏ်လမ်းက သွားရမှာပါ။ ဒီတော့ ကံလမ်း၊ ဈာန်လမ်းလောက် နဲ့ တင်းတိမ်နေလို့ မရပါဘူး။ ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားကိုလည်း အားထုတ်ရဦး မှာပါ။ ပြီးတော့ လမ်းသုံးသွယ်ကို အာရုံပြုလိုက်ရင်လည်း ရာထူးဌာနန္တရ, ငွေကြေးဥစ္စာ, ခြွေရံသင်းပင်း ဆိုတာတွေလည်း ဘာမှမဟုတ်တော့ပါဘူး။ လူ့ဘဝတော့ ရောက်လာပါရဲ့ ဒါပေမယ့် လူ့ဘဝ ရောက်လာပြီး ဒီဝိပဿနာ တရား လေးမှ အားမထုတ်ရဘဲ သေသွားရတယ် ဆိုရင်တော့ လူ့ဘဝရလာတာ မတန်ပါဘူး။ ဝိပဿနာတရား အားမထုတ်ရဘဲ သေသွားကြရတဲ့ သူတွေလည်း အများကြီးရှိမှာပါ။
ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားဟာ သာသနာတွင်း ကာလမှာပဲ ရရှိတာပါ။ သာသနာပ ကာလမှာမရပါဘူး။ သာသနာပ ကာလမှာ ကံလမ်းနဲ့ ဈာန်လမ်းပဲ ရှိတာပါ။ ဆိုလိုတာက ကံလမ်း၊ ဈာန်လမ်း လောက်နဲ့ စိတ်မချရ သေးပါဘူး။ ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားအားထုတ်ပြီး အနည်းဆုံး သောတာပန်ဖြစ်မှ ဘဝကစိတ်ချရတာပါ။ သောတာပန် ဖြစ်သွားရင်တော့ အပါယ် မကျတော့ပါဘူး။ သောတာပန် ဖြစ်အောင် အားမထုတ်နိုင် သေးရင်တောင် အငယ်စား သောတာပန် လို့ခေါ်တဲ့ စူဠသောတာပန် အဆင့်လောက်တော့ ရအောင် အားထုတ်ကြရမှာပါ။ စူဠ သောတာပန်ဆိုတာ အကြောင်းနဲ့ အကျိုးကို ခွဲခြားသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် အထိ ရောက်တဲ့ ယောဂီကို စူဠသောတာပန်လို့ ခေါ်တာပါ။ စူဠသောတာပန် ဖြစ်ရင်လည်း သုဂတိဘဝ မြဲတယ်လို့ ဆိုပါတယ်။ ဉာဏ်စဉ်အတိုင်း ပြောမယ်ဆိုရင်တော့ ပစ္စယပရိဂ္ဂဟဉာဏ်က ဒုတိယဉာဏ်စဉ် ပါ။ ပထမဉာဏ်စဉ်က နာမ်ရုပ်ကို ပိုင်းခြားသိတဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်စဉ်ပါ။ ဒီဉာဏ်စဉ် နှစ်ပါးကိုတော့ တရားကို ရိုရိုသေသေ ရှုမှတ်တဲ့ ယောဂီတိုင်း တွေ့ကြ ရတာ များပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ ဝင်တိုင်း ဒီဉာဏ်စဉ် နှစ်ခုလောက်တော့ ရအောင် အားထုတ်ကြရမှာပါ။ တချို့ အလေ့အကျင့်များတဲ့ ယောဂီတွေဆို ကိုယ့်အိမ် ဘုရားခန်း ထဲမှာ ထိုင်လိုက်တာနဲ့ ဒီဉာဏ်စဉ် နှစ်ခုကို ချက်ချင်း တွေ့ကြရတယ်လို့ ဆိုပါ တယ်။ ဘဝမှာ ဝိပဿနာတရားထက် ပျော်စရာကောင်းတာ ဘာမှမရှိပါဘူး။ ဝိပဿနာ တရားတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။ မြတ်စွာဘုရားက ဝိပဿနာ ပီတိသုခနဲ့ ပျော်မွေ့ နေရတာဟာ လူသာမန်တွေ မဆိုထားနဲ့ နတ်သာမန်တွေ တောင်မှ မပျော်မွေ့နိုင်တဲ့ ပျော်မွေ့ခြင်းကို ရရှိပါတယ်လို့ ဟောပြထားတာပါ။ ဘယ်နေရာမှာပဲ ရောက်နေရောက်နေ၊ ဘယ်လို အခြေအနေပဲ ရှိနေနေ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ တကယ်လျှောက်ရမှာက ဉာဏ်လမ်းပါ။
ဒါတွေက ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ရှိတဲ့အခါ လမ်းသုံးသွယ်ကို အာရုံပြု လိုက်ရင် တရားသဘောလေးတွေ ပေါ်လာတာ များပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်ကိုယ်ကို အတွေးလေးနဲ့ တရားပြန်ဟောလို့ လည်းရတာပါပဲ။ တရားဟော သူလည်းကိုယ် တရားနာသူလည်း ကိုယ်ပါ။ တရားဆိုတာ သူများ ဟောမှတင် မဟုတ်ပါဘူး၊ ကိုယ့်ကိုယ် ကိုလည်း ပြန်ဟောရမှာပါ။ ကိုယ့်ကိုယ်ကို တရားဟော တယ်ဆိုတာ ကိုယ့်ကိုယ့်ကို ပြန်ထိန်းကြောင်းတာပါပဲ။ ကိုယ့်ကိုယ်ကို တရားဟောရင်း ကိုယ်ဘယ်လမ်း လျှောက်နေတယ် ဆိုတာ ပြန်ကြည့်ရမှာပါ။ ကံလမ်း၊ ဈာန်လမ်း လောက်ပဲ ရှိသေးတယ် ဆိုရင်တော့ ကျန်နေတဲ့ သက်တမ်းလေးမှာ ဉာဏ်လမ်းပေါ် ရောက်အောင် ရွှေ့ယူဖို့ပါပဲ။ ဉာဏ်လမ်းပေါ်ရောက် သွားရင် ကျန်တာတွေက ဘာမှမဟုတ်တော့ပါဘူး။ ဉာဏ်လမ်းပေါ် လျှောက်တဲ့အခါ စာအုပ်ဖတ်ပြီး လျှောက်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါက အတိတ်အတိတ် ဘဝက ပါရမီပါခဲ့တဲ့ သူတွေအတွက်သာ အဆင်ပြေတာပါ။ ဒါကြောင့် ရိပ်သာတစ်ခုခုမှာ သွားပြီး နည်းသွားယူရမှာပါ။ ဆယ်ရက်, တစ်လ, ချက်ချင်းကြီး မဝင်နိုင်သေးရင်တောင် ပထမသုံးရက် ဝင်ကြည့်၊ အဆင်ပြေရင် နောက် ဒုတိယ အကြိမ်ကျတော့ ငါးရက်ဝင်ကြည့်၊ နောက်တတိယ အကြိမ်ကျတော့ ဆယ်ရက်၊ တစ်လ စသည်ဖြင့် တိုးတိုးသွားရုံပါ။ တော်တော်များများက (၆ဝ)ပြည့် ပင်စင်ယူမှပဲ အားထုတ်ဖို့ စိတ်ကူးကြတာပါ။ (၆ဝ) နောက်ပိုင်းဆို ရုပ်အို နာမ်အို ဖြစ်သွားတဲ့ အတွက် လူငယ်တစ်ယောက်လို အားထုတ်လို့ မကောင်းတော့ပါဘူး။ ဒီကြားထဲ ကျန်းမာရေး မဖောက်ဘူး လို့လည်း မပြောနိုင်ပါဘူး။ ကျန်းမာရေး ဖောက်ပြီး ခုတင်ပေါ်ရောက်မှ တရားအားထုတ်နည်း သင်ပေးရတဲ့ ကမ္မဋ္ဌာန်း ဆရာမှာလည်း စိတ်ရှိတိုင်း သင်မပေး နိုင်တော့ပါဘူး၊ ပင်စင်မယူခင် ငယ်တုန်းအားထုတ် ထားရမှာပါ။ ပင်စင်ယူပြီးတာနဲ့ အရှိန်မပျက် ဆက်အားထုတ် သွားရင် မခက်တော့ပါဘူး။
ဒီလိုပါပဲ၊ ပင်စင် မယူခင်လည်း ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်း ပေါ်ရောက်အောင် ရွှေ့ရွှေ့ယူသွား ရမှာပဲ။ ဥပမာ၊ ကိုယ့်ရုံးကို လူတစ်ယောက် စာရွက်တစ်ရွက် လာယူမယ်၊ တခြားကိစ္စ တစ် ခုကြောင့် ချက်ချင်း မပေးနိုင်တာကို ရောက်လာသူက မကျေနပ် စကားပြောလာမယ်၊ ဒါကို ကိုယ်က ပြုံးပြုံးလေးနဲ့ ဘာမှ ပြန်မပြောဘဲ ကာယကံနဲ့ ဝစီကံကို စောင့်ထိန်း လိုက်တာက သီလကုသိုလ် ဖြစ်သွားတာပါ၊ စာရွက်လာယူတဲ့ သူကိုကြည့်ပြီး “ငါလုပ်ပေးလိုက်တဲ့ အတွက် သူ့မိသားစု အစစအရာရာ အဆင်ပြေပါစေ”လို့ မေတ္တာပို့ပေး နေတာက သမထကုသိုလ် ဖြစ်သွားတာပါ။ ကိုယ်လုပ်ပေး လိုက်ရတဲ့ အတွက် ကျေနပ်ဝမ်း မြောက်မှုဖြစ်မယ်၊ ဒါဆို ကိုယ့်စိတ်ကိုယ် ပြန်ကြည့်ပြီး “ဝမ်းသာတယ်၊ ဝမ်းသာတယ်”လို့ ရှုမှတ်လိုက်တာက ဘာဝနာ ကုသိုလ် ဖြစ်သွားတာပါ။ ဒါက အလုပ်လုပ်ရင်း ရုံးထဲမှာတင် မြတ်စွာဘုရား လျှောက်စေချင်တဲ့ ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းပေါ် ရောက်အောင် ရွှေ့ယူ လိုက်တာပါ။ ပိုက်ဆံလည်း မကုန်ပါဘူး။ ခန္ဓာရှိနေတဲ့ အတွက်၊ မိသားစု ရှိနေတဲ့ အတွက် ရာထူးဌာနန္တရ၊ ငွေကြေး ဥစ္စာတွေ ကတော့ လိုအပ် နေတာပါပဲ။ ဒါပေမယ့် ဒီရာထူး ဌာနန္တရ၊ ငွေကြေး တွေကိုပဲ ဒါနသဘော၊ သီလသဘော၊ ဘာဝနာသဘော ဖြစ်အောင် ပြောင်းယူရမှာပါ။ တစ်ခါတလေ ကျတော့လည်း ဘဝတွေက ခက်တော့ အခက်သား ပါပဲလေ။ ကိုယ့်ဘဝ ကိုယ်စိတ်တိုင်း မကျတဲ့သူက များပါတယ်။ ဒီလိုပါပဲ၊ စိတ်တိုင်းကျခြင်း မကျခြင်း တွေနဲ့ပဲ ဘဝတွေက ဖြတ်သန်း နေကြရတာပါ။ နှစ်ဆယ့်တစ် ရာစု ရဟန်း တစ်ပါးရဲ့ ဘ၀ဟာလည်း မသက်သာလှပါဘူး။ ရဟန်းနဲ့ငွေ, ငွေနဲ့ရဟန်း ဘာမှ မဆိုင်လှ ပေမယ့် ငွေမရှိပြန် ရင်လည်း အဲဒီရဟန်း တစ်ပါးအတွက် ခက်ခဲ မှုတွေနဲ့ပါ။ လူတွေဆို အထူးပြောစရာ မလိုတော့ပါဘူး။ ပုထုဇဉ် လူသား တစ်ယောက်ရဲ့ဘ၀မှာ လောကီ ကျိုးတွေကတော့ လိုအပ်ချက် တစ်ခု အနေနဲ့ကို လိုအပ်နေတာပါ။ လောကီ ကျိုးတွေကို ငဲ့လွန်း နေပြန်ရင်လည်း တရား အားထုတ်ရတာ အနှောင့်အယှက် ဖြစ်နေတတ်ပါတယ်။ ပြည့်စုံခြင်း၊ မပြည့်စုံခြင်း တွေကတော့ ရှိမြဲရှိနေမှာပါ။ အဲဒီ အထဲကမှ တရားအားထုတ် ဖြစ်နေတယ် ဆိုရင်ပဲ ဘ၀က ပြည့်စုံမှု တစ်ခုအနေနဲ့ ပြီးပြည့်စုံ နေတော့တာပါ။ တရားမှတ်နေတဲ့ အချိန် လေးဟာ လောကီ ကျိုးတွေကို မေ့နေတာက များပါတယ်။ တဒင်္ဂ မေ့နေရင် တဒင်္ဂ စိတ်ချမ်းသာ နေတာပါပဲ။
မြတ်စွာဘုရားက ပရိနိဗ္ဗာန် စံခါနီးမှာ “မမေ့ကြနဲ့၊ မမေ့ကြနဲ့” လို့နောက်ဆုံး စကား အနေနဲ့ မှာခဲ့ပါတယ်။ “မမေ့ကြနဲ့” ဆိုတာ ဝိပဿနာ တရားအားထုတ်ဖို့ မမေ့ကြနဲ့လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဒါတွေကို ထောက်ပြီး လူ့ဘဝ ရောက်လာတာ ဝိပဿနာ တရား အားထုတ်ဖို့ပါပဲ။ ဗာရာဏသီ မင်းဟာ ကိုယ်ဖြစ်တဲ့ အကုသိုလ် လေးကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ပြန် တရား ဟောခဲ့တာပါ။ ဟောရုံတင် ရပ်မထားဘဲ ဝိပဿနာ တရားကို ဆက်အားထုတ် ခဲ့တာပါ။ လမ်းသုံးသွယ်နဲ့ ပြောရင် ဉာဏ်လမ်းပေါ် ရောက်အောင် လျှောက်ပြီး ပစ္စေက ဗုဒ္ဓါဖြစ် သွားတာပါ။ ဘာပဲပြောပြော လူ့ဘဝ ရခိုက်လေးမှာ ကံလမ်း, ဈာန်လမ်း လောက်နဲ့တင် တင်းတိမ် မနေဘဲ ဉာဏ်လမ်းပေါ်ကိုလည်း ရောက်အောင် လျှောက်ဖို့ပါပဲလေ။ သြော်... နောက်ဆုံး ကျတော့လည်း တရားအားထုတ်နေတာပဲ အကောင်းဆုံး ပါပဲလေ။
ကျမ်းကိုး
သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏ တရားတော်များ။
- ရဝေနွယ်(အင်းမ)

ပို့စ်တင်သူ ။.............။ မောင်သိရီ on Wednesday, 11 April 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

There was an error in this gadget

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု