MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ယာဝဒေ၀ အနတ္တာယ၊ ဥတ္တံ ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုကံ္ကတံ၊ မုဒ္ဓမဿ ၀ိပါတယံ။

သူမိုက်၏ အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန်အတွက်သာ ဖြစ်၏။ ကုသိုလ်အဖို့ အစုကို ဖျက်ဆီး၏။ ပညာဦးထိပ် ကို ပြတ်ကျစေတတ်၏။ (ဗာလ၀ဂ်- ဓမ္မပဒ)
တစ်ခါတစ်ရံမှာ အခြားသူတစ်ဦးကို အပြစ်ပြောလိုက်ချင်ပေမယ့် အပြစ်တင်ထိုက်တဲ့သူဟာ ဘယ်သူလဲ ဆိုတာကို စဉ်းစား မရခဲ့တာနဲ့ပဲ ကြုံခဲ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အပြစ်ကင်းပါတယ်လို့ ဆိုလို့မရနိုင်အောင် ကျွန်တော် အတွင်းစိတ်က သိနေတာကြောင့်ပဲထင်ပါတယ်။ ဒီတော့ အပြစ်ရှာမကြည့် ချင်တော့ဘူး။ အပြစ်ရှာကြည့် ရင် အပြစ်တွေ့ နေဦးမယ်။ လိုချင်တာ အပြစ်မဟုတ်ဘူး။ လိုချင်တာက အဖြေ။ ဒါကြောင့် အဖြေရှာကြည့်ရအောင်ပါ။ အဖြေတွေ့လို တွေ့ငြားပေါ့။
လွန်ခဲ့တဲ့နှစ်လလောက်က ရွာပြန်ရောက်ခဲ့တယ်။ ကျွန်တော်ရောက်တယ်ဆိုရင်ပဲ တစ်ခြားရွာဘက်က မူလတန်း ကျောင်း ဆရာ/မ တွေက ဖိတ်ကြတယ်ဗျ။ အကြောင်းကတော့ဗျာ တစ်ချိန်တုန်းက ကျွန်တော်ဆက် သွယ်ပေးမှုနဲ့ စာသင် ကျောင်းတစ်ကျောင်းမှာ စာရေးခုံ၊ ကုလားထိုင်၊ စားပွဲခုံ၊ ဗီရို စသဖြင့် စုံစုံလင်လင်လေး အလှူခံလို့ရလိုက်တယ်ပေါ့။ ပထမ တစ်ကျောင်းက အဆင်ပြေသွားတော့ နောက်ထပ် ကျောင်းလေးကျောင်း ကျွန်တော့်ကို လိုက်ပြတယ်။ ကိုသုခရယ် ကူညီပါ အုံးပေါ့။ ကျွန်တော် နည်းနည်းတွန့်သွားတယ်။ အကြောင်းက ဘယ်လိုလုပ်ပြီး အလှူရှင်ရှာရမယ်မှန်းမသိလို့ပါ။ ကိုယ်ကလည်း ဒီလောက်ကြီး မစွမ်းဆောင်နိုင်သေးတာက အဓိကအကြောင်းရင်းပါပဲ။
ကလေးတွေ စာသင်နေရတယ်။ သိပ်သနားစရာကောင်းတယ်။ သမံတလင်းမှာ ဖျာခင်းပြီးသင်ရတယ်။ တစ်ချို့လည်း ဖျာမရှိ ပကတိ အခင်းဗလာနဲ့ ၇ ပေ လောက်ရှည်တဲ့ တစ်တောင်လောက်စာပွဲမှာ ကြပ်ကြပ် ညပ်ညပ်ထိုင်ပြီး စာသင်ကြရတယ်။ ဒါကတစ်ကျောင်း။ နောက်တစ်ကျောင်းက ခုံရှည်တွေတော့ရှိပါတယ်။ မြေကြီးက ဗလာ။ မိုးကာလ မို့ထင်ပါရဲ့။ ကျောင်းခန်းထဲမှာ ဗွက်တွေနဲ့။ နွေကာလဆို ဖုန်တွေထမှာ မြင်ယောင်သေးတယ်။ ဆရာက ဗွက်မရှိတဲ့ မြေကွက်မှာ ခုံခင်းပြီး စာသင်တယ်။ မြန်မာတွေ တော်ပါပေတယ်လို့ ကျွန်တော်ချီးကျူးရမလိုပဲ။ ကျွန်တော် ဒီလိုကျောင်းမျိုး မှာ စာမသင်ခဲ့ဖူးဘူး။
ကျွန်တော်က စကားကြုံရင် ငယ်ငယ်က ကျွန်တော်နေခဲ့ရတဲ့ကျောင်း အကြောင်းကို ပြန်ပြန်ပြောပြဖြစ်တယ်။ ကျွန်တော်ပြောပြပါဦးမယ်။ ကျွန်တော်တို့ကျောင်းသည် အီး ပုံသဏ္ဍာန်ဖြစ်ပါတယ်။ ကျောင်းရဲ အစွန်နှစ်ဘက်က ဗာဒံပင် ခပ်ကြီးကြီး တစ်ပင်စီ နေရာယူထားကြပါတယ်။ အလယ်မှာ စိန်ပန်းနီပင်ကြီးတစ်ပင်က (လူကြီးနှစ်ဖက် စာနီးပါး ရှိမယ်ထင်ပါတယ်) နေရာယူထားပါတယ်။ ကျောင်းသည် ပျဉ်ထောင်ပျဉ်ခင်းကျောင်းဖြစ်ပါတယ်။ ကျောင်း နောက်ဘက်မှာ မလေးရှား ပိတောက်ပင်တွေနဲ့ မယ်ဇလီပင်တွေ တစ်တန်းကြီးစိုက်ပျိုးထားပါတယ်။ အရိပ်အာဝါသ လည်း အလွန်ကောင်းပါတယ်။ ထို အပင်တန်းတွေရဲ့နောက်ဘက် ကိုက် ၅၀ လောက်အကွာမှာ ယင်လုံအိမ်သာတွေ တန်စီပြီးဆောက်ထားပါတယ်။ ကျား/မ နှစ်မျိုးခွဲပြီး ဆောက်ထားပါတယ်။
အစွန်နှစ်ဘက်က ဗာဒံပင်တစ်ပင်စီရဲ့ရှေ့မှာ ပန်းခြံတစ်ခုစီရှိပါတယ်။ ပန်းခြံထဲမှာ လျှော၊ စီဆောမောင်းနင်း၊ ဒန်း၊ စတဲ့ ကစားကွင်းလေးပါရှိပါသေးတယ်။ ပန်းခြံနှစ်ခုရဲ့ ရှေ့တည့်တည့် ဟိုဘက်ထိပ် ဒီဘက်ထိပ် ထိအောင်ဘောလုံးကွင်း ရှိပါတယ်။ ကျောင်းဝန်းတစ်ခုလုံး စည်းရိုးအပြည့်ကာရံထားပါတယ်။ ကျောင်းဝင်းတံခါးကို စနစ်တကျထားရှိပါတယ်။ ကျောင်းပေါ်ကိုတက်ကြည့်ပါ။ သောက်ရည်အိုးစင်နှစ်ခုရှိပါတယ်။ ကျောင်းအုပ်ကြီး ရုံးခန်းသီးသန့်ရှိပါတယ်။ ဘုရားဝတ်ပြု တဲ့ဟောခန်းကိုတော့ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ကျောင်းသား တွေနေတဲ့အခန်းတွေကို ဟောခန်းဖန်တီးပြီး မနက်တိုင်း ဘုရားဝတ်ပြုကြတယ်။ ပျဉ်ခင်းထားလို့ ထိုင်စရာအထူး အထွေရှာရန်မလိုပါဘူး။ ဖိနပ်တွေကို အခန်းဝ အောက်အဆင့်မှာ အမြဲချွတ်ရပါတယ်။ ကျောင်းပေါ်မှာ ဖိနပ်မစီးရ ပါဘူး။ ကျောင်းစာကြည့်တိုက်ရှိပါတယ်။ တေဇ၊ ရွှေသွေး၊ မိုးသောက်ပန်း၊ ဇာတ်ကြီး ၁၀ ဘွဲ့ စတဲ့သုတရသ ဘာသာရေး စာပေကအစ အားလုံးထားရှိပေးပါတယ်။
ကျွန်တော် ကျောင်းစတက်တော့ ကျောင်းကြောက်ပါတယ်။ ပထမတန်းလောက်ရောက်တဲ့အခါ အိမ်မှာနေရမှာ ကြောက်ပါတယ်။ ကျောင်းကိုပျော်တယ်။ စာသင်ချင်တယ်။ စတုတ္ထတန်းရောက်တဲ့အခါမှာ ဇာတ်ကြီး ၁၀ ဘွဲ့ကို ဖတ်နိုင်နေ ပါပြီ။ တစ်ခြားစာတွေကို လက်တည့်စမ်းပြီးဖတ်နေပါပြီ။ လစဉ် ကျောင်းအာဟာရ ကျွေးပွဲတွေ ရှိပါတယ်။ ကျောင်းကျန်းမာရေး ဟောပြောပွဲတွေလုပ်ပါတယ်။ ကျောင်းအားကစားပြိုင်ပွဲတွေ၊ ပညာထူးချွန် ဆုပေးပွဲတွေ လုပ်ပါတယ်။ ခုလို ကျောင်းအကြောင်းကို ပြောပြတော့ ကျွန်တော်နေတာ မြို့ကျောင်းလား လို့ထင်စရာ ရှိပါတယ်။ မဟုတ်ပါဘူး။ တောကျောင်းပါ။ စီမံတဲ့သူတွေ ကောင်းလို့သာ ခုလိုကောင်းကောင်း မွန်မွန် နေရတာပါ။
ဒီတော့ ကလေးတွေစာသင်နေရတာ သနားစရာကောင်းတယ်လို့ ကျွန်တော်ပြောလိုက်တာ လွန်တယ်လို့ ကျွန်တော်မထင်မိဘူး။ အထက တွေကို လိုက်မကြည့်ဖူးပါ။ မူလတန်းကျောင်းတွေကို စိတ်ဝင်စားတာကြောင့် လိုက်ကြည့် မိပါတယ်။ မေးမြန်းကြည့်ပါတယ်။ ကလေးတွေဖတ်စရာ စာစောင်မရှိပါ။ စာကြည့်တိုက်မရှိပါ။ ကစားရန် ကစားကွင်းမရှိပါ။ ကလေးတွေ ကျောင်းစာကို အသည်းအသန်ကြည့်နေရတာကြောင့်လား၊ ကစားချိန်၊ စာဖတ်ချိန် မရှိတာကြောင့်လား၊ စီမံသူများ သတိမေ့လျော့မှုကြောင့်လား၊ ထိုထို သောအကြောင်းတရားတွေကြောင့်လား မသိပါ။ ရောက်ခဲ့သော ကျောင်းများတွင် ထိုသို့တွေ့ရသည်ချည်းပင်။ အလွန်ဝမ်းနည်းနေမိသည်။
ကျွန်တော်ပြောခဲ့ပါပြီ။ အဖြေရှာကြည့်တာပါ။ အပြစ်ရှာခြင်းမဟုတ်ပါ။ ကျွန်တော်တွေ့သည့်အဖြေကတော့ စီမံသူများ ညံ့တယ်လို့ယူဆပါတယ်။ ထို့ကြောင့် စီမံသူများကို အကြံပေးလိုပါသည်။ သို့သော် ကျွန်တော့်တွင် ထိုသူများလေးစားလောက်သည့် အရည်အသွေးမရှိသဖြင့် ကျွန်တော့်အကြံဥာဏ်သည် လူရာဝင်မည်မဟုတ်ပါ။ ကျွန် တော့်တွင် ထိုကျောင်းများအတွက် ထောက်ပံ့ပေးနိုင်သော အခြေအနေရှိလျှင် ထိုသူများကို မိမိလိုရာသို့ ခေါ်ဆောင် နိုင်လိမ့်မည်ဟု ယူဆနေမိသည်။ သို့သော် ထိုအတွေးသည်လည်း ထောက်ပံ့မှုမပါလာခြင်းကြောင့် ဖြစ်ပေါ်တိုးတက် လာမည်မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ထင်မြင်မိသမျှကိုတော့ တစ်ဖက်သတ်အကြံပြုလိုက်ပါဦးမည်။
တောရွာရှိစာသင်ကျောင်းများတွင် တက်ရောက်နေသော ကျောင်းသားများသည် ထိုကျေးရွာများတွင် နေထိုင်ကြသော အမိအဖတို့၏ သားသမီးများပင်ဖြစ်ကြပါသည်။ ထို့ကြောင့် ထိုကျောင်းခန်းသည်လည်း ထိုအမိအဖ တို့က (အစိုးရမင်းတို့၏ ထောက်ပံ့မှုမရခဲ့လျှင်သော်လည်းကောင်း၊ ကြန့်ကြာနေခဲ့လျှင်သော်လည်းကောင်း) ကြည့်ရှု သင့်သည်ဟု ထင်ပါသည်။ တစ်ရွာလုံးစုကြေးဖြင့် စာကြည့်စာပွဲ၊ စာရေးခုံ၊ ထိုင်ခုံ စသဖြင့် တတ်နိုင်သမျှ နှစ်စဉ်လုပ်ဆောင်၍ လှူဒါန်းခဲ့လျှင် ထားစရာ ပင်ရှိမည်မထင်။ တစ်အိမ်ထောင်စီ တစ်လလျှင် ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း စသဖြင့် တစ်စောင်စီဝယ်၍ မိမိဖတ်ပြီးမှ စာသင်ကျောင်းကိုလှူဦးတော့ ထိုကျောင်းတွင် စာကြည့်တိုက် တစ်ခု ကောင်းကောင်းဖြစ်ထွန်းလာနိုင်သည်။
အပြစ်မရှိသော အားနည်းချက်များ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ စေတနာတရားမချို့သော မြန်မာများ ဖြစ် ကြောင်းနားလည်ထားပါသည်။ အမျိုးကိုချစ်လျှင် ပညာရေးကို မြှင့်တင်ဖို့ အကြံပြုချင်သည်။ မျက်စိကိုဖွင့်ကြပါ။ နားကို ဖွင့်ကြပါ။ အတ္တစိတ်ကိုလျော့ကြပါ။ ဘ၀ဆိုသည်မှာ ထီတည်းရပ်တည်နေနိုင်တာမျိုးမဟုတ်ခဲ့ပါ။ အဖွဲ့အစည်း အသိုက် အ၀န်းဖြင့်နေကြသူများသာ ဖြစ်ကြပါသည်။ နိမ့်ကျနေသူများကို လက်တွဲခေါ်ယူဖို့ အကြံပြုပါရစေ။ ငတ်မွတ်နေသူများ ကိုအဟာရပေးဖို့ အကြံပြုပါရစေ။ မိမိလောဘကိုလျော့ပြီး လိုအပ်သည့်နေရာများတွင် ဖြည့်စွက်ကူညီခြင်းဖြင့် ဘ၀ကို အသုံးချဖို့ အကြံပြုပါရစေ။
လူမိုက်ဆိုတာ အကောင်းအဆိုးကို ခွဲခြားတတ်သော အသိမရှိသူလို့ ဖွင့်ဆိုလို့ရနိုင်မည်ဆိုလျှင် ထိုအသိမရှိ သူ တတ်သောပညာသည် ထိုသူကိုဖျက်ဆီးဖို့ရန်ဟု ရှင်တော်ဘုရားဟောတော်မူခဲ့ပါသည်။ အကောင်းအဆိုခွဲခြား တတ်မှုကို ပညာရေးကသာ ပေးစွမ်းနိုင်မည်ဟု ထင်ပါသည်။ ထိုပညာရေးကို ဖော်ဆောင်ပေးဖို့ရာ၊ စာသင်ကျောင်းများ အတွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ရာ အသိရှိသူများကို တိုက်တွန်းလိုပါသည်။
သစ်ရွက်များသည် နွမ်းရော်ကြွေလွင့်သွားသည့်အခါ မြေသြဇာအဖြစ်ဖြင့် သူရှင်သန်ခဲ့ရာ မြေကမ္ဘာကို အကျိုး ပြုခဲ့ပါသည်။ သစ်ရွက်တိုင်းက ထိုတာဝန်ကို ထမ်းဆောင်ကြသည်။ ထိုသစ်ရွက်များအတွက် ဂုဏ်ယူမိပါသည်။ လူသည် သစ်ရွက်မဟုတ်ပါ။ သစ်ရွက်ထက်သာသော အရာဖြစ်ပါသည်။ မိမိရှင်သန်ခဲ့ရာ လူ့ဘောင်ကို အကျိုးဆောင် ပေးရန်တာဝန်ရှိသည်ဟု ယုံကြည်ပါသည်။ အသက်ရှင်သန်နေချိန်မှသည် ကြွေလွင့်ပျောက်ကွယ်သွားသည်ထိ အကျိုးပြုအောင် စွမ်းဆောင်နိုင်စွမ်းရှိသူများလည်း ဖြစ်ကြသည်။ စွမ်းဆောင်ခဲ့သူများလည်း အထင်အရှားပင်ရှိခဲ့သည်။ ထိုသူတို့ တာဝန်ကျေခဲ့ကြသည်။ ဒါကြောင့်လည်း ကျန်ရှိနေသေးသော ကျွန်တော်တို့တစ်တွေရဲ့ သမိုင်းစာမျက်နှာမှာ တာဝန်မကျေခဲ့ပါ လို့ နှောင်းလူတို့ မှတ်တမ်းပြုလိုက်မှာ စိုးရွံ့နေမိပါသည်။

ပို့စ်တင်သူ ။.............။ မောင်သိရီ on Wednesday, 11 April 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

There was an error in this gadget

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု