MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

လာလှည့်၊ ရှုလှည့်၊ ကြည့်လှည့်တဲ့၊ အဲဒါ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓ ဓမ္မ၊ ဗုဒ္ဓစကား၊ ကမ္ဘာမှာ ရှိရှိသမျှ ဘာသာတွေကို လိုက်ကြည့်၊ စစ်ဆေးပေးပါ၊ ဘယ်မှာမှ ဒီစကားမရှိဘူး၊ အင်္ဂလိပ်စာလုံးလို ပြောရရင်တော့ Come and See ပေါ့၊ သူတို့ဘာသာတွေကတော့ ဒီလိုပြောတယ်- Come and Believe တဲ့၊ လာပြီး ယုံတဲ့၊ အဲဒီမှာကိုက ကွာသွားပြီ၊ ကွဲသွားပြီ၊ ဘာသာအများစုက ဖီလိုဆိုဖီခေါ်တဲ့ အတွေးအခေါ်တွေကို အဓိကထားသည်၊ ကိုးကွယ်မှုကို အလေးပေးသည်၊

လိုက်နာမှုတော့ရှိသည်ပါပဲ၊ သို့သော် အလုပ်တော့ ဖြင့် သိပ်ပြီှးရှာမတွေ့ခဲ့၊ ကိုယ်က မမြင်ခဲ့တာဖြစ်နိုင်သည်၊ ဗုဒ္ဓဓမ္မမှာက ဒီလိုမဟုတ်ဘူး၊ ထပ်ပြောတယ် ၀ိဇ္ဇာစရဏ သမ္ပန္နောတဲ့၊ အတတ်ပညာ အကျင့်နဲ့ပြည့်စုံတယ်တဲ့၊ အတတ်ပညာချည်းရှိသည်မဟုတ်၊ ဖီလိုဆိုဖီလို့ခေါ်တဲ့ အတွေးတွေထဲမှာပဲ နစ်မြုပ်မနေ၊ နောက်က ကပ်လျက်အကျင့်-စရဏက ပါလာ ရသည်၊ ပါလာသည်ပဲ။

ဒါကြောင့်လည်း ဗုဒ္ဓဘာသာသည် အတွေးအခေါ်တွေထက် လက်တွေ့ကိုဦးစားပေးသည်၊ ဘ၀မှာ ဗဟိဒ္ဓစင်ကြယ်မှုတွေထက် အတွင်းအဇ္ဈတ္တကို အသားပေးသည်၊ အများစုဘာသာတွေဟာ သူ့အတိုင်းတာနဲ့သူ လွတ်မြောက်ဘို့ပြောသည်၊ သူတို့လွတ်မြောက်ခြင်းက ဗုဒ္ဓဘာသာနှင့်ကား မတူ ခြားပြန်သည်၊ သူတို့က အလ္လာအရှင်မြတ်နဲ့တွေ့ဘို့၊ ရေရှုခရစ်တော်ထံမှာ ထာဝရအသက်ကို ရဘို့၊ ဗြာဟ္မာကြီးနဲ့ပေါင်းဆုံဘို့ စသည် စသည်ပေါ့၊ သူ့အဓိပ္ပါယ်နဲ့သူ၊ သူ့ခံယူချက်နဲ့သူ ယုံကြည်ကြသည်၊ ယူကြသည်၊ ဗုဒ္ဓဘာသာကတော့ဖြင့် ဒုက္ခဆင်းရဲတွေနဲ့ဖွဲ့တည်ထားတဲ့ ဟောဒီသံသရာစက်ထဲ တစ်ဝဲလယ်လယ် နေရခြင်းမှ လွတ်မြောက်ဘို့ကို ဦးတည်သည်၊ အဲဒီလိုလွတ်မြောက်ဘို့ကိုလည်း ကိုယ့်ဟာကို ကြိုးစားရမည်၊ မည်သူတစ်ဦးတစ်ယောက်ကမှ ကိုယ့်ကို သွားလေရော့ နိဗ္ဗာန်၊ သွားလေရော့ နတ်ပြည်၊ သွားလေရော့ လူ့ပြည်စသည်ဖြင့် ဖန်ဆင်းမပေးနိုင်၊ တန်ခိုးတွေနဲ့ ဆောင်းချည်းမပေးနိုင်။

နိဗ္ဗာန်ရောက်အောင်ကြိုးစားနေသူကိုလည်း မည်သူကမျှ မရောက်ရအောင် မတားမြစ်နိုင်၊ မင်းကို ငါမုန်းတယ်၊ မင်းနိဗ္ဗာန်ကို မရောက်စေရဘူးဟု မတားမြစ်နိုင်ပေ၊ ကုန်ကုန်ပြောရရင် သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသခင်သည်ပင် နိဗ္ဗာန်ရောက်အောင် လူသားတစ်ဦးကို ပုဂ္ဂိုလ်တစ်ဦးကို ဖန်ဆင်းမပေးနိုင်၊ တန်ခိုးဖြင့် မစွမ်းဆောင်နိုင်၊ ဘုရားကိုယ်တော်တိုင်က ပြောထားသည်၊ အတ္တာဟိ အတ္တနော နာထော-တဲ့၊ မိမိကိုယ်သာ ကိုးကွယ်ရာ၊ မိမိကိုယ်သာ အားကိုးရာတဲ့၊ အတ္တသရဏံ၊ အတ္တဒီပံ-တဲ့၊ ကိုယ့်ကိုယ်ကို ကိုးကွယ်၊ ကိုယ့်မီးကိုယ်ထွန်း၊ ကိုယ့်အလင်း ကိုယ်တည်ဆောက်ရမယ်တဲ့။

ဒီနေရာမှာ လူတွေအတော်များများက မှားယွင်းတဲ့အတွေးတွေနဲ့ ပြောတတ်ကြသည်၊ လူ့အဖွဲ့စည်းထဲ မှာနေပြီး နေရာတိုင်းမှာ အတ္တာဟိ အတ္တနော နာထော-ဆိုပြီး ပြောတတ်ကြသည်၊ သာမန် လူတစ်ယောက်အတွက်ကတော့ ဒီစကားက အမြဲမှန်နေတာပါ၊ ပြောစရာမရှိပါဘူး၊ အုပ်ချုပ်သူ ခေါင်းဆောင်သူတစ်ယောက်ဖြစ်လာပြီဆိုရင်တော့ ကိုယ့်တစ်ယောက်ထဲ ကိုယ့်ဟာကို ကောင်းနေလို့ ကိုယ့်ဟာကို အားကိုးနေလို့မရပါဘူး၊ မိမိကောင်းအောင် အရင်ကျင့်သုံးနေထိုင်ပြီး အောက်လက်တွေ တပည့်တွေလည်း ကောင်းအောင်လုပ်ရပါမည်၊ လမ်းညွှန်ရပါမည်၊ ဆုံးမရပါမည်၊ အဖွဲ့အစည်း ကောင်းအောင်သွင်သင်ပြသရပါမည်၊ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ ဆိုသလိုပါပဲ၊ ရှေ့ဆောင်က ကောင်းအောင်ဦးစွာ နေပြ ထိုင်ပြ လျှောက်ပြမှ နောက်လိုက်တွေက အကောင်းနောက်ကို လိုက်နိုင်ပါလိမ့်မည်၊ ဒီလိုမဟုတ်ရင်ပဲ ဦးဆောင်သူ ဖြစ်ပြီး ငါကောင်းနေရင်ပြီးတာပဲဆိုပြီး နေလို့ကတော့ ဘာမှတိုးတက်လာစရာမရှိပါဘူး။

မြတ်စွာဘုရားရှင်ဟာ သာသနာတော်ကို တည်ထောင်သူပါ၊ သူ့မှာကောင်းပြီးသားပါ၊ သူ့အတွက်တစ်ခု တည်းကိုသာ ကြည့်ခဲ့မယ်ဆိုရင်ဖြင့် ဟို…လွန်လေပြီးတဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအထက်ကပင် ဒီပင်္ကရာဘုရားခြေတော်ရင်းမှာ အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ရောက်နိုင်သူပါ၊ သူကောင်းသလို သံသရာထဲ သြဃ၀ဲထဲမှာ နစ်နေကြတဲ့ သတ္တ၀ါတွေကိုလည်း ကောင်းစေလိုတဲ့စိတ်၊ သူ လောကသံသရာထဲက လွတ်မြောက်သလို သတ္တ၀ါတွေကိုလည်း လွတ်စေလိုတဲ့ သူတော်ကောင်း ခေါင်းဆောင်တစ်ဦးရဲ့ စိတ်ထားကြောင့်ပင် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကြာအောင် ပါရမီတော်တွေကို ဖြည့်စွမ်းပြီးသကာလ သဗ္ဗညုဘုရားရှင် ဖြစ်လာခဲ့တာပါ၊ ဘုရားဖြစ်တော့လည်း အလကားမနေခဲ့ပါဘူး၊ ရည်ရွယ်ချက်အတိုင်း တစ်နေ့ကို ၂ နာရီခွဲမျှသာ အနားယူပြီး ၂၁ နာရီခွဲကို သတ္တ၀ါတွေအတွက် တရားတွေဟော၊ သံသယမေးခွန်းတွေ ဖြေရှင်းပေးရင်းနဲ့ 45 နှစ်ကြာအောင် စွမ်းဆောင်ခဲ့တာပါ။

သတ္တ၀ါတစ်ဦး၊ ပုဂ္ဂိုလ်တစ်ယောက် သံသရာထဲက လွတ်မြောက်ဘို့ကတော့ဖြင့် ကိုယ့်အားကိုယ်ကိုးမှ ရပါလိမ့်မယ်၊ ကိုယ့်ဒါနကောင်းဘို့ ကိုယ့်သီလကောင်းဘို့ ကိုယ့်ဘာဝနာ တရားကောင်းဘို့ ကြိုးစား အားထုတ်ခြင်းကိုဖြင့် ဘသူကမှ စွမ်းဆောင်ပေးနိုင်သည် မဟုတ်ပါ၊ ကိုယ်ပဲအဓိက ကောင်းရမှာပါ၊ ကိုယ့်ဒါန ကိုယ်ကိုယ်တိုင် လုပ်ရမယ်၊ ကိုယ့်သီလ ကိုယ်ကျင့်တရား ကိုယ်ကိုယ်တိုင် ကောင်းအောင် စောင့်ထိမ်းရပါမယ်၊ သမထ ဘာဝနာပဲဖြစ်ဖြစ်၊ ၀ိပဿနာကိုပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်း ပွားများ အားထုတ်မှ ကိုယ်ရပါမယ်၊ သူများကို အပွားများခိုင်းလို့ မရပါဘူး၊ ကိုယ့်လွတ်မြောက်ရေးကို ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားအားထုတ်ရပါမယ်၊ အဲဒီနေရာမှာတော့ အတ္တာဟိ အတ္တနော နာထော-ပါ၊ နေရာတိုင်းမှာ အတ္တာဟိ အတ္တနော နာထော- မလုပ်ကောင်းပါဘူး။

ကမ္ဘာပေါ်ရှိ ကိုးကွယ်မှုဘာသာတရားတွေမှာ သူ့ဟာနဲ့သူတော့ အကောင်းတွေ ရှိကြတာချည်း ပါပဲ၊ ကောင်းတယ်လို့ ယုံကြည်နေကြလို့လည်းပဲ ကိုယ့်ဘာသာကိုအမွှန်းတင်ပြီး ရိုသေလေးစားနေကြ တာချည်းပါပဲ၊ ဒီတော့ ဘယ်ဘာသာမကောင်းဘူး၊ ဘယ်ဘာသာကောင်းတယ်ဆိုတာကတော့ လက်ခံတဲ့သူ ယုံကြည်တဲ့သူအပေါ်မှာပဲတည်ပါတယ်၊ မြတ်စွာဘုရားရှင်ဟာ ကိုယ့်ဘာသာတရားကို အမွှန်းတင်ပြီး သူများဘာသာကို နိမ့်ချမှုကို ဘယ်တော့မှမလုပ်ခဲ့ပါဘူး၊ ဘုရားရှင်ရာ ဒုက္ခဆင်းရဲ လွတ်မြောက်ရာ လမ်းစဉ်ကိုရှာခဲ့တဲ့နေရာမှာ သူ့အလိုရှိတဲ့ပန်းတိုင်ဖြစ်တဲ့ သဗ္ဗညုတဥာဏ်တော်ကို ရရှိ အောင် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကြာ ရှာဖွေခဲ့ရပါတယ်၊ အဲဒီအတွက် ပါရမီဆယ်ပါး၊ အပြားသုံးဆယ်ကို အရင်းတည်ခဲ့ရပါတယ်၊ ဖြည့်ကျင့်ခဲ့ရပါတယ်၊ အဒီလိုဖြည့်ကျင့်ပြီးတာတောင်မှ နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘ၀မှာ ဒုက္ကရစရိယာ ခြောက်နှစ်ကြာအောင် ကျင့်ကြံခဲ့ရပါသေးတယ်၊ အဲဒီနောက်မှ ဒီလိုအကျင့်တွေဟာဖြင့် အစွန်းတစ်ဖက်ကို ရောက်နေတဲ့ အမှားဆိုတာတွေသိပြီး မဇ္ဈိမပဋိပဒါလို့ခေါ်တဲ့ အလယ်အလတ်လမ်းစဉ် မဂ္ဂင်ရှစ်ပါးဖြည့်ကျင့်ပြီးတဲ့နောက်မှ သစ္စာလေးပါးကို ပိုင်းခြားခြားထင်ထင် သိတော်မူခဲ့တာပါ။

သိတော်မူပြီးဘုရားဖြစ်တဲ့အချိန်ကနေ ၄၉-ရက်ကြာ ဗောဓိပင်နဲ့အနီးတစ်ဝိုက်မှာ သိရှိတော်မူခဲ့ ပြီးတဲ့တရားတော်တွေကို ဆင်ခြင်သုံးသပ်ပြီးတဲ့နောက် သူသိခဲ့တဲ့အတိုင်း သစ္စာလေးပါးတရားဒေသနာ တော်ကို သတ္တ၀ါတွေသိရှိစေဘို့ နည်းမျိုးစုံအသုံးပြုပြီး ဟောကြားခဲ့ပါတယ်။

ဟောလိုက်တယ်ဆိုရင်ပဲ ဦးစွာပထမ ဘယ်ဟာကိုမှ အစွန်းမထွက်စေနဲ့၊ အလယ်အလတ်လမ်း စဉ်ကို သေချာကျင့်ကြ၊ ဘ၀ဆိုတာ ရလာတာနဲ့ ဆင်းရဲပြီးသားပဲ၊ အဲဒီဆင်းရဲတွေမှာ ပဋိသန္ဓေနေရတာလည်း ဒုက္ခသစ္စာအမှန်၊ အိုရတာလည်း ဆင်းရဲအမှန်၊ နာရတာလည်း ဆင်းရဲအမှန်၊ သေရတာလည်း ဆင်းရဲအမှန်၊ ချစ်တဲ့သူတွေနဲ့ ကွဲကွာနေရတာ၊ မချစ်တဲ့သူတွေနဲ့ ပေါင်းဆုံနေကြရတာလည်း ဆင်းရဲအမှန်၊ ခြုံကြည့်ရင် ဟောဒီရလာတဲ့ ဥပါဒါနာက္ခန္ဓာငါးပါးလုံးဟာ ဆင်းရဲတွေချည်းပဲ၊ ဒီသစ္စာအမှန်ကိုတော့ ဒုက္ခအရိယသစ္စာလို့ခေါ်ပါတယ်။ ဒီကနေ လွတ်အောင် ကျင့်ကြလို့မိန့်တော်မူခဲ့တာပါ။

