MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

တိဿ မထေရ် သည် မြတ်စွာ ဘုရားအား တိုင်ကြားနေ၏။ တိုင်ကြားသည် ဆိုသော် လည်း အမှန်မှာ မှားယွင်း သူက မိမိ ကိုယ်တိုင် ဖြစ်နေ၏။

တိဿ မထေရ် သည် မြတ်စွာ ဘုရားနှင့် ညီအစ်ကို ၀မ်းကွဲ တော်၍ အသက်ကြီးမှ ရဟန်း ပြုခဲ့သူ ဖြစ်၏။ ရဟန်း ပြုခဲ့ သော်လည်း သဒ္ဓါတရား ကြောင့် ပြုခဲ့သည်ကား မဟုတ်။ ပူဇော် သက္ကာရ၊ လာဘ်လာဘ ကိုမျှော်မှန်း၍ ပြုခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်လည်း တိဿမထေရ်သည် ဇေတ၀န် ကျောင်းတော် အလယ် ဗဟိုရှိ ဧည့်ခံ ဇရပ်ကြီး ၌ ထေရ်ကြီး ၀ါကြီး ရဟန်း အသွင် ဆောင်၍ သီတင်းသုံး နေခြင်း ဖြစ်၏။ လာသမျှ သော အာဂန္တု ရဟန်းများက ထေရ်ကြီး ၀ါကြီး ရဟန်းဟု ထင်၍ ရှိခိုးခြင်း၊ ခြေဆုပ် လက်နယ် ပြုခြင်း ကို သာယာ နေခြင်း ဖြစ်၏။ စင်စစ် မိမိထက် သီလ သမာဓိ ပညာ သာလွန်သူ များ၏ ပြုစု လုပ်ကျွေး ခြင်းကို ခံရခြင်းကား ငရဲမီးနှင့် အတို့ ခံရခြင်း သာတည်း။ မိမိထက် သီလ သမာဓိ ပညာ သာလွန်သူ များ၏ ရှိခိုးခြင်း ကို ခံရခြင်း သည်ကား ငရဲမီး လောင်မြိုက်ခြင်း ကို ခံနေ ရခြင်းတည်း။ တိဿ မထေရ်သည် ထိုအဖြစ်ကို သဘော မပေါက်။ သူကား ရယူ နေရခြင်း ကိုသာ သဘောပေါက် တတ်သူ ဖြစ်၏။ ပေးဆပ်ရမည်ကို မသိမမြင်သူတည်း။

အာဂန္တု ရဟန်းများက တိဿမထေရ်၏ ၀ါတော် ကို မေးကြသည်။ တိဿ မထေရ်၏ ရဟန်းဝါမှာ တစ်ဝါပင် မပြည့်သေး။ ထို့ကြောင့် ထိုသို့သော အပြုအမူ သည် ၀ိနည်း နှင့် မကိုက်ညီ အပြစ် ရှိကြောင်း အာဂန္တု ရဟန်း များက ဆုံးမ ကြသည်။ ဤသည် ကိုပင် တိဿ မထေရ်၏ နားတွင် ခါးနေ လေတော့ သည်။ မိမိကဲ့သို့ အမျိုးမြတ်သူ ကို အမျိုးမမြတ်သူများက ပြောဆိုသည် ဟူ၍ မခံရပ်နိုင် ဖြစ်လေ တော့၏။ သို့ဖြစ်၍ ဘုရားရှင်အား ဦးစွာ တိုင်ကြားခြင်း ဖြစ်၏။

စင်စစ် ပုထုဇဉ်တို့၏ စိတ်ကို ကိလေသာ များက ခြယ်လှယ် နေ၏။ ကိလေသာများ က ခြယ်လှယ် နေသဖြင့် လည်း အာရုံကို အမှန်အတိုင်း ယထာဘူတ ကျကျ မသိဘဲ ဘက်လိုက်၍ သိနေခြင်း ဖြစ်သည်။ ဘက်လိုက်သည် ဆိုရာ၌ လည်း မိမိ နှင့်တကွ မိမိ သက်ဆိုင်ရာ ဘက်သို့သာ ဘက်လိုက်၏။ ထိုအခါ မိမိက မှားနေ သော်လည်း မှန်သည်ဟု သိနေတော့သည်။ မိမိက ဆိုးနေ သော်လည်း ကောင်းသည် ဟု သိနေတော့၏။ လောက အခေါ် အဝေါ် အရ ပညာရှိကြီး ဟု ခေါ်ဆိုရစေကာမူ ကိလေသာကို ကွပ်ကဲ ထိန်းသိမ်းခြင်းမပြုနိုင်ပါက အာရုံကို ယထာဘူတ ကျကျ သိမြင် နိုင်မည့် သူကား မဟုတ်။ ဘက်လိုက် ၍ သိမြင် မည့်သူ သာလျင် ဖြစ်ပေမည်။

တိဿ မထေရ်သည် တရားရလို၍ ရဟန်း ပြုလာသူ မဟုတ် သဖြင့် ကိလေသာ ကို ထိန်းသိမ်း နိုင်မည့် တရားအလုပ် ကိုလည်း မလုပ်။ ခတ္တိယ အစဉ်အလာ မာန်၊ မြတ်ဘုရား နှင့် အမျိုးတော်သည် ဟူသောမာန် တို့ဖြင့် မာနတံခွန် တလူလူ ထူနေသည်။

မြတ်ဘုရား နှင့်တကွ အာဂန္တု ရဟန်းများသည် တိဿ မထေရ်၏ ကိလေသာ ကိုလည်း သိ၏။ ကိလေသာ ချုပ်ငြိမ်းကြောင်း တရားကိုလည်း ဟောပြနိုင်စွမ်းရှိ၏။ ဟောပြ နိုင်စွမ်း ရှိသဖြင့်လည်း တိဿ မထေရ်ကို လိုက်နာရန် ဆုံးမတော် မူကြ၏။ အာဂန္တု မထေရ် များက ဦးစွာ ဆုံးမကြ၏။ ထို့နောက် မြတ်ဘုရားက ဆုံးမတော် မူ၏။

သို့သော် တိဿ မထေရ်ကား လွန်စွာ ခေါင်းမာသူ ဖြစ်၏။ ဆိုဆုံးမရ ခက်သူ ဖြစ်၏။ အမှန်တရား ကို လက်မခံဘဲ မိမိ စွဲမိစွဲရာကို မလွှတ်တမ်း ဆုပ်ကိုင် ထားတတ်သူ ဖြစ်၏။ မိမိ၏ အမှားကို အမှားဟု ၀န်မခံလို။ မှန်သည်ဟုပဲ ယုံကြည် ထားချင်၏။ မိမိသည် မှားသူမဟုတ်။ မြတ်စွာ ဘုရား နှင့်တကွ အာဂန္တု ရဟန်း များသည်သာ မှားသူများ ဖြစ်သည်ဟု ထင်မြင် နေတော့၏။ အမှားကို မှန်သည်ဟု ထင်မြင် နေသဖြင့် ပြင်လည်း မပြင်လို။ အကယ်၍ ဤအမှားကြောင့် အသက် အသေ ခံရမည် ဆိုလျင်လည်း အသက်ကို သာ အသေခံမည် ဖြစ်တော့၏။

တိဿ မထေရ် သည်ကား ယခု ဘ၀မှသာ မဟုတ်၊ ရှေးရှေး ဘ၀ပေါင်း များစွာ ကလည်း ဤကဲ့သို့ပင် အမှားကို ၀န်မခံဘဲ ခေါင်းမာခဲ့သူ ဖြစ်၏။ ဆိုဆုံးမရ ခက်သူ ဖြစ်ခဲ့၏။ သို့ဖြစ်၍လည်း ခေါင်းမာမှု၊ ဆိုဆုံးမ ခက်မှုသည် တိဿ မထေရ်၏ စရိုက်၊ ၀ါသနာ၊ အကျင့် အဖြစ် ယခုဘ၀တိုင် ပါလာခြင်း ဖြစ်၏။

ရှေးရှေး ဘ၀များက မှားဖူးသည့် အဖြစ်အပျက် များကိုမူ တိဿ မထေရ်သည် မမြင်နိုင်တော့။ မြတ်ဘုရား ကသာ မြင်တော်မူ၏။ ထို့ကြောင့် ရှေးဘ၀ တစ်ခု ဖြစ်ခဲ့သော ဒေ၀ိလ ရသေ့ ဘ၀ကို ထုတ်နုတ်၍ ထို ဒေ၀ိလရသေ့ ဘ၀ တွင်လည်း ယခုကဲ့သို့ ဆိုဆုံးမရ ခက်သဖြင့် အသက်ဘေးနှင့် နီးခဲ့ဖူးကြောင်း အတိတ်ကို ဆောင်တော် မူရ၏။ ဘ၀ဟောင်းကို နားလည် သောအခါ မှ တိဿ မထေရ် သည် ဆိုဆုံးမရ ခက်ခြင်း၊ ခေါင်းမာခြင်း ၏ အပြစ်ကို သင်္ခန်းစာ ယူတတ် လာသည်။ သိမြင် သဘောပေါက် လာ၏။ ပြုပြင်လိုစိတ် ဖြစ်လာ၏။

သို့သော် နှလုံးသားတွင်း လောင်မြိုက် နေသော ဒေါသမီး ကိုကား အလုံးစုံ မသိမြင်သေး ။ ဒေါသမီး ကို ငြိမ်းသတ် နိုင်သော အသိ သည် လည်းကောင်း၊ ဒေါသမီး ကို ပယ်သတ် နိုင်သော အကျင့် သည် လည်းကောင်း၊ ဒေါသမီး ကို ငြိမ်းသတ် နိုင်သော ပညာ သည် လည်းကောင်း ထင်ရှား မဖြစ်ပေါ်သေး။

စင်စစ် အမျက် ဒေါသကို ပယ်သတ်ခြင်း အရာကိစ္စ၌ ပုဂ္ဂိုလ်တိုင်း ရည်တူ တန်းတူ စွမ်းနိုင် လိမ့်မည် ဟု မယူဆအပ်။ အကျင့်၊ ၀ါသနာ၊ စရိုက်၊ ပါရမီ၊ က္ကနြေ္ဒ အနုအရင့်၊ ကိလေသာ အထူအပါး၊ သတိ အဆင့် အတန်းပေါ် မူတည်၍ ပယ်သတ် နိုင် စွမ်းအား ကွဲပြား သည်သာ ဖြစ်လေ၏။

ထွက်ပေါ်နေသော အမျက် ဒေါသကို တမုဟုတ်ချင်း အပြီးသတ် ချေမှုန်း နိုင်လိမ့်မည် ဟုလည်း မယူဆအပ်။ သီလ၊ သမာဓိ၊ ပညာ အလိုက်၊ ၀ိသုဒ္ဓိ ခုနစ်ပါး အလိုက်၊ မဂ် လေးပါး အလိုက် ဒေါသ အပါအ၀င် ကိလေသာ များကို အဆင့်ဆင့် ချေမှုန်း ရသည်သာ ဖြစ်၏။

ခေါင်းမာခြင်း ကို စွန့်လွှတ်ပြီး ဖြစ်သော တိဿ မထေရ်သည် မိမိ၏ အမျက် ဒေါသကို ဖြေဖျောက် နိုင်မည့် နည်းလမ်းကို ငံ့လင့်နေ၏။

ထိုအခါမှ မြတ်ဘုရားက ဤသို့ ဟောကြားတော်မူရသည်။

"ဤသူသည် ငါ့ကို ဆဲရေး၏၊ ညှဉ်းဆဲ၏၊ အနိုင်အထက် ပြု၏၊ ငါ့ပစ္စည်းကို မတရား ယူ၏။
ဤသို့ ရန်ငြိုး ဖွဲ့သူအား ရန်သည် မငြိမ်း။
ဤသူ သည် ငါ့ကို ဆဲရေး၏၊ ညှဉ်းဆဲ၏၊ အနိုင် အထက် ပြု၏၊ ငါ့ပစ္စည်းကို မတရားယူ၏။
ဤသို့ ရန်ငြိုး မဖွဲ့သူအား ရန်သည် ငြိမ်း၏။"


တရား ရေအေး သည် တိဿ မထေရ်၏ ထောင်နိုင်သော နားမှ တစ်ဆင့် နှလုံးသား အထိ စီးဆင်းကာ ပူပြင်း လောင်မြိုက်နေသော မီးကို ငြှိမ်းသတ်သည်။

ဤ၌ ငြှိမ်းသတ်မှု သည်ကား ဒေါသဖြစ်ဖွယ် အကြံအစည် များကို အဖန်တလဲလဲ ၀ဲ၍ သုံးသပ် နေသော အတွေးအလျဉ်ကို တရားသံတည်း ဟူသော အာရုံကောင်းသို့ ဦးတည့် ပေးလိုက်ခြင်း လည်း ဖြစ်၏။ တရားသံ ၌ ပါသော စကား အဓိပ္ပါယ် ကို ကြံတွေးပြီး သဘောပေါက် နားလည်စေ သဖြင့်လည်း အမျက်ဒေါသ ကို ငြှိမ်းသတ် ပေးခြင်း ဖြစ်၏။

သို့သော် ဤသို့သော ငြှိမ်းသတ်မှု သည်ကား ယာယီအားဖြင့် ငြှိမ်းသတ်မှု သာ ဖြစ်ပေ၏။ အမျက် ဒေါသ ကို ကာယကံမြောက် ၀စီကံမြောက် မနောကံမြောက် ထင်ရှား ထွက်ပေါ် မလာအောင် ခေတ္တမျှ ဖယ်ရှား ပေးထားခြင်းသာ ဖြစ်၏။ ခေတ္တ ဖယ်ရှား ထားပေးသည် ဟု ဆိုသဖြင့် နောင် အကြောင်း တိုက်ဆိုင် သောအခါ ထွက်ပေါ် လာဦးမည် ဖြစ်ကြောင်း သိနားလည် အပ်ပေပြီ။ သို့ဖြစ်၍ ဤသို့ ကြားနာ၍၊ ကြံတွေး၍ ငြှိမ်းသတ်မှု မျိုးကိုမူကား ငြှိမ်းသတ်မှု ၏ ပန်းတိုင် ဟူ၍ မယူဆအပ်။ ဆုံးခန်းတိုင်ပြီး ဖြစ်သော အသိပညာ ဟူ၍လည်း မယူဆအပ်။ သညာသိ ဟူ၍သာ ဆိုအပ် ပေတော့သည်။

ဤသညာသိ ကို အခြေခံ၍ ကိလေသာ တို့ကို ချုပ်ငြိမ်းစေမည့် ဘာဝနာ အကျင့်မြတ် တို့ကို ကျင့်မှသာ နောက်တစ်ဖန် ဤ ပူလောင်မှုမျိုး ကို မခံစားရ တော့ဘဲ ဒေါသ နှင့်တကွ ကိလေသာမီးများ အပြီးတိုင် ချုပ်ငြိမ်းမည် ဖြစ်၏။ ထာဝရ ငြိမ်းချမ်းမှု ကို ရရှိမည် ဖြစ်၏။

ထိုကဲ့သို့ ကိလေသာ မီးများ ကို အနုသယ နှင့်တကွ ပယ်ထားသော အရိယာ ပုဂ္ဂိုလ်များ ကိုသာ ပရမတ္တ သစ္စာ အလို အားဖြင့် ပညာရှိသူ ဟူ၍ ဆိုအပ်ပေ၏။ အဘယ်ကြောင့် ဆိုသော် ထိုပုဂ္ဂိုလ် များသည်သာ အာရုံကို ဘက် မလိုက်ဘဲ အမှန်တရားကို ယထာဘူတ အကျဆုံး သိနိုင် သောကြောင့် ဖြစ်လေသည်။

ကမ္ဘာပေါ်ရှိ လူမျိုး အသီးသီး၊ ဘာသာ အသီးသီးမှ လူပုဂ္ဂိုလ် များသည် ငြိမ်းချမ်းမှု ကို လိုလား နေကြသည်။ အချို့မှာ မိမိ၊ မိမိ ပတ်ဝန်းကျင် နှင့် မိသားစု ငြိမ်းချမ်းမှု မျိုးကို သာမက တစ်ကမ္ဘာလုံး ငြိမ်းချမ်းမှုမျိုး ကိုပါ အလိုရှိကြ မျှော်မှန်းကြသည်။ စင်စစ် ကမ္ဘာ့ငြိမ်းချမ်းရေး စသည်များမှာ နိုင်ငံ အချင်းချင်း ရန်မဖြစ်ရုံမျှ ငြိမ်းချမ်းမှုမျိုး သာလျင် ဖြစ်ပြီး အနုသယ ကိလေသာကို ငြှိမ်းသတ်ပြီး ရရှိသည့် ငြိမ်းချမ်းမှုမျိုး ကဲ့သို့ နက်နဲမှု မရှိလှသေး။ စစ်မှန်သော ငြိမ်းချမ်းမှုဟု မဆိုအပ် လှသေး။

မည်သို့ပင် ဖြစ်စေ အမျက် ဒေါသ၏ အပြစ် ကို ဗဟုသုတ အားဖြင့် လည်းကောင်း၊ ဘာဝနာ သိ အားဖြင့် လည်းကောင်း သိတန် သမျှ သိထားမှသာ မိမိတို့ အလိုရှိသော ငြိမ်းချမ်းမှုကို ရရှိမည်ဖြစ်ပေ၏။ အမျက်ဒေါသကို ငြိမ်းအေးကြောင်း နည်းလမ်း များ ကိုကား သညာသိ အားဖြင့် လည်းကောင်း၊ ပညာသိ အားဖြင့်လည်းကောင်း မည်သည့် ပုဂ္ဂိုလ်မျိုး မဆို သိအပ် နားလည်အပ် သည် သာလျင် ဖြစ်ပေတော့ သတည်း။




ကိုးကား
တိဿမထေရ်(ယမက၀ဂ်) -ဦးရွှေအောင်
ပုရာဘေဒသုတ်တရားတော်-မဟာစည်ဆရာတော်


.....................

အလှတရား ဘလော့မှ

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Wednesday, 16 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

There was an error in this gadget

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု