ပါဠိစာပေကို
ငါသင်ဘူးသည်။ ငါနှစ်သက်မိခဲ့သော ပါဠိစကားလုံးလေးတွေ မြောက်များစွာရှိသည်၊
ပါဠိစာပေမှာ အချို့စကားလုံးတွေက စိတ်ဝင်စားစရာကောင်းသည်။ အချို့
ပါဠိစကားလုံးတွေကို မြန်မာစာပေမှာ တိုက်ရိုက်သုံးသည်။ ဥပမာ သဒ္ဓါ၊ စေတနာ၊
မေတ္တာ၊ ကရုဏာတို့ဖြစ်သည်။ အချို့စကားတွေကို မြန်မာသတ်ပြုထားသည်။ ဥပမာ
ဘုန်းကံ၊ ကုသိုလ်၊ အကုသိုလ်တို့ဖြစ်သည်။ တစ်ချို့ပါဠိတွေကို
မြန်မာမှုပြန်နေမည့်အစား တိုက်ရိုက်ယူသုံးခြင်းက ပိုကောင်းသည်။
အဓိပ္ပါယ်ထိမိသည်။ ငုံမိသည်။ ဆိုလိုရင်းကို တိုက်ရိုက်ရောက်သည်။ စကားကိုလဲ
ပိုလေးနက်စေသည်။
ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ မြမာစကားများ၌ ပါဠိစာပေနဲ့ နှီးနွယ်ခြင်း
ရောစပ်ခြင်း ပါရှိခြင်းဖြစ်သည်။ ပါဠိများကို နေ့စဉ်သုံး အမည်နာမသတ်မှတ်ရာ၌
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံထက် ပိုများသည်ဟု ထင်မိသည်။ သူတို့လမ်းအမည်
နေရာဒေသ စသည်များကို လေ့လာကြည့်ရင်း သတိထားမိခြင်းဖြစ်သည်။ သူတို့လဲ
တိုက်ရိုက်သုံးခြင်း ပါဠိသတ်သုံးခြင်းများရှိသည်။ အချို့ပါဠိပုဒ်များတွင်
အက္ခရာကို ရှေ့မှ ဖြစ်စေ နောက်မှ ဖြစ်စေ တစ်လုံးဖြုတ်လိုက်သော်လည်း
အဓိပ္ပါယ်ပျက်မသွား။ ကျန်သည့်အက္ခရာပုဒ်တွေက အဓိပ္ပါယ်ကို
ဖော်ဆောင်ပေးနိုင်စွမ်းရှိသည်။ ဤကဲ့သို့ ပုဒ်တွေက များများစားစား
ရှိသည်တော့မဟုတ်၊ သတိထားရင်တော့ တွေ့နိုင်သည်။ ပါဠိစာကို သင်ရင်း
ထိုပုဒ်တွေကို သတိထားမိခဲ့သည်။ စိတ်လဲဝင်စားမိသည်။
ပါဠိစကားတွင်
ထိုကဲ့သို့ စိတ်ဝင်စားစရာ အကောင်းဆုံး စကားတလုံးကို ထုပ်ပြပါဆိုလျှင်
ငါသည် "ဥဒက" ပုဒ်ကိုပြမည်။ ဥဒက-ကိုရှေ့ဆုံး (ဥ) ကိုဖြုတ်လိုက်လျှင်
ဒက-ရသည်။ ဒက-သည်လည်း ရေကိုပြောသည်။ ဟောသည်။ နောက်ဆုံး (က)
ကိုဖြုတ်လိုက်လျှင်လည်း ဥဒ-ရသည်။ ဥဒသည်လည်း ရေကိုပင်ဟောသည်။ ပြောသည်။ ရသည်။
သုံးခုပေါင်း ဥဒက-သည်လည်း ရေကိုပင်ဟောသည်။ ထိုကဲ့သို့ စိတ်ဝင်စားစရာတွေ
ပါဠိစကားတွင်ရှိသည်။ ထို့ကဲ့သို့ အခြားနမူနာပြစရာ နှစ်ခုရှိသေးသည်။
ပါဠိစာပေကို သင်ဘူးရင် သိမည်ဟု ယုံကြည်မိသည်။ ထိုပါဠိစာပေ စကားများကို
မြန်မာနိုင်ငံ၌ ကိုရင် ဦးဇင်းမြောက်များစွာသင်ယူနေကြသည်။ သင်ယူခြင်းဖြင့်
ဘုရားဟောကို ထိထိမိမိ တိတိကျကျ မိမိရရ အဓိပ္ပါယ်သိနိုင်သည်။ ပြန်နိုင်သည်။
ပြောနိုင်သည်။ သင်ပြနိုင်စွမ်းရှိသည်။ လမ်းမချော်နိုင်၊ မဂ္ဂင်လမ်းမ
ဧကာယနကို ဖြောင့်တန်းစွာလျှောက်နိုင်သည်။ သင်ယူခြင်း ပို့ချခြင်း
ဟောပြောခြင်း ကျင့်သုံးခြင်း ရှိနေသရွေ့ မြတ်ဗုဒ္ဓသာသနာနဲ့ အဆုံးအမ
ငါတို့ဘ၀ထဲမှာ အမြဲရှိနေမည်။ ဘ၀လမ်းညွန်မပြောက်တော့ပေ။
ပါဠိစာပေကို သင်ယူပို့ချခြင်း ရပ်ခဲ့လျှင်တော့ ရေသောက်မြစ်ရပ်စဲတော့သည်။
ဘ၀ရသ ၀ိမုတ္တိရသကို ဓမ္မဖြင့်မပေးနိုင်ပဲ လမ်းလွဲသွားနိုင်သည်။ ထို့ကြောင့်
မြန်မာနိုင်ငံရှိ စာသင်တိုက်အသီးသီးကို အကြိမ်ကြိမ် ဦးချမိသည်။
ကျေးဇူးတင်မိသည်။ ကူညီပံ့ပို့သင့်သည်။ ကူညီမည်ဟုလည်ဆုံးဖြတ်ထားသည်။ သာသနာ၏
ခံတပ်များသည် စာသင်တိုက်များပင်ဖြစ်သည်။ ထင်ရှားကျော်ကြားသည့်
သာသနာ့ခေါင်းဆောင်များအားလုံး စာသင်တိုက်မှမွေးထုတ်လိုက်သည်ကို
သိထားသင့်သည်။ အကယ်၍ စာသင်တိုက်များမရှိလျှင် သာသနာသည် ရေမရှိတဲ့ပန်း
နေထိနွမ်းသလိုဖြစ်မှာ သေချာသည်။ ငါသည်လည်း ငါသင်ခဲ့သော ပါဠိစာပေ
စာသင်တိုက်ကြီးတွေ ရှိရာကို နေ့စဉ် ဦးတိုက်နေမိသည်။ အနာဂတ်အတွက်
မျှော်လင့်နေမိသည်။ လက်ရှိမြန်မာနိုင်ငံ ပါဠိစာပေသင်ယူမှုကို
ဂုဏ်ယူနေမိသလို အားနည်းသွားမည်ကိုပါ စိုးရိမ်စိတ်တွေ ၀င်နေမိသည်။
စာသင်တိုက်များသည် သာသနာတော်၏ မိခင်များပင်ဖြစ်သည်။
ငါစိတ်ဝင်စားခဲ့တဲ့
ပါဠိစကား ဥဒက-ကို ရှေ့နောက် တစ်လုံးစီကို ဖြုတ်သော် ရေဆိုသည့်
အဓိပ္ပါယ်မပျက်ပေမဲ့ သာသနာတော်ရဲ့ရေသောက်မြစ် ပြည်မြန်မာရှိ ပါဠိစာပေ
စာသင်တိုက်ကြီးတွေကို ခေတ်နောက်ကျတယ်ဆိုပြီး ဖြုတ်လိုက်ရင်တော့ အဓိပ္ပါယ်က
လုံးဝလုံးဝ ပြောင်းသွားတော့မည်။ စာတတ်ပေတတ် ဓမ္မကို အမတထိပေးစွမ်းနိုင်တဲ့
"ရဟန်းပညာတတ်" တွေလဲဖူးခွင့် မြင်ခွင့် ကြားနာခွင့်ပါ ဆုံးရှုံးတော့မည်။
ဤသို့ဆိုလျှင် ဥဒကကို စိတ်ဝင်စားမိသော ငါသည်လည်း အိပ်ပျာ်တော့မည်မဟုတ်။
ငါတကယ်ခံစားရမည်မှာ သေချာသည်။ ပါဠိစာပေကို တန်ဘိုးထားတတ်ကြပါစေဟုသာ ။
0 ( မှတ်ချက်ရေးချင်ရင် )