ဆင်းရဲအမှန်ကိုသာ ဟောပြခဲ့တာမဟုတ်ပါဘူး၊ ဒီဆင်းရဲတွေဘာကြောင့်ဖြစ်တယ်၊ ဘယ်က အရင်းခံတယ်ဆိုတာကိုလည်း ဟောကြားတော်မူခဲ့တာပါပဲ၊ ဆင်းရဲတွေကို ဖြစ်ပေါ်စေတာဟာ လိုချင်တဲ့တဏှာသမုဒယကြောင့်ဖြစ်တယ်၊ ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာ ဒီတဏှာတွေကြောင့်ပဲ ဘ၀တွေအကြိမ်ကြိမ်ဖြစ်၊ ဆင်းရဲဒုက္ခတွေ အကြိမ်ကြိမ်တွေ့နေကြရတာပါပဲ၊ ဒါဟာလည်း အမှန်တရားတစ်ခုပါပဲ။ အဲဒီဘ၀ကိုဖြစ်ပေါ်စေတဲ့ အမှန်တရားဟာ ဒုက္ခသမုဒယ အရိယသစ္စာပါပဲ။

ဒီဆင်းရဲတွေ ချုပ်ငြိမ်းတဲ့နေရာကို နိဗ္ဗာန်လို့ခေါ်ပါတယ်၊ အဲဒီနိဗ္ဗာန်ကိုရောက်ပြီဆိုရင်ဖြင့် ဘ၀ပြတ်သွားပါပြီ၊ နောက်ထပ် ဘ၀တွေမလာတော့ပါဘူး၊ ဘ၀တွေ မလာတော့ဘူးဆိုရင် ဆင်းရဲတွေလည်း ကင်းသွားပါပြီ။ တကယ့်ကို ငြိမ်းအေးတဲ့ သန္တိသုခကို ရသွားကြပါပြီ၊ အဲဒီအမှန်တရားကိုတော့ ဒုက္ခနိရောဓအရိယသစ္စာ = ဒုက္ခတွေကင်းပြတ်ချုပ်ငြိမ်းခြင်းလို့ဆိုပါတယ်။

ငြိမ်းအေးခြင်းအမှန်တရား နိဗ္ဗာန်ကိုသာ ဟောခဲ့တာမဟုတ်ပါဘူး၊ အဲဒီကိုရောက်စေနိုင်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားလို့ခေါ်တဲ့ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကို သွားရာလမ်းဖြစ်တဲ့ ဒုက္ခနိရောဓပဋိပဒါ ခေါ်တဲ့ မဂ္ဂအရိယသစ္စာ- ကိုလည်း ဟောပြတော်မူခဲ့ပါတယ်၊ အဲဒီလမ်းကတော့-

၁။ မှန်သောအမြင် - သမ္မာဒိဋ္ဌိ

၂။ မှန်သော အကြံ - သမ္မာသင်္ကပ္ပ

၃။ မှန်သော အပြော - သမ္မာဝါစာ

၎။ မှန်သော အလုပ် - သမ္မာကမ္မန္တ

၅။ မှန်သော အသက်မွေးမှု - သမ္မာအာဇီဝ

၆။ မှန်သော လုံ့လကြိုးကုတ်အားထုတ်မှု - သမ္မာဝါယာမ

၇။ မှန်သော သတိ၊ မှန်သော အောက်မေ့ အမှတ်ရမှု - သမ္မာသတိ

၈။ မှန်သော တည်ကြည်မှု - သမ္မာသမာဓိ

ဒီတရားတွေကို ကြည့်ကြပါ၊ ဘယ်နားမှာမကောင်းတာရှိပါသလဲ၊ ဘယ်နားမှာ မှားနေပါသလဲ၊ ဘယ်လိုမျိုးဝေဖန်ကြပါမလဲ၊ ဝေဖန်ဆန်းစစ်ကြည့်ကြပါ၊ လာလှည့် ကြည့်လှည့်ပါ၊ ဆန်းစစ်ပါ၊ လောကမှာ ပြုပြင်ပြောင်းလဲလို့ ရတဲ့အရာမှန်သမျှ တေဘူမက သင်္ခါရအားလုံးဟာ အနိစ္စ - အမြဲမရှိပါဘူး၊ ဒုက္ခ - ဆင်းရဲနေကြတာပါ၊ အဲဒါတွေ အားလုံး ကိုယ်တစ်ခုမှမပိုင်ဘဲနဲ့ သူ့သဘာဝအတိုင်း ရွေ့ရှားနေကြတာပါပဲ၊ မအိုချင်လည်း မနေရ၊ မနာချင်လည်း မနေရ၊ မသေချင်လည်း မနေရပါဘူး၊ အိုခြင်း နာခြင်း သေခြင်းတရားတွေနဲ့ အမြဲမပြတ်ဆက်ဆံနေရတာပါ၊ အနတ္တချည်းပါပဲ၊ ပိုင်ဆိုင်တာကတော့ ကိုယ်လုပ်တဲ့အမှုဖြစ်တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ၊ ဒီကံသုံးပါးပါပဲ။

ဘုရားက လာကြည့်ကြလို့ပဲပြောတာပါ၊ လာပြီး ယုံကြည်လက်ခံကြလို့မပြောပါဘူး၊ ယုံချင်ယုံ၊ လက်ခံလိုက လက်ခံ၊ အရမ်းကာရောတော့ လက်မခံလေနဲ့၊ ကိုယ့်ဟာကို ဆန်းစစ်ဝေဘန် အကြိမ်ကြိမ် ကျင့်ကြံပြီးမှ အကောင်းအဆိုး အကြောင်းအကျိုးညီမှ လက်ခံလို့ပြောခဲ့ပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ မှတ်ကြောက်တစ်ခုသဖွယ်ဖြစ်တဲ့ အချက်လေးတွေ ဆက်လေ့လာလိုက်ပါဦး။

တစ်ခါတုန်းက မြတ်စွာဘုရားသခင်ဟာ ကာလာမမျိုးနွယ်စုတွေ နေထိုင်ကြတဲ့ ကေသမုတ္တိနိဂုံး၊ ကေသမုတ္တိရွာကို ကြွရောက်လာပါတယ်၊ အဲဒီခေတ်ကလည်း ကိုယ့်ကိုယ်ကို ဘုရားအမည်ခံ၊ ဇိနအမည်ခံပုဂ္ဂိုလ်တွေကများ၊ သူ့တရားသူဟော၊ ကိုယ့်ကိုယ်ကို ငါဗုဒ္ဓ၊ ငါဘုရားနဲ့ ရပ်သူရွာသားတွေဟာ ဘယ်ဟာက တကယ့်ဘုရားအစစ်ဆိုတာကို မဝေခွဲနိုင်ကြပါဘူး၊ မြတ်စွာဘုရား ကိုလည်း အရှင်ကသာ ဗုဒ္ဓဘုရားပါလို့ပြောနေ၊ အကျွန်ုပ်တို့ရွာကိုဖြင့် အရှင်လိုဘုရားတွေ ကြွလာခဲ့ပေါင်း မရေတွက်နိုင်ပါဘူး၊ သူတို့တရားတွေကလည်း တစ်မျိုးစီ တစ်မျိုးစီ ဖြစ်နေလို့ မှတ်လို့လည်း မနိုင်၊ ဘယ်ဟာက အမှား၊ ဘယ်ဟာက အမှန်ဆိုတာလည်း အကျွန်ုပ်တို့ မဝေခွဲနိုင်တော့ပါလို့ လျှောက်ကြလေတယ်။

ဒီတော့မြတ်စွာဘုရားက

အိုကာလာမလူမျိုး အမျိုးကောင်းသားတို့--- သင်တိုသည် လက်ခဲကျင့်သုံးအပ်သော အမှန်တရားဓမ္မတို့ကို ဒီ(၁၀)ချက်ဖြင့်ဆင်ခြင်စီစစ်ပြီးတော့ ဆုံးဖြတ်အားထုတ်ပြီးတော့ နေထိုင်ကြပါ ကုန်လော့ဟု မိန့်တော်မူခဲပါတယ်။

၁။ ရှေးစကားဖြစ်ရုံနဲလည်း အယူဝါဒ တခုကိုလက်မခံလိုက်ပါနဲ့အုံး။

၂။ ဓလေ့ထုံးစံ ဖြစ်ရုံနဲ့လည်း အားလုံးကို အမှန်ဖြစ်တယ်လို့ ယူဆပြီး လက်ခံကျင့်သုံး ခြင်းမပြူပါနဲ့အုံး။


၃။ လူသိထင်ရှား နာမည်ကျော်ကြားရုံးနဲ့ မစူးစမ်းမဆင်ခြင်ဘဲ အဲဒီအယူဝါဒကို

လက်မခံပါနဲ့အုံး။

၎။ ရှေးဟောင်းစာပေးကျမ်းဂန်းတွေထဲမှာ ရေးထားတာဘဲဆိုပြီးတော့လဲ အလွယ်တကူနဲ

လက်မခံလိုက်ပါနဲ့အုံး။

၅။ မိမိရဲ့ဥာဏ်နဲတွေးခေါ်ကြံဆတဲ့ အယူအဆတွေကိုလည်းပဲ မှန်လှပြီ ဟုတ်လှပြီလို့ မသပ်မှတ်ပါနဲ့အုံး။

၆။ အမှီပြုအပ်တဲနည်းနာ နိဿယတွေ အကြောင်းပြချက်တွေရှိနေတာဘဲ ဆိုပြီးတော့ လည်း အလွယ်တကူနဲ့ လက်ခံမှု့ မပြူပါနဲ့အုံး။

၇။ မိမိဘာသာ တွေးခေါ်စဉ်စားပြီး ဟုတ်လှပြီ မှန်လှပြီလို့ သဘောကျနပ် နှစ်ခြိုက်ရုံလေးနဲ့ လက်မခံပါနဲ့အုံး။

၈။ မိမိရဲ့ တွေးခေါ်စဉ်စားမူ့တွေနဲ့ တစ်ထပ်ဘဲဆိုပြီးတော့လည်း လက်မခံလိုက်ပါနဲ့အုံး

၉။ အများက လေးစားရိုသေလေးစားအပ်တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ပြောစကားတွေပဲ ဆိုပြီးတော့ လည်း မဆင်ခြင်ဘဲ မယုံကြည်လိုက်ပါနဲအုံး။

၁၀။ ငါတို့ရင်နှီး ကျွမ်းဝင်ခင်မင်တဲ့ ငါတို့ဆရာသမားတွေကပြောတာဘဲဆိုပြီးတော့ လည်းအပြီး သတ်မှတ်လက်ခံ ယုံကြည်မူကိုမပြူလိုက်ပါနဲအုံး။

ကိုယ်တိုင်ကိုယ်ကျ သိတဲ့အသိကို ကျင့်ပြီးမှ ဒါဟာ အကောင်း၊ ကုသိုလ်ဖြစ်တယ်၊ အပြစ်ကင်းတယ်၊ ဒါဟာ မကောင်းဘူး အကုသိုလ်ဖြစ်တယ်၊ အပြစ်မကင်းဘူး၊ အဲဒီလိုသိတဲ့အခါမှ အကောင်းကိုကျင့်၊ အပြစ်ကိုခွါ မကောင်းတာတွေကို ပပျောက်အောင်လုပ် အကောင်းအဆိုး ကိုယ်တိုင်သိရှိမှ ယုံကြည်မှ ဆက်လုပ်ကြဟု မိန့်မှာတော်မူခဲ့ပါတယ်။

ဒါဟာ ဗုဒ္ဓစကားပါပဲ၊ သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားရဲ့စကားတွေပါပဲ၊ ဒါကြောင့်မို့ ဧဟိ ပဿကော = လာလှည့် ကြည့်လှည့် ရှုလှည့်- ဟု ဖိတ်ခေါ်ရပါကြောင်း……

12. 12. 2009

ပို့စ်တင်သူ ။.............။ thadawa on Wednesday 11 April 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု