ဗုဒ္ဓမြတ်စွာကို
563 BC ၌ အန္ဒိယမြောက်ပိုင်း သကျနိုင်ငံတော် (ခုခေတ် နီပေါနိုင်ငံ) တွင်
ဖွားမြင်တော်မူ ခဲ့ပါသည်။ ခမည်းတော်မှာ သကျနိုင်ငံတော်၏ အရှင် ဘုရင်
သုဒ္ဓေါဒနဖြစ်ပြီး မယ်တော်ကတော့ မဟာမာယာဒေဝီဖြစ်ပါတယ်။ သူ၏ ကိုယ်ပိုင်
အမည်မှာ သိဒ္ဓတ္ထဖြစ်ပြီး မျိုးနွယ်အမည်ကတော့ ဂေါတမဖြစ်သည်။ ထိုခေတ်က
ထုံးစံအတိုင်း သက်တော် တဆယ့်ခြောက်နှစ်အရွယ်တွင် အလွန် ချောမော လှပပြီး
သစ္စာတရားကြီးမားလှသည့် ယသောဓရာဒေဝီနှင့် ရွှေလက်ဆက်တော်မူခဲ့သည်။
နန်းတော်၌
စည်းစိမ်ချမ်းသာ အပြည့်ဖြင့် ချမ်းချမ်းသာသာ စံမြန်းရသော်လည်း ဘဝ၏
တကယ့်အမှန်တရားနှင့် လူသားထု၏ ဒုက္ခကို ရုတ်တရက် ကြုံတွေ့တော်မူရသောအခါ
ထိုဒုက္ခတို့မှ လုံးဝ လွတ်မြောက်ရာကို ရှာဖွေရန် သူ ဆုံးဖြတ်ချက် အခိုင်အမာ
ချခဲ့သည်။ ထို့ကြောင့် သက်တော် နှစ်ဆယ့်ကိုးနှစ်တွင် ရွှေနန်းတော်က သူ့ဘဝကို
စွန့်လွှတ်တော်မူကာ ရဟန်းအဖြစ်သို့ပြောင်း၍ ဒုက္ခခပ်သိမ်း ကင်းပြတ်ငြိမ်းရာ
နိဗ္ဗာန်ကို ရှာဖွေတော်မူခဲ့သည်။ ထိုခေတ်က အကျော်ကြားဆုံး ဆရာများထံတွင်
သူတို့သင်ပေးနိုင်တာ မှန်သမျှ သင်ယူ ကျင့်ကြံခဲ့သည်။ မကြာမီ
ဆရာများကိုယ်တိုင်က သူတို့နှင့် တန်းတူရည်တူအဆင့်တူ ဟု အသိအမှတ်ပြုကြသည်။
ရှာဖွေနေသည့် အလုံစုံ လွတ်မြောက်ရာ၊ ဒုက္ခအားလုံး ကုန်ဆုံးရာ နိဗ္ဗာန်ကို
မရသဖြင့် ထိုဆရာများကို စွန့်ကာ ကိုယ်တော်တိုင် နည်းလမ်း ရှာဖွေ ကျင့်ကြံ
အားထုပ်ခဲ့သည်။ သက်တော် ၃၅ ၌ သိစရာမှန်သမျှ မကျန်ရအောင် ကိုယ်တော်တိုင်
ထိုးထွင်း၍ သိတော်မူသော ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။
ဗုဒ္ဓဖြစ်တော်မူသည်မှစ၍
(၄၅) ကြာ လူအများ အကျိုးစည်းပွား တိုးပွားစေရန်နှင့် ချမ်းသာသုခ ရကြစေရန်
တရားဒေသနာများ မနေမနား ဟောကြားဆုံးမတော်မူခဲ့ပါသည်။ အမျိုးသားနှင့်
အမျိုးသမီး၊ ဘုရင်နှင့် ကျေးတော် ကျွန်တော်၊ ဇာတ်မြင့်နှင့် ဇာတ်နိမ့်၊
ပညာရှိနှင့် ပညာမဲ့၊ သူဌေးနှင့် ဆင်းရဲသား၊ ကြည်ညိုသူနှင့် မကြည်ညိုသူ၊
ရုပ်ချောနှင့် ရုပ်ဆိုး အမျိုးမျိုးသော လူတို့ကို အတန်းအစား လုံးဝ
မခွဲခြားပဲ ဟောကြားဆုံးမတော်မူခဲ့ပါသည်။
ဟောကြားတော်မူရာတွင်
ပြဿနာတစ်ရပ်ကို ခွဲခြမ်းစိတ်ဖြာ စိစစ်ပြသည်။ ပြီးမှ စည်းစနစ်ကျကျ
ပေါင်းစပ်ပြကာ ရှင်းလင်းလွယ်ကူစွာ အဓိပ္ပါယ်ဖေါ်ပေးသည်။ ဗုဒ္ဓသည် Socrati
မမွေးမီကပင် Socratic Method ဟု ယခု လူသိများသည့်နည်း (Dialogue ပုံစံ)
ဖြင့် သင်ကြား ဟောပြခဲ့ပါသည်။ အပြန်အလှန် ဟောပြော ဆွေးနွေးမှုတွင် ဗုဒ္ဓကို
မည်သူမျှ မတုမီနိုင်ပါပေ။ ထို့ပြင် ပုဂ္ဂိုလ်အလိုက် စရိုက်နှင့်
လျော်ညီအောင်၊ ဥာဏ်အနု အရင့်၊ ခံယူနိုင်စွမ်းတို့ကိုကြည့်၍ ဟောပြသည်။
တရားရမည့်သူရှိပါက အလွန်ဝေးကွာသော အရပ်သို့တိုင် ကြွရောက်ဟောပြသည်။
ပရိနိဗ္ဗာန် စံတော့မည့်ဆဲဆဲ (ကွယ်လွန်ရန် မိနစ်ပိုင်းအလို) အထိ
သူ့တရားတော်နှင့် ပတ်သက်၍ သံသယရှိပါက မေးကြရန်၊ နောင်မှ
မမေးလိုက်ရလေခြင်းလို့ စိတ်မကောင်း မဖြစ်ကြရန် မိန့်ကြားတော်မူခြင်းကား
ကြားနာရသူတို့၏ စိတ်နှလုံးကို ထိရှစေသည်။ သူ၏ ဥာဏ်ပညာနှင့် မဟာကရုဏာတို့
မည်မျှကြီးမားတော်မူကြောင်း သတိမထားမိ မရှိရအောင်ပင် ဖြစ်သည်။
သို့ကြောင့်ပင် ဗုဒ္ဓကို စံတုမမီသည့် ဆရာ ဟု ချီးမွမ်းထောမနာကြပါတယ်။
ဗုဒ္ဓသည်
လူ့ဘဝဆိုတာ ရခဲလှတဲ့အရာပါလို့ ဘဝတန်ဖိုးကို ဖော်ထုပ်ပြခဲ့သည်။ ဒါ့အပြင်
ဆန္ဒ၊ ဝီရိယနှင့် တကယ်လုပ်က ဘုရားပင် အဟုတ်ဖြစ်နိုင်ကြောင်း ပြကာ လူသား၏
စွမ်းဆောင်ရည်ကို အသိအမှတ်ပြု မြှင့်တင်ပေးခဲ့သည်။ လူ့ကိုယ်ကျင့်သိက္ခာ
ပြည့်ဝပါက နတ်တို့အရှင် သိကြားမင်းသည်ပင် ရိုသေလေးမြတ်ရကြောင်း
ထုပ်ဖော်ပြခဲ့သည်။ သူကိုယ်တိုင်က ဘုရားမဖြစ်မီ မင်းသားဖြစ်ခဲ့သော်လည်း
ကျွန်စံနစ်ကို တော်လှန်ခဲ့သည်။ ဇာတ်ခွဲခြားသည့် စနစ်ကို စိန်ခေါ်ခဲ့သည်။
သမိုင်းတွင် အမျိုးသမီးတို့၏ အခွင့်အရေးကို ပထမဆုံး မြှင့်တင်ပေးခဲ့သည်။
လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ကောင်း မကောင်း၊ မှန်
မမှန်၊ တရားနည်းလမ်းကျ မကျ စီစစ် ဝေဖန်ခွင့်ကို ပေးခဲ့သည်။ ဥပမာ -
ကျန်းဂန်ထဲမှာ ပါလို့ ဒါသာလျှင်မှန်တယ်၊ ဒါကတော့ ဒို့ဆရာကြီး ပြောတာမို့
ဒါသာလျှင်မှန်တယ်လို့ မယူဆရ၊ မမှတ်ရဘူး ဆိုတာမျိုးတွေပါ (ကာလာမသုတ်၊
အင်္ဂုတ္ထုရ်ပါဠိ)။ တထာဂတ (ဘုရား) ကိုပင် ဘုရားဟုတ် မဟုတ် စီစစ်ပြီးမှ ယုံပါ
(ဝီမံသကသုတ်၊ မဇ္ဈိမနိကာယ်၊ သုတ်အမှတ် ၄၈) ဆိုတာမျိုးကတော့ လွတ်လပ်ခွင့်
ပေးတဲ့နေရာမှာ စံတုမမှီပါပဲ။ ဒါကြောင့် သူ၏ တပည့်သာဝကများသာမက
တပည့်မဟုတ်သူများပါ (ဗုဒ္ဓလက်ထက်ကရော ခုခေတ်ပါ) လေးစား အသိအမှတ်ပြုကြရပါတယ်။
သက်တော်ရှစ်ဆယ်အရွယ်
483 BC ၌ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သူ၏ တရားဒေသနာတော်များကို
တပည့်သာဝကကြီး ငါးရာက စုပေါင်းတည်းဖြတ် ရွတ်ဆို အတည်ပြုခြင်း သံဂါယနာ
တင်တော်မူခဲ့ကြသည်။ ထိုဒေသနာတော်များကို ဓမ္မ ဝိနယ (နည်းလမ်းနှင့် စည်းကမ်း)
ဟု တစ်မျိုး၊ နိကာယ်ငါးရပ် (Five Collections) ဟု တသွယ်၊ ပိဋကတ်သုံပုံဟု
တစ်ဖုန် မျိုးစုံသော နာမည်တို့ဖြင့် ခေါ်ဝေါ်ခဲ့ကြပါတယ်။ ခေတ်ပညာရှင်အချို့က
ဗုဒ္ဓ၏ တရားတော်များကို Religion (ဘာသာတရား) လို့ ယူဆပြီး အချို့ကတော့
Philosophy လို့ ယူဆကြပြန်ပါသည်။ ဗုဒ္ဓဘာသာဟာ ဖန်ဆင်းရှင်ကို လုံးဝကို
လက်မခံတာကြောင့် religion ဆိုတဲ့ ဘာသာမျိုး မဟုတ်ကြောင်း ခပ်စောစောကပင်
ဗုဒ္ဓစာပေပညာရှင်တွေက ပြောထားခဲ့ကြပါတယ်။ သို့သော်လည်း မည်သို့ပင် ခေါ်ခေါ်
ဘယ်လိုပင် ပြောပြောပါ၊ မြတ်ဗုဒ္ဓ၏ တရားတော်တို့ကား လောဘဖြစ်ကြောင်း၊
ဒေါသဖြစ်ကြောင်း၊ မောဟဖြစ်ကြောင်းများ၊ မကောင်းသော စိတ်အညစ်အကြေးတို့
အနည်းငယ်မျှပင် မပါဝင်လို့ ကြားရ နာရ လေ့လာဖတ်ရှုရသူတို့၏ စိတ်နှစ်လုံးကို
အေးငြိမ်းစေခြင်းရသကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ အခြားတစ်ဖက်မှာတော့
ဒုက္ခခပ်သိမ်းမှ လွတ်မြောက်မှုဆိုတဲ့ ဝိမုတ္တိသုခကိုလည်း ရစေနိုင်ပါတယ်။
ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ်ထဲမှာ ရှိတ်စပီယားပေးခဲ့တဲ့ နှင်းဆီပန်း
ဥပမာလေးလိုပေါ့။
သူ့အမည် ကြိုက်ရာပေး၊ မွှေးမြဲ မွှေးမည်သာ"
What's in a name? That we call a rose.
By any other word would smell as sweet.
ဒါကြောင့်လဲ
ရှည်လျှားလှတဲ့ သမိုင်းကြောင်းတခုလုံးမှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ရတဲ့
စစ်ပွဲဆိုတာ မရှိဘူးလို့ သမိုင်းသုတေသီတွေက ဆိုကြပါတယ်။ ဗုဒ္ဓရှင်တော်မြတ်
ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို လေ့လာကြည့်တဲ့ အခါ ဘယ်တုန်းကမှ
အကြောက်တရားနှင့် သူ့နောက်ဆွဲခေါ်တာ မတွေ့ရပါဘူး။ ဘယ်တော့မှ လာပြီး
ငါ့ကိုယုံကြည်စမ်းပါ (come and believe) လို့ မခေါ်ဘူး။ လာပြီး ကြည့်ပါ
(come and see) လို့သာ ဖိတ်ခေါ်ပါတယ်။ လာ၊ စစ်ဆေး၊ အားထုပ်ကြည့်၊ ကြိုက်မှ
ယုံပါတဲ့။ သူ့ရဲ့ ဓမ္မဟာ အဲဒီလို ဖိတ်ခေါ်ရဲတဲ့ ဂုဏ် အရည်အချင်းနှင့်
ပြည့်စုံပါတယ်။
ဗုဒ္ဓဟောကြား
ဆုံးမ သင်ပြတော်မူခဲ့သော တရားတော်များကို ခုခေတ် လူသုံးများသည့်
ဝေါဟာရဖြင့် "ဗုဒ္ဓဘာသာ" လို့ ခေါ်ကြပြီး ဗုဒ္ဓ၊ ဓမ္မ၊ သံဃာကို
သက်ဝင်ယုံကြည်ကြကာ သူ၏ ဓမ္မအတိုင်း လိုက်နာကျင့်ကြံ နေထိုင်ကြသူတို့ကို
"ဗုဒ္ဓဘာသာဝင်" လို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ ဘုရားအလိုတော်ကျ
ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ကတော့ တကယ်ကိုပဲ ခက်မယ်လို့ ထင်မိပါတယ်။ နောင်
အဆင်သင့်တဲ့ အချိန်မှာ ဒီအကြောင်း ဆွေးနွေးတင်ပြဖို့ ရည်ရွယ်ထားပါတယ်။
ဘုန်းဉာဏ်
Sitiawan, Malaysia
29/ 04/ 2010
ရည်ညွှန်း။
0 ( မှတ်ချက်ရေးချင်ရင် )