MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ကေအမ်အက်စ်
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)
ဪ... ဘာလိုလိုနဲ့ ခေတ်စနစ်တွေက ပြောင်းလဲလိုက်တာ မြန်ဆန်လွန်းပါဘိ။ မထင်မှတ်တဲ့အရာတွေ၊ မတွေးထားတဲ့ အရာတွေက ဖြစ်ပေါ်လို ဖြစ်ပေါ်နဲ့ ကျုပ်မှာ တကယ့်ကိုဝမ်းသာမိပါရဲ့။ ပြုပြင်ပြောင်းလဲရေး ပုဂ္ဂိုလ်ကြီး သမ္မတကြီးဦးသိန်းစိန်၊ ပွင့်လင်းဖော် ဆောင် မှု ပုဂ္ဂိုလ်ကြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ငြိမ်းချမ်းရေးဖော် ဆောင်မှုတွေလုပ်နေတဲ့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ရဲ့ စိတ်နေသဘောထား တွေက တကယ့်ကို လေးစားစရာတွေ ပါပဲ။
အဲဒါတွေရဲ့ ဆန့်ကျင်ဘက် ခေတ် နောက်ပြန်ဆွဲချင်သူတွေရဲ့ အကြောင်း ကလည်း မကြားချင်မှအဆုံး ဟိုလူသိ ဒီလူသိနဲ့၊ ဟိုမှာပြော ဒီမှာပြောနဲ့၊ ဒီထဲမှာ တင်မက ကမ္ဘာကတောင် သိကုန်ကြပါ တယ်။ စကားပုံထဲကအတိုင်းပါပဲ။ စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလို စကားနောက် တရားပါပေါ့။ ၀ိရောဓိဆိုတာကလည်း ရှိနေဦးမှာပဲ။ အို ဘာပဲဖြစ်ဖြစ် တိုးတက်မှုတို့၊ ပြုပြင် ပြောင်းလဲ ရေး ဆိုတာတွေကို ကျုပ်က ထောက်ခံလျက်၊ လေးစားလျက် ရှိနေမှာပဲ။
ကျုပ်က ဒီမိုကရေစီသမား။ ကျုပ်အစ်မဖေဖေရယ်၊ ကျုပ်အစ်မတို့ ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု လက်ခံတာရယ်၊ ၈၈ အရေး တော်ပုံကြီးကို အသိအမှတ်ပြုတာကိုက တကယ့်ကို စိတ်ရင်း စေတနာနဲ့ ပြုပြင်ပြောင်းလဲရေးသမား တွေရဲ့ လုပ်ရပ်တွေလို့ ကျုပ်က သဘော ထားပါတယ်။
ခေတ်နောက်ပြန်ဆွဲချင် သူတွေကလည်း ရှိကြမှာပေါ့လေ။ သမ္မတကြီးက ခေတ်နောက်ပြန်ဆွဲချင် နေသူတွေကိုတော့ ထားခဲ့ရမှာပဲတဲ့။ ဒါက အမှန်တရားလေ၊ ခေတ်နဲ့အမီ မလိုက်နိုင်သူတွေကိုတော့ ထားခဲ့ရမှာပဲ။ ကိုယ့်တစ်ပြည်တည်းပဲ ကြည့်နေပြီး ၀ါးလုံးခေါင်းထဲ လသာနေလို့ကတော့ ဘယ်ကြည့်လို့ရမလဲ။ ခေတ်နဲ့အမီ ကမ္ဘာ ကြီးကိုပါ ကြည့်ကြရတော့မယ်။ ကမ္ဘာ ကြီးက ရွာကြီးတစ်ရွာဖြစ်နေပြီ။
ကျောက် သင်ပုန်းခေတ် မဟုတ်တော့ဘူး။ အလား သဏ္ဌာန်တူတဲ့ လက်ပ်တော့ခေတ်လေ။ လက်ပ်တော့တွေ ဝှေ့ချပြီး ခေတ်နောက် ပြန်ဆွဲချင်တဲ့ အတွေးအခေါ်တွေနဲ့ ပြော ဆိုနေလို့ကတော့ အဓိပ္ပာယ်မရှိပါဘူး။ လူအချင်းချင်း လှည့်ပတ်ခြင်းတွေ ကင်း ရှင်းရပါမယ်။ လိမ်ညာနည်းတွေ ကင်းရှင်းရပါမယ်။ ကိုယ်တွေပြောတာကိုပဲ ယုံရမယ်လို့ မပြောကြပါနဲ့။ (ဒေါက်တာ အောင်ထွန်းသက် ပြောသလို သဘောချင်း မတိုက်ဆိုင်တာဟာ ကောင်းပါတယ်။ ကွဲပြားခြားနားမှုဟာ အန္တရာယ် မရှိနိုင်ပါဘူး။ အယူအဆတွေ များလေ၊ ရှုထောင့်မျိုးစုံက ကြည့်နိုင်ပါတယ်။ ပြဿနာကို ပိုပြီး ကြည်လင်ပြတ်သားတဲ့ အနေအထားက မြင်ရတာပေါ့တဲ့)။
ချိန်းတို့၊ ရီဖောင်းတို့ခေတ်တွေ ရောက်နေပါပြီ။ ခေတ်ပြောင်းပြီဆိုတော့လည်း ကျန်ခဲ့တဲ့ကာလတွေဆီက အမှတ်ရစရာ လေးတွေ၊ သတိရစရာလေးတွေကိုတော့ မှတ်မိနေသေး။ တစ်ခါတုန်းကပေါ့ဗျာ၊ ကျုပ်အစ်မနဲ့ ကျုပ်တို့က ဘယ်ဘ၀က၀ဋ်ကြွေးတွေ ပါလာလဲ တော့မသိဘူး၊ အမြဲတမ်း ဒုက္ခ သုက္ခတွေနဲ့ပဲ ရင်ဆိုင်နေရတယ်။ ဒါကလည်း ဘ၀၀ဋ်ကြွေးတွေပေါ့ဗျာ။ နေ့စဉ် လိုအပ်တဲ့ အစား အသောက်တွေ၊ လိုအပ်တဲ့ အသုံးအဆောင်တွေ ပုံမှန် သွားသွား ပို့ရတယ်။ နေ့စဉ် နားရက်မရှိ၊ တစ်ပတ် နားရက်မရှိ၊ တစ်လ နားရက်မရှိ၊ တစ်နှစ် နားရက်မရှိ၊ ဒါမှလည်း ကျုပ်အစ်မ အတွက် အဆင်ပြေမှာလေ။
လတ်လတ် ဆတ်ဆတ် စားရတာပေါ့ဗျာ။ ကျုပ်အစ်မက စည်းစနစ်ကြီးတယ်။ ခိုင်းရင် ခိုင်းသလို လုပ်ရတယ်။ အချိန်ဇယားနဲ့ စနစ် တကျ သမား။ ကျုပ်လား၊ ကျုပ်ကတော့ စည်းစနစ်မရှိ၊ နေချင်သလိုနေတဲ့ကောင်။ အချိန်ဆို နာရီတောင်မပတ်တဲ့ကောင်။ နာရီဆို အမုန်းဆုံး၊ ပလက်တီနမ် စိန် စီထားတဲ့ ရိုးလက်စ်နာရီဖြစ်ပါစေ၊ မပတ် ပါရစေနဲ့ဆိုတဲ့ကောင်မျိုး။ ကျုပ်အစ်မ ခမျာ သည်းခံပြီးခိုင်း ရတဲ့လူစား၊ ဘာပဲ ဖြစ်ဖြစ် ကျုပ်အစ်မအတွက်ကတော့ ၀တ္တရားမပျက်စေရပါဘူး။ အစ်မဘက်ကလည်း ၀တ္တရားကျေပွန် ပါတယ်။
ကျုပ်လာပို့ပြီဆို လက်ဖက်ရည်၊ ကော်ဖီ၊ မုန့် တစ်ခုမဟုတ်တစ်ခု ကျွေးလေ့ရှိပါတယ်။ ကျုပ်က ငြင်းတယ်။ မစား ချင်ဘူး၊ ကျုပ်က အပြင်မှာဝယ်စားလို့ရ တာပဲ။ ဒါပေမယ့် အစ်မက မရဘူး၊ စား ရတယ်၊ မစားချင်ရင်လည်း ထည့်ယူ သွား၊ ကျွေးချင်တဲ့သူ ကျွေးနိုင် တယ်၊ ပေးချင်တဲ့သူ ပေးနိုင်တယ်ဆိုပြီး အမြဲ ပြောတယ်။
ကျုပ်ကလည်း အစ်မတို့ကို အားနာတယ်။ တစ်နေကုန်စောင့်ရတဲ့ အချိန်တွေဆို အအေးနဲ့မုန့် အမြဲကျွေးတယ်။ ညနေပြန်ပြီ ဆိုရင် လည်း မုန့် တစ်ခုခု၊ စားစရာတစ်ခုခု အမြဲပေးလေ့ ရှိတယ်။ ခြံထွက်သီးနှံတွေပေါ်ချိန် သရက်သီး၊ မရန်းသီး၊ သစ်တိုသီး၊ ဂေါ်ဖီပန်း စတာတွေကို အစ်မနဲ့ရင်းနှီးခင်မင် တဲ့သူတွေဆီ အမြဲပဲ ပို့ပေးတတ်တယ်။ ကျုပ်က သွားပို့ရတာပေါ့။ ကျုပ်အတွက်လည်း အမြဲ ပါ တယ်။ ကျုပ်က တစ်ယောက်တည်းသမား၊ ကျုပ်အတွက် မလိုပါဘူး။ ဒါပေမယ့် မရဘူး၊ ခွဲတမ်းနဲ့ ယူကိုယူရတာပါ။ ကျုပ်ကလည်း ကျုပ်နဲ့ ခင်တဲ့သူတွေ ပေးပေးပစ်တယ်။ လိုတဲ့သူ တွေ စားရတာပေါ့ဗျာ။
အစ်မကိုယ်တိုင်လုပ်တဲ့ မုန့်ကို ကိုဇာဂနာလည်း စားဖူးတယ်။ ပီဇာမုန့် နဲ့ ပုံသဏ္ဌာန်တူတော့ ကိုဇာဂနာက မှတ်ထားတယ်။ (သူနဲ့ လည်းခင်တဲ့ ကျုပ်ဘော်ဒါ ဦးမြင့်သိန်းအိမ်မှာတွေ့တုန်းကပေါ့။ အစ်မက သူ့လက်ရာမုန့်လုပ်ပြီဆို ကျုပ်ကို အမြဲကျွေးတယ်။ ကျုပ်က မစားဘဲ ယူယူလာတယ်။ ဦးမြင့်သိန်းကို အစ်မလက်ရာ သွားသွားကျွေးတယ်။ သူက ကျန်းမာရေးမကောင်းရှာဘူး။ အခုတော့ ကွယ်လွန် ရှာပါပြီ။ တစ်နေ့ တော့ ကိုဇာဂနာလည်း ရောက်နေတာ နဲ့ သူ့လည်း တစ်ဝက်ကျွေးတယ်။ အစ်မ လက်ရာမုန့် စားဖူးသွား တာပေါ့ဗျာ။) သူ မြစ်ကြီးနားက ပြန်လာတော့ သတင်းထောက်တွေက ၀ိုင်းမေးကြတယ်။ အခု အချိန်မှာ ဘာဆန္ဒအရှိဆုံးလဲ မေးကြ တော့ "အန်တီ့လက်ရာ ပီဇာမုန့်စားချင်တယ်" ဗျာတဲ့။
အဲဒီအဓိပ္ပာယ်ကို ဘယ်သူမှ နားလည် ကြမှာ မဟုတ်ဘူး။ ကျုပ်နဲ့ ဦးမြင့်သိန်းပဲ သိတဲ့ကိစ္စ၊ ကျုပ်ဂျာနယ်ဖတ်ကြည့်ပြီး ပြုံးမိတယ်။ အစ်မလည်း ဘယ်သိရှာပါ့ မလဲ။ ကျုပ်ကိုပဲ ကျွေးတဲ့ဟာကို ကျုပ်က တစ်ဆင့် ဘယ်သူ့ကိုကျွေးလိုက်တယ်၊ ပေးလိုက်တယ်ဆိုတာ ပြောခွင့်မှမရတာ ကိုး။ ပဋ္ဌာန်းဆက်ပါတဲ့သူတွေဆို ဆုံကို ဆုံတတ်တယ်။ ကိုကျော်သူနဲ့ မရွှေဇီး ကွက်တို့လည်း အစ်မခြံထွက် သရက်သီး စားဖူးတယ်။
၈၈ တွေကိုလည်း အစ်မခြံ ထွက် မရန်းသီးတွေ ပေးဖူးတယ်။ နာဂစ် ဖြစ်တုန်းက ကျုပ်အိမ်လည်း ပါသွား တယ်။ ကျုပ် ဒီပြင်မှာ သွားနေရတယ် ဆိုတာ အစ်မကသိတော့ ကျုပ်အတွက် အင်္ကျီ၊ လုံခြည်၊ မျက်နှာသုတ်ပ၀ါ၊ သွား တိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာ တွေ ပေးတယ်။ မယူပါရစေနဲ့ဆိုလည်း မရ ဘူး။ ၂၀၁၁ ခုနှစ်ကပေါ့၊ အစ်မအမှတ် တရဆို ကျုပ်က သိမ်းထားလေ့ရှိတယ်။ တန်ဖိုး ထားတယ်။ (ဆပ်ပြာနဲ့ သွားတိုက် ဆေးဆို ပျက်စီးတော့မှာမို့ ဒီနှစ်ထဲမှာပဲ သုံးလိုက်ရတယ်။)
ရယ်စရာပြောရဦးမယ်။ ကျုပ်က အစ်မအိမ်ထွက် အမှိုက်တွေဆိုလည်း အိတ်ကြီးအိတ်ငယ်နဲ့ အမှိုက်ပုံးထဲ သွားပစ်ပေးရတယ်။ ကျုပ် အိတ်တွေ သယ်လာ ပြီဆိုရင် ကုက္ကိုင်းက ဘော်ဒါတချို့က 'ဟိုမှာ ဘော်တယ်ကုလား သယ်လာပြီ' ဆိုပြီး စကြ နောက်ကြတယ်။ ကိုကျော်တို့ သားအဖလည်းပါတယ်။ အစ်မက စည်းကမ်းကြီးတယ်။ မီးဖိုချောင်အမှိုက် သတ်သတ် တစ်ထုပ်၊ အိမ်သုံးအမှိုက် သတ်သတ် တစ်ထုပ်၊ အစ်မအမှိုက်က သတ်သတ် တစ်ထုပ်။ အစ်မသုံးပြီးသား အမှိုက်ထုပ်ကို ကျုပ် ဘယ်တော့မှမပစ်ဘူး။ ကျန်တဲ့ အမှိုက်ထုပ်တွေတော့ ပစ်တယ်။ အစ်မအမှိုက်ထုပ်ကို လူမမြင်စေ ချင်ဘူးပေါ့ဗျာ။ ကျုပ်က သယ်သယ်သွားတယ်။ ဘူးတွေ၊ ပုလင်း တွေလည်းပါတာ ပေါ့ဗျာ။
အဲဒါကိုအကြောင်းပြုပြီး ဘော် တယ်ကုလား လာပြီလို့ ခေါ်ကြတာပါ။ ကြွပ်ကြွပ်အိတ်လေးတွေဆို ရေဆေး ပြီး နေပူလှန်းတယ်။ ခြောက်သွားရင် သေသေချာချာ ခေါက်ပြီး တြိဂံပုံစံမျိုး လေးတွေလုပ်ပြီး ကျုပ်ကိုပေးတယ်။ သုံးချင်တဲ့သူတွေ သုံးနိုင်အောင် ပေးပေး ပါဆိုပြီး ပြောတယ်။ ကိုကျော်တို့ ကုန်စုံ ဆိုင် သွားသွားပေးတယ်။ သူတို့ဆိုင် အတွက် အဆင်ပြေတာပေါ့။ ကျုပ်အစ်မ က အဲသလိုမျိုး စည်းစနစ်ကြီးတယ်။
အချိန်ကို အလဟဿ မထားဘူး။ အလုပ် နဲ့ လက် မပြတ်စေရဘူး။ သူ လုပ်နိုင်သမျှ သူဟာသူ လုပ်တယ်။ မနိုင်တော့မှ ဒါ ပြင်ပေးပါ၊ ဒါမျိုးဝယ်ပေးပါဆိုပြီး ပြောတယ်။ ပစ္စည်းတစ်ခုခု ပြင်ဖို့ အပြင်ကို ထုတ်ပေးရင် စနစ်တကျနဲ့ အထပ်ထပ် ထုပ်ပိုးပြီးမှ အိတ်နဲ့ ထည့် ပေး တတ်တယ်။ အထပ်ထပ် ပတ်ထားတဲ့ ပိတ်စတို့၊ စောင် တို့ဆိုရင် စနစ်တကျနဲ့ ခေါက်ပေးတာ။ ပြန်ပေးရင်၊ ပြန်လာပို့ရင် အဲဒီ အခေါက် အတိုင်း အထပ်ထပ် နေရာမမှားအောင် ပြန်ပတ်ပြီး ထုပ်ပိုးပေးမှကြိုက်တယ်။ ဖြစ်သလိုလုပ်ပေးလို့ကတော့ မကြိုက် ဘူး။ အဆူခံရပြီပဲ။
ကျုပ်မှာ ပတ်ထားတဲ့ ပိတ်စကို ခေါက်ပုံခေါက်နည်း မှတ်ထား ရတယ်။ သူ့ပုံစံအတိုင်း ခေါက်ပေး ထုပ် ပိုးပေးရတယ်။ အစ်မက စည်း စနစ်ကြီးတယ်၊ မရဘူး။ သစ်သားနဲ့လုပ်ပေးရတဲ့ စာကြည့်စင် အသေးလေးတွေ၊ စာအုပ်ဗီရို အသေး လေးတွေဆို ပုံစံတကျနဲ့ စာရွက် ပေါ်မှာ ပုံစံဆွဲပြီး ဘယ်နှလက်မ၊ စင်တီမီတာ ဘယ်လောက် အတိအကျပုံစံနဲ့ လုပ်ပေး ရတယ်။ စင်တီမီတာကွာနေရင် မရဘူး။ ပြန် ပေးတယ်။ ပြန်လုပ်ပေးရတယ်။
အစ်မအမျိုး ကိုအောင်ကျော်ဦးဆို ခဏခဏ ခံရတယ်။ သူကလည်း မအားတော့ တပည့်တွေခိုင်းရတော့ ပုံစံစာရွက် ပျောက်ရတာနဲ့၊ စင်တီမီတာကွာနေတာ နဲ့ ခဏခဏ ပြန်ပြင်ရတယ်။ (ကျုပ်က အစ်မရဲ့ပုံစံစာရွက်ဆို လေးငါးရွက်လောက် မိတ္တူကူးထားတတ်တော့ တော် သေးတာပေါ့။ ပျောက်သွားလို့ကတော့ ပြဿနာပဲ)။ နာရီပြင်တာတို့၊ ရေဒီယိုပြင် တာတို့ဆို ချက်ချင်းရတဲ့ဆိုင်မျိုး၊ အသိ ဆိုင် မျိုး ရွေးချယ်ပြီး ပြင်ရတယ်။ ကိုယ့် မျက်စိရှေ့မှာပြင်တာကို ဘယ်လောက် ကြာကြာ စောင့်ကြည့်နေပြီးမှ ပြင်ရပါ တယ်။ အန္တရာယ် ကြီးတယ်လေ။ ဘာမဆို အမြဲတမ်း သတိနဲ့လုပ်ရပါတယ်။
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က ဒီနှစ် ၂၀၁၂ ခုနှစ်မှာ နှစ် ၁၀၀ ပြည့်တယ်။ ဂျာနယ်တွေမှာ ဖတ်လိုက်ရတယ်။ မကြာ သေးခင်က ဂျာနယ်တစ်စောင်မှာ ဒေါ်ခင်ကြည့်အကြောင်း ရေးတာ ဖတ် ရတယ်။ မွေးတဲ့နှစ်က ၁၉၁၆ တဲ့၊ ဖခင် နာမည်ကိုလည်း ဦးဖိုးညှင်းက ဦးဗိုလ်ချင်း ဖြစ်နေတယ်။ နှောင်းလူတွေ အမှတ်မှားကုန်ကြမှာ စိုးရိမ်မိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ ဆိုတာက သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတွေပါ။ လက်တွေ့ထက် စာတွေ့တွေက များနေ ပါတယ်။
ဟိုတလောက စာအုပ်ကြော်ငြာ လေးတစ်ခု ဖတ်မိတယ်။ "ဒေါ်အောင်ဆန်းစုကြည် အကြောင်းနော်။ ဖတ်ရှုကြပါ။ မဖတ်ရင်ဘဲ ခေတ် နောက်ကျတော့မယ့် ပုံစံမျိုး။ စာအုပ်ဆိုင်များ၊ ကိုယ်စားလှယ်များထံမှ အမြန်ဝယ် မှ စိတ်ချရမယ်" တဲ့။
အနီးကပ်လုံခြုံရေးပုဂ္ဂိုလ်တစ်ဦးရဲ့ ပြောပြချက်တို့၊ မိုင်အိနိချိ သတင်းစာပါ ရေးသားချက်တို့၊ ' Freedom From Fear' ထဲက ရေးသားချက်တို့၊ ဂျပန်လူမျိုး အသိတစ်ယောက်ရဲ့ ရေးသားချက်တို့ ဆိုတာတွေကို ပုံတူကူးရေးတာတွေပဲလို့ သတိ ထားခဲ့မိပါတယ်။ သမိုင်းမှာ မှတ်တမ်း တင်ရမယ့် အကြောင်းအရာတွေဆို သေသေချာချာ စေ့စေ့စပ်စပ် လေ့လာပြီး ရေး သားကြပါလို့ အကြံပြုချင် ပါတယ်။

ပို့စ်တင်သူ ။.............။ မောင်သိရီ on Wednesday 10 October 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု